မိုင်းပန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်က ဦးသိန်းဆွေ၏ အဆိုကို ဆွေးနွေးခြင်း

ဦးထွန်းမြင့်ဦး (မိုင်းပန်မဲဆန္ဒနယ်)။         ။ လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ မိုင်းပန်မဲဆန္ဒနယ်က ဦးထွန်းမြင့်ဦး ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ အမ်းမဲဆန္ဒနယ်က ဦးသိန်းဆွေရဲ့ အဆိုကို အနည်းငယ် မျှသော အထောက်အပံ့ဖြစ်စေ ရရှိစေခြင်းအတွက် အကျဉ်းမျှ တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ လူသားများ အသိဉာဏ် ဖွံ့ဖြိုး တိုးတက်လာချိန်မှ စပြီး တစ်ဦးနှင့်တစ်ဦး အစုအဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့ အကြောင်းအချင်းအရာ တစ်ခုကို နားလည်မှုသဘော ပါဝင်တဲ့ စည်းကမ်း သတ်မှတ်ချက် ပြုကျင်‌့ထားရှိရာမှ ယနေ့ ဥပဒေဆိုတာ ပေါ်ပေါက် လာရခြင်းဖြစ် တယ်လို့ ဖတ်ရှုလေ့လာရခဲ့ဖူးပါတယ်။ အဲဒီကမှ အဆင့်ဆင့် ကမ္ဘာ့နိုင်ငံများမှာ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ဆိုတာ ရေးဆွဲပြဋ္ဌာန်း ပေါ်ပေါက်လာကြရပါတယ်။ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေဆိုတာ ပြည်သူနဲ့အုပ်ချုပ် သူအကြားမှာထားရှိတဲ့ ပဋိဉာဏ်တစ်ရပ် ဖြစ်ကြောင်း အစိုးရလုပ်ပိုင်ခွင့် အာဏာကို ပိုင်းဖြတ်ထားခြင်း၊ ထိန်းကျောင်းထားခြင်း ဖြစ်ကြောင်း ပြည်သူများရဲ့အခွင့်အရေးနဲ့ အုပ်ချုပ်သူ အစိုးရတို့ရဲ့ လုပ်ပိုင်ခွင့် တို့ကို သတ်မှတ်ပေးသည့် ကိရိယာဖြစ်ကြောင်း စသည်ဖြင့် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုကြတာကိုလည်း လေ့လာဖတ်ရှုခဲ့ရဖူးပါတယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရဲ့ စည်းမျဉ်း မူဘောင်ကနေပြီး လိုအပ်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းရေးဆွဲကြရခြင်းဖြစ်ပါတယ်။ ပြဋ္ဌာန်းရေးဆွဲလိုက်တဲ့ ဥပဒေအရ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို ဆက်လက် ထုတ်ပြန်ကြရပါတယ်။ နည်းဥပဒေ ဆိုတာကတော့ ပြဋ္ဌာန်းလိုက်တဲ့ဥပဒေတစ်ရပ်ကို မလွဲမချော်ရစေဖို့ သက်ဝင် လှုပ်ရှားလာစေဖို့ စနစ်တကျ မည်သို့ ဆက်လက်ပြုကျင့် ရမယ်ဆိုတဲ့ နည်းလမ်းကို ဖော်ပြပြဋ္ဌာန်းရေးဆွဲ ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ဟာ မည်မျှအရေးကြီးကြောင်း သိရှိကြပြီးလည်း ဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာသုံးရပ်မှာ ဥပဒေပြုရေး အာဏာကို လွှတ်တော်က အဓိကတာဝန်ယူ ထမ်းဆောင်နေကြတဲ့ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌများ နဲ့ လွှတ်တော် ကိုယ်စားလှယ်များဟာ ကြိုးစားပမ်းစား မိမိတို့ကျွမ်းကျင်နှံ့စပ်ရာ ကျင်လည်ဖြတ်သန်းရာ ဘဝကို အ‌ခြေခံပြီး တတ်အားသရွေ့လိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းနေကြပါတယ်။ သို့သော်လည်း မိမိတို့ လွှတ်တော်က လွှတ်တော်သက်တမ်း ၁၉ လ ကာလခန့်မှာ အတည်ပြုပြင်ဆင် ရေးဆွဲပြဋ္ဌာန်းလိုက်ကြတဲ့ ဥပဒေအများစုတို့ဟာ သက်ဝင်လှုပ်ရှားအကျိုး သက်ရောက်မှု အားနည်း နေကြသေးတာကို သိရှိကြမှာလည်း ဖြစ်ပါတယ်။ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများရဲ့ သက်ဆိုင်ရာဥပဒေအပေါ် နည်းဥပဒေပြဋ္ဌာန်းရေးဆွဲပေးပို့ တင်ပြထုတ်ပြန်မှုအချိန်ကာလ နှောင့်နှေးကြန့်ကြာမှုတစ်ခုကြောင့်မို့လို့လည်း သုံးသပ်ရရှိပါတယ်။ ဥပမာအားဖြင့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၄-၉-၂၀၁၁ ရက်နေ့မှာ စတင် ဆွေးနွေးခဲ့ပြီး ၂၄-၄-၂၀၁၂ ရက်နေ့မှာ ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်(၁) အဖြစ် ထုတ်ပြန်လိုက်တဲ့ ရက်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေဟာ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာန အမိန့်ကြော်ငြာစာ အမှတ်၊ ၃၈၆/၂၀၁၂ ဖြင့် ၆-၇-၂၀၁၂ ရက်နေ့မှာမှ နည်းဥပဒေကို ထုတ်ပြန် နိုင်ခဲ့ပါတယ်။ ဥပဒေပြဋ္ဌာန်းပြီး ကာလနှင့် နည်းဥပဒေ ပြဋ္ဌာန်းတဲ့ အချိန်ကာလ ကာမြှင့်ချိန်အားဖြင့် ရက်ပေါင်း ၁၃၄ ရက် ကြာမြှင့်ခဲ့ပါတယ်။ ၎င်းရပ်ကျေး ဥပဒေဟာ နိုင်ငံတစ်ဝန်းပြည်သူများ အထူး စိတ်ပါဝင်စား စောင့်ကြည့် လေ့လာခဲ့ရတဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်။ ထို့အပြင် အခြားသော ဥပဒေများ ဖြစ်ကြတဲ့ ၂-၁၂-၂၀၁၁ ရက်စွဲဖြင့် ၂၀၁၁ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၄ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းလိုက်တဲ့ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေဟာ ပညာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာ စာအမှတ် ၁/၂၀၁၂ ဖြင့် ၃၀-၄-၂၀၁၂ ရက်နေ့မှာမှ နည်းဥပဒေကို ပြဋ္ဌာန်းထုတ်ပြန်နိုင်ခဲ့ ခြင်းအား ဖြင့် အချိန်ကာလ အားဖြင့် ရက်ပေါင်း ၁၅၁ ရက် ကြာမြင့်ခဲ့ပါတယ်။ ထို့အပြင် ၃-၁၀-၂၀၁၁ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့ပြီး ၂-၁၂-၂၀၁၁ ရက်စွဲဖြင့် ၂၀၁၁ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် ထုတ်ပြန် ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြစားအမှတ် ၃၆၄/၂၀၁၂ ဖြင့် ၅-၇-၂၀၁၂ ရက်နေ့မှာမှ နည်းဥပဒေကို ထုတ်ပြန်နိုင်ခဲ့ခြင်းအားဖြင့် အချိန်ကာလအားဖြင့် ရက်ပေါင်း ၂၁၇ ရက် ကြာမြင်‌့ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၇ နှင့်အညီ အာဏာ တည်ခဲ့ပြီးသော ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးခဲ့သော အချို့သော ဥပဒေများတို့ သည်လည်း သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့အစည်းများတို့က နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများအား ဆောလျင်စွာ ရေးဆွဲပြဋ္ဌာန်း ပေးပို့နိုင်ခြင်းမရှိ အချိန်ကြာလျက်ပင် ရှိနေကြပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေအရပြုသည့် နည်းဥပဒေ ပြဋ္ဌာန်း ရေးဆွဲပေးပို့ ထုတ်ပြန်ရာမှာ သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့အစည်းများတို့အနေနဲ့ အ‌ခြေအနေ၊ အချိန်ကာလတို့အရ ခက်ခဲကြန့်ကြာမှုရှိတတ်ကြမှာ ဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း အရေးကြီး သည့်ဥပဒေ လုပ်ထုံးလုပ်နည်းများ၊  သွက်လက်မြန်ဆန် ထိရောက်စွာ လုပ်ငန်းပြီးမြောက်စေဖို့ အကြံပြု တင်ပြ လိုတာကတော့ သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့အစည်း ဝန်ကြီးဌာနများနှင့် ရှေ့နေချုပ်ရုံးများ မှာ ကျွမ်းကျင်ဝန်ထမ်းများ လုံလောက်စွာ ခန့်ထားွခင်း၊ အခြားသော တတ်သည့် ဥပဒေပညာရှင်များ နှင့် လိုအပ်သလို ချိန်ဆက် ဆွေးနွေးတိုင်ပင်ခြင်း၊ ကောင်းမွန်ထိရောက်သော စီမံခန့်ခွဲကြီးကြပ်မှု လိုအပ်ခြင်း စနစ်တကျ စီမံချက်ချမှတ်ဆောင်ရွက်ခြင်း စသည်ဖြင့် ပြလုပ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ ကမှတစ်ဆင့် လွှတ်တော်က သတ်မှတ်တဲ့ရက်အတွင်း ဆောလျင်စွာ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပ‌ဒေ ၁၇၀ အရ အနီးကပ်ဆုံးကျင်းပသော လွှတ်တော်ပုံမှန် အစည်းအဝေး ကာလတွင် ဥက္ကဋ္ဌ က ခွင့်ပြုသည့်အစီအစဉ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သို့မှသာ ပြည်သူလူထုများ တို့က ပြီးပြည့်စုံသော ဥပဒေ၊ နည်းဥပဒေများကို ဆောလျင်စွာ သိရှိကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေအရ ပြုသည့် နည်းဥပဒေများအား ပြည်ထောင်စု အဖွဲ့အစည်းသည် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ၍ ထုတ်ပြန်ကြေညာပြီးသည့်နေ့မှ လွှတ်တော်က သတ်မှတ်သည့် နေ့ရက်အတွင်း ထုတ်ပြန်ရန် လိုအပ် ပါကြောင်း အမ်းမဲဆန္ဒနယ်က ဦးသိမ်းဆွေရဲ့ အဆိုကို ထောက်ခံဆွေးနွေး တင်ပြရင်း နိဂုံးချုပ်အပ် ပါတယ်။ 

Standard (Image)