ဦးသိန်းညွန့် (သင်္ကန်းကျွန်း မဲဆန္ဒနယ်) မှ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေး

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ခုနက ဥက္ကဋ္ဌကြီး ညွှန်ပြတဲ့ တရားစီရင်ရေး ကော်မတီ အပိုဒ် ၂၀ ပြီးတော့ တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌ သူရအောင်ကို တင်သွင်းထားတဲ့ တရားရေး မဏ္ဍိုင်နှင့် ပြည်သူ့ရပိုင်ခွင့်များ အပိုဒ် ၆ အဲဒီနှစ်ချက်မှာ ဖော်ပြထားတဲ့ အချက်ပေါ်မှာမူတည်ပြီးတော့ အဓိကအချက်ကို ကျွန်တော် ဆွေးနွေး တင်ပြပါမယ်။ ဒီနေ့ ကျွန်တော်တို့ အားလုံး ဆွေးနွေးကြတဲ့ အထဲမှာ တရားရေးစနစ်ရဲ့ ရောဂါ လက္ခဏာတွေရော ဒီဟာကို ကုစားနိုင်တဲ့ ဥပဒေတွင်း နည်းလမ်းတွေရော အားလုံးမိမိရဲ့ ရှုထောင့်က တင်ပြကြတာကို တွေ့ရပါတယ်။

လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား- ကျွန်တော်တို့ ဒီနေရာမှာအခု ကျွန်တော်တင်ပြမယ့် အချက်သည် ဟိုနေ့က တရားရေးနဲ့ ပတ်သတ်ပြီးတော့ သူရဦးအောင်ကို တင်သွင်းတဲ့အခါမှာ ပြောကြတဲ့ စကားတစ်ရပ်ကို ကျွန်တော် အလေးဂရုပြုမိပါတယ်။ အဲဒါကဘာလဲ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပရမ္မတသစ္စာ သာဖြစ်တယ်။ သမုတိသစ္စာ မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ အခြေခံ ဥပဒေမှာလည်း အခန်း (၁၂) မှာ ပြင်သင့်ရင်ပြင်ဖို့ ပြဋ္ဌာန်း ပေးထားတာ တွေ့ရပါတယ်။

လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား-

ခုနက ဦးဝင်းမြင့်တင်သွင်းခဲ့တဲ့ ဆွေးနွေးခဲ့တဲ့ အထဲမှာပါသလို ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ခေတ်တွေကို ပိုင်းခြားတဲ့အခါမှာ ၁၉၈၆ ၊ ၁၉၇၁ ကာလရဲ့ ထိန်းကျောင်းမှုလေး တစ်ခုတော့ ကျွန်တော်တင်ပြ ပါရစေ။ ဒီနေ့ကျွန်တော်တို့ တရားရေး စီရင်ရေး အာဏာနဲ့ ပတ်သတ်ရင် အားလုံးဟာ ကျွန်တော်တို့ တရားလွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုပဲ ပုံအပ်ထားခဲ့ပါတယ်။ အမှန်စင်စစ် အဲဒီကာလတုန်း ကကျင့်သုံးခဲ့တဲ့ နည်းစနစ်မှာ တရားစီရင်ရေးကဏ္ဍနဲ့ ပတ်သတ်လျှင် တရားစီရင်ရေးကိုတော့ တရားလွှတ်တော် ချုပ်တို့၊ တရားလွှတ်တော်တို့က တာဝန်ယူခဲ့ပါတယ်။ အဲဒီကာလ တုန်းကတော့ စီမံ အုပ်ချုပ်ရေးနဲ့ ပတ်သတ်ရင် လွှတ်တော်က ရွေးကောက် တင်မြှောက်ပေးတဲ့ တရားဝန်ကြီးက တာဝန်ယူပါတယ်။ အဲတော့ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ထိရောက်တဲ့ အချက်လေး နှစ်ချက် ကျွန်တော်တင်ပြပါရစေ။ တစ်ချက်က- တရားစီရင်ရေးကို တာဝန်ယူတဲ့ပုဂ္ဂိုလ်များဟာ အုပ်ချုပ်ရေး တာဝန်မယူရတဲ့ အတွက် လက်အောက်တရား သူကြီးများရဲ့ ချမှတ်တဲ့ စီရင်ချက်တွေ အပေါ်မှာ ဒါဟာ တရားရေးဆိုင်ရာ မှားယွင်းမှုလား သို့မဟုတ် အဂတိ တရားလိုက်စားလို့လား သို့မဟုတ် ရိုးရိုးသားသား လုပ်မှားကိုင်မှားလို့လား အဲဒီလို မှတ်ချက်တွေကို ပြုပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲဒီမှတ်ချက်တွေကို တရားရေး ဝန်ကြီးဌာနကို တရားရေး ဝန်ကြီးဌာနက အဲဒီမှတ်ချက်ကို အခြေခံပြီးတော့ အဲဒီ တရားသူကြီးများကို ပြောင်းရွေ့ခြင်း၊ ရာထူးချခြင်း၊ လိုအပ်ရင် အရေးယူ ခြင်း၊ ဥပဒေကြောင်းရ အရေးယူခြင်းအထိ ဆောင်ရွက်နိုင်တဲ့ အင်မတန်ကောင်းတဲ့ တရားရေးကိုထိန်းကျောင်း နိုင်မှုရခဲ့ပါတယ်။ ဒီလိုပါပဲ ခုနက ဦးအောင်ကို တင်သွင်းတဲ့အထဲမှာ ပြည်သူ့ ကိုယ်စားလှယ်များလို့ ပါလာတော့ အဲဒီ ပြည်သူ့ ကိုယ်စားလှယ်တွေထဲက ပုဂ္ဂိုလ် တစ်ဦးဟာ တရားရေးဝန်ကြီး အဖြစ် တာဝန်ယူပါတယ်။ တရားရေးဌာန နှင့် လွှတ်တော်ကို အဲဒီ တရားရေးဝန်ကြီးက ပေါင်းကူးပေးပါတယ်။ တရားရေးဌာနနဲ့ ဖြစ်တဲ့ ကိစ္စ အားလုံးကို စီမံအုပ်ချုပ်ရေး တာဝန်ယူတဲ့ တရားရေးဝန်ကြီးက လွှတ်တော်ကိုပြန်ပြီး အစီရင်ခံပါတယ်။ ဆိုလိုတာကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ထဲမှာကို တရားရေး ဝန်ကြီးဌာနဆိုတာ သီးသန့်ရှိပါတယ်။ အဲဒီဝန်ကြီးဌာနက စီမံ အုပ်ချုပ်ရေး နည်းလမ်းနဲ့ ထိန်းကျောင်းတယ်။ တရားလွှတ်တော်ချုပ်တို့ တရားလွှတ်တော် တို့က တရားစီရင်မှု ပုံစံနဲ့ ထိန်းကျောင်းပေးတဲ့ အခါကျတော့ တရားရေးစနစ်သည် အင်မတန်မှ ထိန်းကျောင်းနိုင် ပြီးတော့ အခုကျွန်တော်တို့ ၁၉၆၂ ခုနှစ် ဒီဘက်ပိုင်းမှာ အထူးသဖြင့် ၆၇ ၊ ၇၀ ဒီဘက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ ဖြစ်ရပ်မျိုး အထူးသဖြင့် အခုကာလမှာ ပိုကြာနေတဲ့ ကျော်မကောင်းကြား မကောင်း ကိစ္စမျိုးတွေ မရှိတော့ပါဘူး။ အင်မတန်မှ စနစ်တကျ ထိန်းကျောင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ ဒါကျွန်တော်တို့ ဘာပြောပြော ဒီအခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ အချိန်တုန်းကတော့ မျှော်မှန်းလို့ရတဲ့ အချက်တွေတော့ ရှိပါတယ်။ မျှော်မှန်းလို့မရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။ အခုပဲ ကျွန်တော်တို့ လက်တွေ့ ပြဿနာအချို့ကို ရင်ဆိုင် နေရပါပြီ။ အဲဒါကြောင့် တရားရေးစနစ်ကို ပြန်ပြီးတော့ ကျွန်တော်တို့ ပြုပြင်တော့ မယ်ဆိုရင် အခြေခံဥပဒေ အခန်း ၁၂ အရ ကျွန်တော်တို့ ပြင်ဆင်ခွင့် ရတာဆိုရင် ပြည်သူ့ ကိုယ်စားလှယ်ရဲ့ ထိန်းကျောင်းမှုကို လွှတ်တော်နဲ့ တရား လွှတ်တော်ချုပ်၊ တရားလွှတ်တော်ကြားမှာ တာဝန်ခံမယ့် တရားရေးဝန်ကြီး တစ်ဦးကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးချယ်ပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့ထဲမှာ ထည့်သွင်းပြီး သတ်သတ်မှတ်မှတ် တာဝန်ပေးမယ်ဆိုရင် ကျွန်တော်တို့ တရားရေးဌာနကို တရားစီရင်မှု ထောင့်ကရော စီမံအုပ်ချုပ်မှု ထောင့်ကရော ကျွန်တော်တို့ ထိန်းကျောင်းနိုင်မှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ တရားစီရင်ရေး မဏ္ဍိုင်ကိုပိုပြီး ကြံ့ခိုင်အောင် ဆောင်ရွက် နိုင်ပါမယ်။ အဲဒါကြောင့် အဲဒီ အကြံပြုချက်နဲ့အတူ သူရဦးအောင်ကိုရဲ့ တင်ပြတဲ့ အစီရင်ခံစာပေါ်မှာ ပြည်သူ့ ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍကို ထည့်သွင်းလာတဲ့ အတွက် တိုင်းပြည်အကျိုးအတွက် ကျွန်တော် ရိုးရိုးသားသား ကျွန်တော်တို့ အခြေခံဥပဒေမှာ တရားရေး ဝန်ကြီးဌာနကို ပြန်ဖွဲ့ပြီးတော့ ပြည်ထောင်စု အစိုးရအဖွဲ့ထဲမှာ ဌာနတစ်ခုအဖြစ် ဖန်တီးပေး နိုင်မယ်ဆိုရင် ဒီနေ့ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာ တော်တော်များများကို ဖြေရှင်းနိုင်မယ်လို့ တင်ပြရင်း သူရဦးအောင်ကိုရဲ့ အစီရင်ခံစာ ကို ထောင့်တစ် ထောင့်ကပဲ ထောက်ပြရင်းနဲ့ ကျွန်တော် ထောက်ခံကြောင်း လေးလေးစားစား ဥက္ကဋ္ဌကြီးမှ တဆင့် ပြည်သူ့ လွှတ်တော်သို့ တင်ပြအပ်ပါတယ်။

Standard (Image)