လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ ခင်ဗျား- ကျန်းမာ ချမ်းသာကြပါ စေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သ ဂါရဝပြု အပ်ပါတယ်။ ကျွန်တော် ကတော့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်း အောင်ကျော် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာအပေါ် အကြံပြုထောက်ခံ ဆွေးနွေးမှာဖြစ်ပါတယ်။
ကော်မတီရဲ့အစီရင်ခံစာ အပိုဒ်(၃)မှာပါရှိတဲ့ ကော်မတီရဲ့တာဝန်များ(၇)ခုအနက်မှ အပိုဒ် ၃(က) တရားစီရင်ရေးနှင့် ဥပဒေရေးရာလုပ်ငန်းများမှန်ကန်မှု၊ တရားမျှတမှု ရှိစေရေးအတွက် ကူညီဆောင်ရွက်ရန်။
အပိုဒ် ၃(ခ) ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံးအဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့် များကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်ရေးဆိုတဲ့ တာဝန်ပိုင်းအမြင်များနဲ့ အလေးထား ဆွေးနွေးမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား-
ကော်မတီရဲ့ အစီရင်ခံစာအရ ကော်မတီဟာ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးနဲ့အဖွဲ့ဝင်များ၊ ပြည်ထောင် ရှေ့နေချုပ်ရုံးမှ ပုဂ္ဂိုလ်များ တက်ရောက်ပြီး တိုင်ကြားပေးပို့လာသော အမှုတွဲများမှ ခိုင်လုံသော အမှုများကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့မှာ ညှိနှိုး ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်၊ဒုတိယအကြိမ် ညှိနှိုင်းမှုကို ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ ပြုလုပ်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
ဆွေးနွေးချက်၊ ညှိနှိုင်းချက်များအရ တိုင်ကြားစာ၊ အမှုတွဲများဟာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဖြစ်တဲ့အတွက် တိုင်းဒေသကြီး၊ ပြည်နယ် တရား လွှတ်တော်များသို့ တိုက်ရိုက် ပေးပို့ရန် ညှိနှိုင်း သဘောတူ ကြတဲ့အတွက် တိုင်စာ အမှုတွဲ (၁၃၀၈) ခုအနက် သင့်လျှော်တဲ့ အမှုတွဲ (၄၃၂)ခု ကို သက်ဆိုင်ရာ ဌာနအသီးသီး သို့ စနစ်တကျ လွှဲပြောင်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လွှဲပြောင်းမှုအတွဲ (၄၃၂) ခုအနက် ပြည်နယ်၊ တိုင်းတရား လွှတ်တော် အသီးသီးမှပြန်ကြားစာ (၁၁၅) စောင်ကို လက်ခံရရှိခဲ့ပြီး သက်ဆိုင်ရာ တရားလွှတ်တော် အသီးသီးမှ ကျန်ရှိသော (၃၁၇) စောင်အတွက် ပြန်ကြားစာ အမြန်ရရှိနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
ပြည်သူ့လွှတ်တော်၊ တရား စီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအနေနဲ့ ပြည်နယ်/ တိုင်းတရား လွှတ်တော်များမှ ပြန်ကြားရန် ကျန်ရှိသော အမှုတွဲ (၃၁၇) စောင်အတွက် ပေးပို့သည့်နေ့မှ ယခု အစီရင်ခံစာ တင်သွင်းသော ၂၀၁၂ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့ အထိ အချိန်အားဖြင့် (၇) လ ကြာမြင့်သော်လည်း ပြန်ကြားစာများ လက်ခံ မရရှိသေးကြောင်း ဖော်ပြထားတာကိုတွေ့ရပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား-
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခန်း(၄) ဥပဒေပြုရေး၊ အခန်း(၅) အုပ်ချုပ်ရေး၊ အခန်း(၆) တရားစီရင်ရေးဟူ၍ မဏ္ဍိုင်(၃) ရပ်အား အပြန်အလှန် ထိန်းညှိသော စနစ်ကို ပြဋ္ဌာန်း အကောင်အထည်ဖော် ထားကြောင်းတွေ့ရှိရပါတယ်။
ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအနေနဲ့ အများပြည်သူ အကျိုးအတွက် ဆောင်ရွက်သော ကိစ္စကို ပြည်နယ်/ တိုင်းတရား လွှတ်တော်များမှ အရေးတယူ ပြန်ကြားရန် ပျက်ကွက် ကြန့်ကြာခြင်းဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တရားလွှတ်တော်များ အနေနဲ့ လုပ်ငန်းများ ဆောင်ရွက် ရာတွင် အားနည်းချက်ရှိကြောင်း ဖော်ပြချက်ဖြစ် ရုံသာမက ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအပေါ် အလေးအနက် မထားရှိမှုဖြစ်တဲ့ အတွက် ပြည်သူ့လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ အတွက်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မဏ္ဍိုင်(၃)ရပ် ၏ အပြန်အလှန် ထိန်းကျောင်းမှုကို လေးနက်ပီပြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် လည်းကောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအနေဖြင့် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်ရန် တာဝန်ရှိနေပါကြောင်း အကြံပြုတင်ပြလိုပါတယ်။
ဥက္ကဋ္ဌကြီး ခင်ဗျား
၂၉.၁၂.၂၀၁၁ ရက်နေ့ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီနဲ့ သတင်းမီဒီယာများတွေ့ဆုံ ရှင်းလင်းပွဲပြုလုပ်ရာမှာ မီဒီယာအဖွဲ့များမှ “လက်ရှိ တရားစီရင်ရေး နယ်ပယ်တွင် အဂတိ လိုက်စားမှုများပြား နေကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်တိမ်း စောင်းယိမ်းယိုင် နေကြောင်း၊ ပြည်သူ အများစုသည် ဥပဒေ၏ အကာအကွယ်ကို မရဟု ထင်မြင် ခံစားနေရကြောင်း” မေးမြန်းတင်ပြ သွားကြတယ်လို့ သိရှိရပါတယ်။
ပြစ်မှုဆိုင်ရာဥပဒေ အခန်း (၄) မှာ “ ပြစ်မှုမှ ကင်းလွတ် ရမြဲဖြစ်သော အကြောင်းကိစ္စများ” ကိုပုဒ်မ ၇၆ မှ ပုဒ်မ ၉၅ အထိ ပြဋ္ဌာန်းထားပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၇ မှာ “တရားစီရင်မှု ဆောင်ရွက်ရာ၌ တရားသူကြီးသည် ဥပဒေအရ မိမိရရှိသော အာဏာကို သို့တည်းမဟုတ် ဥပဒေအရ မိမိရရှိသည်ဟု သဘောရိုးဖြင့် ယုံကြည်သည့် အာဏာကို သုံးစွဲဆောင်ရွက်လျှင် ထိုသို့ ဆောင်ရွက်ခြင်းသည် ပြစ်မှု မမြောက်” ဟု ပြဋ္ဌာန်းထားပါတယ်။
