ဒေါ်မြင့်မြင့်သန်း ရေးမဲဆန္ဒနယ်မှ ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့်  လွှတ်တော် ကိုယ်စားလှယ်များ ဖိတ်ကြား ထားသော ဧည့်သည်တော်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သဂါရဝပြုအပ်ပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင်။

အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေရဲ့ အဆိုကို ကျွန်မအနေနှင့် လေးလေးနက်နက် ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လွှတ်တော် အစည်းအဝေးတစ်ခု  ပြီးတိုင်းပြီးတိုင်း ကျွန်မတို့က မဲဆန္ဒနယ် ပြည်သူတွေနှင်‌့ တွေ့ဆုံ ဆွေးနွေးတဲ့အခါမှာ ကျွန်မတို့က လွှတ်တော်မှာ ပြုထားတဲ့ ဥပဒေတွေ ပြင်ဆင်ထားတဲ့ ဥပဒေတွေ ထပ်မံ အသစ် ပြဌာန်းထားတဲ့ ဥပဒေ အကြောင်းတွေကို ထည်‌့သွင်း ရှင်းလင်းခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ပြည်သူတွေက လွှတ်တော်မှာ ပြုနေတဲ့ ပြင်နေတဲ့ ဥပဒေတွေဟာ သူတို့တွေဆီကို မရောက်လာဘူး။ ဘယ်တော့ ရောက်လာ ခံစားရမှာလည်းလို့ မေးလာ ကြပါတယ်။ မှန်လည်း မှန်ပါတယ်ရှင်။ ပြောင်းလည်းမှုတွေ သူတို့ရဲ့ ဘဝတွေကို လက်တွေ့ မခံစားရ တော့ ကျွန်မတို့ လွှတ်တော်မှာ အပင်အပန်းခံ အကျိတ်အနယ် ပြောဆို ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချ အတည်ပြုထားသော ဥပဒေများမှာ နည်းဥပဒေတွေ မထွက်လာသေးလို့ အဲဒီဥပဒေတွေကို အကောင်အထည်ဖေါ် အသုံး မချနိုင်သေး ဘဲရှိနေပါတယ်။

ဥက္ကဋ္ဌကြီးရှင်။

ကျွန်မတို့ လွှတ်တော် သက်တမ်း တစ်နှစ်ခွဲကျော်လို့ နှစ်နှစ်အတွင်းဝင်ရောက်လာခဲ့ပေမယ့် ပြည်သူတွေ မျှော်လင့် တောင်းတနေသော လွတ်လပ်သော ဒီမိုကရေစီအရသာဟာ ရောင်ခြည်လေး ပေါက်ဖွားကစပဲမြင်နေရပါတယ်။

ဥက္ကဋ္ဌကြီးရှင်။

ကျွန်မတို့ပြည်သူ့လွှတ်တော်ကနေ ရွေးကောက် တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတရဲ့ ၂၀၁၂ ခုနှစ်မေလ ၁၁ ရက်နေ့က နိုင်ငံတော် သမ္မတရုံးမှာ ကျင်းပသည့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်‌ပြောင်းလဲကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက ယခုအခါ ဒုတိယအဆင့်မဟာဗျူဟာ ပြုပြင်ပြောင်းလဲမှုဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မား စေရန်ထိရောက်သော ပြည်သူ အကျိုးပြု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ အလိုက် ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်လိုသော လုပ်ငန်းများကို လည်းကောင်း တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသအလိုက် နယ်‌ွမေဒေသအလိုက် ဖွံ့ဖြိုးတိုးတက်စေရန် လည်းကောင်း၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းပြီး ဆက်လက် ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်း ဆက်လက် အကောင်အထည်ဖော် ကြိုးပမ်း သွားကြရန် လိုအပ်ကြောင်းကို မိန့်ကြားသွားခဲ့ပါတယ်။

ဥက္ကဋ္ဌကြီးရှင့်။

နိုင်ငံတော်သမ္မတအနေနဲ့ ကောင်းမွန်သောအုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရရယ်လို့ ဩဝါဒ ပေးခဲ့ပေမယ့် ဒီစကားစုဟာ မှတ်တမ်းအနေနဲ့ပဲရှိနေခဲ့ပြီး အကောင်အထည် မပေါ်သေးဘူးလို့ ကျွန်မအနေနဲ့ ထင်မြင် ယူဆမိပါတယ်။ ကျွန်မတို့လွှတ်တော်ရဲ့ ကြိုးပမ်းမှု၊ နိုင်ငံတော်သမ္မတရဲ့ မေတ္တာစေတနာတွေ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်တို့ကို ထောက်ရှုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဖွဲ့အစည်းများက  ပြည်ထောင်စု လွှတ်တော်မှာ ပြဌာန်းပြီးတဲ့ ဥပဒေနှင့် သက်ဆိုင် သော နည်းဥပဒေများကို သတ်မှတ်ချိန်အတွင်း အချိန်မီ ထုတ်ပေးပါရန် တိုက်တွန်းအပ်ပါကြောင်း အလေးအနက် ပြောကြားရင်းနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Standard (Image)