ဦးသိန်းအောင် (သံဖြူဇရပ် မဲဆန္ဒနယ်) ဆွေးနွေးခြင်း

ဦးသိန်းအောင် (သံဖြူဇရပ် မဲဆန္ဒနယ်) ။    ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ကြွရောက်လာကြသော ဝန်ကြီးများ၊ ဧည့်သည်တော်များ၊ လွှတ်တော်ကိုယ်စား လှယ်များကို လေးစားစွာ ဂါရဝပြုရင်း နှုတ်ခွန်းဆက်သပါတယ်။ မင်္ဂလာပါဟု နှုတ်ခွန်းဆက်သ ဂါရဝပြုပါတယ်။

ကျွန်တော်ကတော့ မွန်ပြည်နယ်၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေ၏ သမ္မတလတ်မှတ် ရေးထိုးထုတ်ပြန်သော အမိန့်များကို ရက် ၉၀ အတွင်း အကောင်အထည်ဖော်ရန် တိုက်တွန်းသော အဆိုကိုထောက်ခံဆွေးနွေးဖို့ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ဟာ သက်တမ်းအားဖြင့် တစ်နှစ်ခွဲကျော်ခန့်ရှိခဲ့ပါပြီ။ ထိုကာလအတွင်း ပြည်သူ အတွက် လိုအပ်သော ဥပဒေများစွာ၊ အဆိုများစွာ၊ တိုက်တွန်းမှုများစွာ ထုတ်ပြန်ခဲ့ပါတယ်။ ထိုသို့ အဆိုများ၊ ဥပဒေများကို အကောင်အထည်ဖော်နိုင်ဖို့လည်း ရေးရာကော်မတီများ အသီးသီးဖွဲ့ပြီး လုပ်ဆောင်ခဲ့ပါတယ်။ လွှတ်တော်ရဲ့လုပ်ရပ်များဟာ အလွန်အားရဖွယ်ရာ၊ ကျေနပ်ဖွယ်ရာ ဆောင် ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်သာကြာခဲ့သော်လည်း လုပ်ငန်းအကောင်အထည် ဖော်မှုဟာ အလွန် အားနည်းတာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် ဥပမာပြရရင် ချောတိုင်တက်သလိုပါဘဲ။ အပေါ် တက်ပေမဲ့ အောက်ကိုလျောကျနေတဲ့သဘော ဖြစ်နေပါတယ်။ ဘေးကကျွန်တော်တို့ကို ဆွတ်ခူးဖို့ လုပ်ချိန်မှာ အောက်ချောကျသွားတဲ့အတွက် အားမလိုအားမရ ဖြစ်နေကြရပါတယ်။ အဲဒီ အထဲက အရေးကြီးတဲ့အချက် ၃ ချက်လောက်ကို ကျွန်တော်ဆွေးနွေးတင်ပြလိုပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။

(၁)အချက်ကတော့ အုပ်ချုပ်ရေးမှူးကိစ္စဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှူးကိစ္စတွေမှာ ပြည်သူ တို့ဆန္ဒနဲ့မကိုက်ညီဘဲ ယခင်အုပ်ချုပ်ရေးမှူးအဟောင်းအတိုင်းသာ တည်ရှိနေပါတယ်။ ပြည်သူတို့ မကြိုက်သော ယခင်စနစ်အတိုင်း အုပ်ချုပ်သူအာဏာပိုင်တို့က ရွေးချယ်သောသူများသာ ပြည်သူ့ ဆန္ဒနှင့်ဆန့်ကျင်ပြီး အုပ်ချုပ်နေပါတယ်။ အုပ်ချုပ်ရေးမှူးစည်းမျဉ်းဥပဒေပါတဲ့ အချက်အလက်များ နှင့်လည်း ဆန့်ကျင်ဘြက်ဖစ်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကချမှတ်တဲ့ အုပ်ချုပ်ရေးမူ ဥပဒေနှင့် ကိုက်ညီစွာဖြစ်ဖို့ လိုအပ်နေပါကြောင်း တွေ့ရှိပါတယ်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ ပြည်သူ့အကျိုး ဦးထိပ်ထားရင် ဒီကိစ္စဟာ လွယ်ကူစွာ အကောင်အထည်ပေါ်လာမယ်လို့ ယုံကြည် ပါတယ်။ အုပ်ချုပ်ရေးကိစ္စမှာ အခြားညွှန်ကြားချက်တွေ ဆုံးဖြတ်ချက်တွေ ရှိခဲ့ပါတယ်။ အကောင် အထည်ပေါ်လိုတဲ့ ရှေးအစဉ်အလာစိတ်ကိုစွဲပြီး အကောင်အထည် မဖေါ်ကြတာကို ဝမ်းနည်းစွာ တွေ့နေရပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးကိစ္စတွေမှာ ရှေးရိုးစွဲ၊ ပါတီစွဲ ဝါဒစွဲတွေ ပယ်ဖို့၊ အစိုးရ အမှုထမ်းတွေရဲ့ စိတ်ထားကို ပြင်ဖို့လိုနေကြောင်း တင်ပြလိုပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။

ဒုတိယအချက်ကတော့ လယ်သမားအရေး၊ လယ်ယာမြေအရေးကိစ္စဖြစ်ပါတယ်။ ကျွန်တော် တို့ပြည်သူတွေဟာ တပ်မတော်ကို ချစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ တပ်မတော်သားများဟာ ပြည်သူကမွေးထုတ်ပေးထားတဲ့ သားသမီးတွေဘဲ။ ပြည်သူနှင့် တပ်မတော်၊ တပ်မတော်နှင့် ပြည်သူ ခွဲခြားလို့မရနိုင်ပါဘူး။ ပြည်သူက သားသမီးလို တပ်မတော်ကို ချစ်ပါတယ်။ တပ်မတော်က လိုတယ်ဆိုရင် ပြည်သူတွေက လယ်တွေယာတွေကို ပေးဖို့အသင့်ပါ။ တကယ်လို့ အသုံးလိုလို့ လယ်ယာသိမ်းတာတွေကို ပြည်သူတွေက ကျေနပ်ပါတယ်။ ဒါပေမဲ့ အမြင်မကောင်းအောင် လိုအပ် တာထက်  အလွန်ပိုမိုသိမ်းခဲ့တာတွေကိုတော့ ပြည်သူကိုနစ်နာစေခဲ့ပါတယ်။ ဆိုလိုတာက ပိုလျှံ သိမ်းထားတဲ့ လယ်တွေကို မူရင်းလယ်သမား မူလပိုင်ရှင်များကို အငှားချ ခေါင်းပုံဖြတ်နေတာ တွေကိုတော့ လယ်သမားပြည်သူက ရင်ထဲမှာငိုရှိုက်သံနှင့် ကြည့်နေကြ၊ လုပ်ကိုင်နေကြရပါတယ်။ ပွဲကကြည့်မကောင်းပါဘူး။ ဒါ့ကြောင့်တပ်မတော်က လိုတာကိုယူသိမ်းပြီး မလိုတာ ပိုတဲ့လယ်ယာ တွေကို မူရင်းလယ်အမားများကို ပြန်ပေးဖို့လိုပါတယ်။ ထို့အတူ အခြားသော အုပ်ချုပ်ရေးဌာန အတွက်နှင့် အခြားပုဂ္ဂလိကကုမ္ပဏီများ ပေါင်းပြီးသိမ်းထားကြတဲ့ လယ်မြေတွေကိုလည်း မူရင်း လယ်သမား အကျိုးအတွက် ပြန်လည်ပေးသင့်ပါတယ်။ တလောက လယ်ယာမြေသိမ်းခြင်းသည် ဥပဒေအရ ဖြစ်သည်ဟု ဝန်ကြီး‌ ဖြေကြားချက်ကို ကြားခဲ့ရပါတယ်။ ဒါကိုကျွန်တော်တို့လက်ခံပေမဲ့ ပိုပြီးသိမ်းတာတွေကိုပါ တရားဝင်တယ် ဆိုရင်တော့ ပြည်သူတွေက လက်ခံမှာမဟုတ်ပါဘူး။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။

တတိယအချက်ကတော့ ငြိမ်းချမ်းရေးကိစ္စပါ။ တိုင်းပြည်အတွက် အရေးကြီးသောကိစ္စပါ။ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်အပါအဝင် နိုင်ငံမှာငြိမ်းချမ်းရေးရဖို့ကို ကြိုးပမ်းခဲ့ပါ တယ်။ အမိန့်လည်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်အထိ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး အလင်း ရောင်မမြင်ရသေးပါ။ လွတ်လပ်ရေးရပြီးချိန်မှ-

ဥက္ကဋ္ဌ။           ။ ဦးသိန်းအောင်ခင်ဗျာ။ ဆွေးနွေးတဲ့အဆိုခေါင်းစဉ်နဲ့ ကိုက်ညီအောင် ဆွေး နွေးဖို့ဖြစ်ပါတယ်။ တင်ပြသွားတဲ့ဆွေးနွေးမှုတွေဟာ ဦးတင်ထွဋ် ဇလွန်မဲဆန္ဒနယ်က ဆွေးနွေးတဲ့ ကိုယ်စားလှယ်ပေါင်း ၄၆ ယောက် ဆွေးနွေးပြီးလို့ အဖြေရှာဆောင်ရွက်နေပြီဖြစ်ပါတယ်။ အခု ဆက်ပြီးတော့ တင်ပြမယ့် ငြိမ်းချမ်းရေးကိစ္စကလည်း ဒီအဆိုခေါင်းစဉ်နဲ့ မသက်ဆိုင်ပါဘူး။ ဆက် လက်ဆွေးနွေးဖို့ လိုအပ်တယ်လို့ ယူဆလို့ရှိရင် အဆိုခေါင်းစဉ်နဲ့ သက်ဆိုင်တာပဲ ဆွေးနွေးပေးဖို့ သတိပေးပြောကြားလိုပါတယ်။

ဦးသိန်းအောင်။  ။ ဟုတ်ကဲ့၊ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ ခုန ကျွန်တော်ကတော့ ဆန္ဒစောလို့ ဒီအဆိုတွေကို ပြောခဲ့ခြင်းဖြစ်ပါတယ်။ ဒီ ဦးသိန်းဆွေရဲ့ ရက် ၉၀ အတွင်း ကျွန်တော်တင်ပြခဲ့တဲ့ အချက်အလက် အနည်းငယ်သာ ဖြစ်ပါတယ်။ ဒါကြောင့် အမ်း မြို့နယ်မဲဆန္ဒနယ်မှ ဦးသိန်းဆွေရဲ့ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်သည့်အမိန့်တွေ ကို ရက်ပေါင်း ၉၀ အတွင်း အကောင်အထည်ဖော်ရန် နိုင်ငံတော်အဖွဲ့အစည်းများသို့ တိုက်တွန်း ကြောင်းအဆိုကို ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။

Standard (Image)