ဒေါ်ခင်ဌေးကြွယ် (မော်လမြိုင် မဲဆန္ဒနယ်) မှဆွေးနွေးခြင်း

ကျွန်မ အနေနဲ့တော့ အချိန်ကို လေးစားသောအားဖြင့် အစီရင်ခံစာ အပိုဒ်ပါတဲ့ အချက်လောက်ပဲ အနည်းအကျဉ်း ဆွေးနွေးလိုပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ အကြံပြု ၃ ချက် တင်ပြထားပါတယ်။ အဲ့ဒီ ၃ ချက်နဲ့ လွှတ်တော်ရဲ့ အချိန်ကို လေးစားသောအားဖြင့် ကျွန်မ အကျဉ်းချုပ်ပဲ တင်ပြမှာဖြစ်ပါတယ်။ အကြံပြုချက် ၁ မှာ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်ဝသော ဥပဒေပညာရှင် ဆိုသည်မှာ အလွန်တိုင်းတာ ရခက်သော၊ စံသတ်မှတ်ရ ခက်သော သဘောတရား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၀၁ (ဃ) ပုဒ်မခွဲငယ် (၁)မှ (၄)အထိပြဋ္ဌာန်းချက်များအရ တရားသူကြီးများ၊ တရားရေးအရာရှိများ၊ ဥပဒေအရာရှိများနှင့် ထင်ပေါ်ကျော်ကြားသည်‌့ ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်များ အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူဟု ပါရှိပြီးဖြစ်ရာ ပြည့်စုံလုံလောက်ပြီး ဖြစ်သည်ဟု ယူဆပါတယ်။ ဒုတိယ အချက်အနေနဲ့ ကတော့ အကြံပြုချက် ၂ မှာ ပြည်ထောင်စု အဆင်‌့ တရားလွှတ်တော်တို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြင့် ပြင်ဆင် ဖွဲ့စည်းသင်‌့ကြောင်း အကြံပြုချက်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လုံးဝ ဆန့်ကျင်နေသော အကြံပြုချက်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၁ (ဆ) တွင် ပြည်ထောင်စု တရားသူကြီးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များ၏ အရည်အချင်းတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူဟု ပြဋ္ဌာန်းထားပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အများစုသည် နိုင်ငံရေးပါတီမှ ရွေးချယ်ခံရသော ကိုယ်စားလှယ်များ ဖြစ်နေပါ သောကြောင့် ပါတီ တစ်ရပ်ရပ်၏ သြဇာနှင့် ကင်းလွတ်မှု ရှိနိုင်ခဲပါတယ်။ ဆရာတင်၊ တပည့်မွေး နှင့် တရားစီရင်ရေး မဏ္ဍိုင် ယိမ်းယိုင် စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အခြေခံ ဥပဒေပုဒ်မ ၃၀၁ (စ)တွင် လည်း နိုင်ငံရေး ပါတီဝင် မဟုတ်သူများဟု ပြဋ္ဌာန်းထားခြင်း ကိုလည်း ထည်‌့သွင်း စဉ်းစားရန် လိုအပ်ပါတယ်။ တတိယ အကြံပြချက် အနေနဲ့ ပတ်သက်ပြီးတော့ ဂျာမဏီနိုင်ငံမှာ ကွန်မြူနစ် စနစ်အောက်မှာ ကျင်လည်ခဲ့တဲ့ တရားသူကြီးများကို ဒီမိုကရေစီ စနစ်တရားသူကြီးများ အဖြစ် ပြင်ဆင်ခဲ့သည်ကို တရားဥပဒေစိုးမိုးမှု အကောင်းဆုံး ဖြစ်သည်ဟု ရည်ညွှန်းထားပါတယ်။ ဒီအကြောင်းအရာနှင့် ပတ်သက် ပြီးတော့ တရားသူကြီးတွေကို လဲလိုက်ရုံဖြင့် တရားဥပဒေ စိုးမိုးမှု ကောင်းသွားမည်ဟု တစ်ထစ်ချကောက် ယူ၍မရနိုင်ပါ။ အခြားသော အကြောင်းအရာများလည်း အမြောက်အများ ရှိမည်ဟုထင်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု တရားသူကြီးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများသည် မိမိတို့၏ တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်၊ အကျင့် ပျက်ခြင်းများ ရှိပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၀၂ အရ နိုင်ငံတော်သမ္မတ သို့ဟုတ် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသာလွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်၍ မှန်ကန်ပါက ရာထူးမှ ရပ်စဲပြစ်နိုင်ကြောင်းလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ထို့အပြင် တရားရုံး လက်စွဲ စာမျက်နှာ ၈၄၆၊ ၁၉၄၀ ပြည့်နှစ် စာချွန်လွှာအမှတ် ၁၅ မှာ ပြန်တမ်းဝင် အရာရှိ မဟုတ်သော ဝန်ထမ်းများအား တာဝန်၊ ဝတ္တရားများနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး အရေးယူမှုများ ပြုလုပ်နိုင်ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း အထိ ဝန်ထမ်းရေးရာများကို ဤစာချွန်လွှာဖြင့် စနစ်တကျ ထိန်းနိုင်ခဲ့ပါတယ်။ ဤပြဋ္ဌာန်းသော ဥပဒေ များဖြင့် ယိမ်းယိုင်နေသော တရားစီရင်ရေး မဏ္ဍိုင်ကို ပြုပြင်ဆောင်ရွက် နိုင်ပါကြောင်းလည်း အကြံပြု တင်ပြ အပ်ပါတယ်။ သို့ပါ၍ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာမှာ လုပ်ဆောင်ချက် ကောင်းမွန်များ ရှိသလို ဖြည့်စွက်ရန် လိုအပ်သော အချက်များရှိခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသောအချက်များလည်း ပါဝင်ပါကြောင်း တင်ပြ ရင်းနိဂုံးချုပ်ပါတယ်။ ကျေးဇူးတင် ပါတယ် အားလုံး။

Standard (Image)