လေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တကွ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်လာတဲ့ လူကြီးမင်းများ အားလုံး ကာယသုခ၊ စိတ္တသုခ၊ နှစ်ဖြာသော သုခနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်း မေတ္တာပို့သ အပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ ကျွန်တော့် အနေဖြင့် တရားစီရင် ရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့ အစီရင်ခံစာနဲ့ စပ်လျဉ်းပြီး အကျဉ်းချုပ် ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့် နိုင်ငံရဲ့တရားစီရင်ရေး စနစ်ကို ခေတ်သုံးခေတ်နဲ့ ပိုင်းခြားလို့ ရပါတယ်။ ပထမ တစ်ခေတ်ကတော့ ၁၈၈၆ ခုနှစ်မှ၁၉၇၀ ခုနှစ်ထိ ဖြစ်ပါတယ်။ တစ်ဦးတိုင် တရားစီရင်ရေး စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ဥပဒေ တတ်ကျွမ်းပြီးတော့ တရားစီရင်ရေး အတွေ့အကြုံရှိသူများကို တာဝန် ပေးအပ်ခဲ့ပါတယ်။ ဒုတိယခေတ်က တော့ ၁၉၇၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်များဖြင့် တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ခဲ့ပါတယ်။ ဥပဒေပညာမတတ်တဲ့အပြင် တရားစီရင်ရေး အတွေ့အကြုံလည်း မရှိပါဘူး။ တရားရေး ဝန်ထမ်းက အကြံပေးရပါတယ်။ အဲဒီခေတ်မှာလည်း အဂတိလိုက်စားမှုများ၊ သြဇာအာဏာ လွှမ်းမိုးမှု များနှင့် မကင်းခဲ့ပါဘူး။ တတိယခေတ်ကတော့ ၁၉၈၈ ခုနှစ်မှ ယနေ့အထိဖြစ်ပါတယ်။ တစ်ဦးတိုင်တရားစီရင်ရေး စနစ်ကိုပြန်လည်ကျင့်သုံးခဲ့ပါတယ်။ ဥပဒေကျွမ်းကျင်သူများကို ခန့်ထားတာဝန်ပေး အပ်ခဲ့ပါတယ်။ ဒါပေမယ့် တရားရေးမဏ္ဍိုင် ယိမ်းယိုင် တိမ်းစောင်းနေလျှက်ရှိပါတယ်။
လေးစားအပ်တဲ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-
အချို့သောနိုင်ငံများမှာ တစ်ဦးတိုင် တရားစီရင်ရေး စနစ်၌ ဘက်လိုက်မှု မရှိစေရန် အဂတိတရား (၄) ပါး ကင်းရန်ဟူတဲ့ ရည်ရွယ်ချက်တွေနဲ့ အမှုအခင်းများနှင့် လွတ်ကင်းတဲ့ ပြင်ပမှ သီလ သမာဓိ ရှိတဲ့ ပုဂ္ဂိုလ်များကို ဂျူရီလူကြီးများဖြင့် ခန့်အပ် တာဝန်ပေးတဲ့ စနစ်ကို ပူးတွဲ ကျင့်သုံးတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စစ်ကြီးမဖြစ်ပွားမီက စမ်းသပ် ကျင့်သုံးခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင် ခဲ့ပါဘူး။ ဒါ့ကြောင့် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ဂျူရီစနစ်ကို ဆက်လက် မကျင့်သုံးတော့ပါဘူး။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၆၇ မှာ တရား လွှတ်တော်၌ ဤအခန်းအရ စစ်ဆေး စီရင်မှုများကို ဂျူရီလူကြီးများဖြင့် စစ်ဆေး စီရင်ရမည်။ ထို့ပြင်ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ တရားလွှတ်တော်သို့ လွှဲအပ်သည့် ရာဇဝတ်မှု အားလုံးကို တရားလွှတ်တော်က ညွှန်ကြားလျှင် ဂျူရီလူကြီးများဖြင့် စစ်ဆေး စီရင်နိုင်သည်ဟု ပြဋ္ဌာန်းထားတာ လည်းရှိပါတယ်။ ပြန်ပြီး သုံးသင့် မသုံးသင့် အလွန်ချင့်ချိန်ရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဂျူရီလူကြီးများ အနေနဲ့ ဆုံးဖြတ်ပေးရန် ခက်ခဲတဲ့ ပညာရပ်ဆိုင်ရာ အမှုများနဲ့လည်း ကြုံတွေ့ ရတာရှိပါတယ်။ ဒါ့အပြင် ဂျူရီလူကြီးများ အားလုံးရဲ့ တစ်ညီ တစ်ညွတ်တည်းသော ဆုံးဖြတ်ချက်ရမှသာ အဆုံးအဖြတ်ပြုနိုင်တာ ဖြစ်ပါတယ်။မရပါက အမှုကိုပြန်လည် စစ်ဆေးနေရသဖြင့် မလိုအပ်ပဲ အချိန်ကြန့်ကြာမှု များလည်း ဖြစ်ကြ ပါတယ်။
လေးစားအပ်တဲ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-
တရားသူကြီးများကို ခန့်အပ် တာဝန်ပေးတဲ့ နည်း (၃) နည်းရှိပါတယ်။ပထမနည်းကတော့ လူကတိုက်ရိုက် ရွေးကောက် တင်မြှောက်သော နည်း(Election by the People) ဖြစ်ပါတယ်။ ဒုတိယနည်းက တော့ ဥပဒေပြုအဖွဲ့ဖြစ်တဲ့ လွှတ်တော်က ရွေးကောက် တင်မြှောက်သော နည်း (Election by the Legislature) ဖြစ်ပါတယ်။ တတိယနည်း ကတော့ အုပ်ချုပ်ရေးအဖွဲ့က အမည် စာရင်း တင်သွင်းသော (Nomination by the Executive ) တို့ဖြစ်ကြပါတယ်။ ပြည်သူက တိုက်ရိုက် ရွေးကောက် တင်မြှောက်သော နည်းက ဒီမိုကရေစီကျပါ တယ်လို့ ပြောကြပါတယ်။ သို့သော် ကျွန်တော်တို့ နိုင်ငံ အနေအထားအရ မဖြစ်နိုင်သေးတာကိုလည်း တွေ့ရှိရ ပါတယ်။လွှတ်တော်က ရွေးကောက် တင်မြှောက်ပြီး ခန့်အပ်တဲ့စနစ်ဟာ ပြည်သူ တိုက်ရိုက် ရွေးကောက်တင် မြှောက်ပြီးခန့် ထားတဲ့ စနစ်ထက်နှိုင်းယှဉ်ပါက ပိုမို သင့်လျော်တာကိုလည်း တွေ့ရှိရပါတယ်။ အုပ်ချုပ်ရေး အဖွဲ့က အမည်စာရင်း တင်သွင်းပြီး လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်ထားတဲ့ စနစ်ကို ကျေနပ်မှု ရပါတယ်လို့လဲ ဆိုကြပါတယ်။ သို့သော် စင်းလုံးချော ကောင်းတာတော့ မဟုတ်သေးပါဘူး။ ဒါ့ကြောင့် မည်သည့်စနစ်က သင့်တော်မှန်ကန်မည်ကို ကျွန်တော်တို့ရွေးကြရမှာဖြစ်ပါတယ်။
တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့ အစီရင်ခံစာ အပိုဒ် ၆ အပိုဒ်ခွဲ (ခ) မှာပါရှိသလို တိုင်းဒေသကြီး / ပြည်နယ် နှင့် ပြည်ထောင်စု အဆင့် တရားလွှတ်တော်တို့ကို ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပြင်ဆင် ဖွဲ့စည်းမည် ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၀၁ (စ) မှာပါရှိတဲ့ နိုင်ငံရေး ပါတီဝင် မဟုတ်သူနှင့် (ဆ) မှာပါရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူတို့ကို ပယ်ဖျက် ပေးရန်လိုပါတယ်။ ယင်းတို့ကို ပယ်ဖျက်ရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ % ကျော်ကပြင်ဆင်ရန် သဘောတူ လက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးအတွက် ပြုသာပြင်သာ Flexible ဖြစ်ရ ပါမယ်။ အချိန်နှင့် တပြေးညီ ပြင်ဆင် ပြောင်းလဲခြင်း မရှိပါက မလိုအပ်သော အကျိုးဆက်များ ပေါ်ပေါက် လာနိုင်ပါတယ်။ မည်သူ့ကို ခန့်ထားသည်ဖြစ်စေ တစ်ဦးတိုင် တရားစီရင်ရေး စနစ်ကို ကျင့် သုံးသင့်ပါတယ်။ အကျင့်ပျက် လာဘ်စားသော တရားစီရင်ရေးနဲ့ ဆိုင်တဲ့ ဝန်ထမ်းများကို အငြိမ်းစား ပေးသင့်သူကိုပေး၊ အရေးယူ မည့်သူကို ယူဖို့ လိုအပ်ပါတယ်။ တစ်ဖက် ကလည်း ဥပဒေဘွဲ့ရ ပညာတတ်များကို လေ့ကျင့်ပေးရန် ပြုစု ပျိုးထောင်ပေးရန် မွမ်းမံ သင်တန်းများ ပေးရန် လိုအပ်ပါတယ်။ တရားစီရင်ရေး ကိစ္စဆိုတာ တတ်၊သိ၊ ကျွမ်းကျင်မှု ကိစ္စဖြစ်နေသောကြောင့် တရားစီရင်ရေး အတွေ့အကြုံ ရှိတဲ့ ဥပဒေ ပညာရှင်များက တရားစီရင်တာက ပိုမိုသင့်မြတ် ကောင်းမွန်ပါတယ်။ ကျွမ်းကျင် နိုင်နင်းစွာ တရားစီရင်နိုင်ပြီး သီလ၊သမာဓိ၊ သိက္ခာရှိတဲ့ ဥပဒေ ပညာရှင်များကိုပင် ခန့်အပ် တာဝန်ပေး၍ တရားစီရင်ရေး လုပ်ငန်းများ မှန်ကန်ထိ ရောက်စွာ လည်ပတ်နိုင်ရေးကို ရှေးရှုဖော် ဆောင်သင့် ပါကြောင်း အကြံပြု တင်ပြအပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
