ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာကို ဘင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူ မှဆွေးနွေးခြင်း

လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင်။

ကျွန်မကတော့ ကချင်ပြည်နယ်၊ ဘင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကော်မတိ၏ အစီရင်ခံစာအမှတ်စဉ် ၁/၂၀၁၂ ကို ဆွေးနွေးမှာဖြစ်ပါတယ်။

တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ကော်မတီမှ သုံးသပ်ချက်ကို တင်ပြရာတွင် ယနေ့ မြန်မာနိုင်ငံကို တရားဥပဒေစိုးမိုးမှု အနိမ့်ကျဆုံး နိုင်ငံများစာရင်းတွင် ထည့်သွင်းထားပြီး တရားစီရင်ရေး မဏ္ဍိုင် သည် အဂတိတရားများ ဖုံးလွှမ်းနေဆဲ ဖြစ်ကြောင်းကို ပြည်တွင်းပြည်ပက ကျယ်လောင်စွာ ဝေဖန်အော်ဟစ်နေကြကြောင်းနှင့် ယိမ်းယိုင်တိမ်းစောင်းနေသော တရားစီရင်ရေး မဏ္ဍိုင် ကို အချိန်တို ကာလအတွင်း ဖြောင့်မတ် ကြံခိုင်လာစေရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများမှ လက်တွေ့ ဆန်သော နည်းလမ်း(၃)မျိုးကို တင်ပြခဲ့ပါသည်။

(က)တရားလွှတ်တော် အဆင့်များတွင် သီလ၊ သမာဓိ၊ ပညာပြည့်ဝသော ပြင်ပဥပဒေပညာရှင်များ ကို ထည့်သွင်း ဖွဲ့စည်းတာဝန် ပေးသင့်ကြောင်းကို အပြည့်အ၀ ထောက်ခံပါသည်။ သို့သော် တည်ဆဲဖြောင့် မတ်မှန်ကန်မှုနှင့် လူထုအပေါ် မေတ္တာထားရန် ပဓာနကျသကဲ့သို့ တရားစီရင်ရေး လမ်းကြောင်း နည်းစနစ်ကို ကျွမ်းကျင်ရန်၊ အောက်ခြေပြည်သူလူထုအတွင်း အမှန်ဖြစ်ပျက်နေသည့် အနေအထားနှင့် အမှုတွဲပေါ်တွင် ရှိသည်နေသည့် အကြောင်းအရာ နှစ်ရပ် အပေါ် အမှားအမှန်ကိုလည်း ချင့်ချိန်သုံးသပ်ရန်၊ များစွာလိုအပ်ပါတယ်။ ပြည်သူလူထုနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ တင်ပြချက်များကိုလည်း အလေးထား လေ့လာသုံးသပ်ပြီး တရားရုံးတွင် စစ်ဆေးတင်ပြထားချက်များနှင့် ချိန်ထိုးညှိနှိုင်းပြီး အမှန် တရားများရှာဖွေ ပေးနိုင်ခြင်းဖြင့် ပြည်သူလူထု၏ နစ်နာမှုများကို ဖြေရှင်းပေးသင့်ပါတယ်။ လက်ရှိအနေ အထားမှာ ပြည်သူလူထုအတွင်း ဥပဒေ နားမလည်သူ များစွာရှိနေသးသဖြင့် လုပ်ငန်းများ လုပ်ကိုင်ရာ၌လည်း ကောင်း စာချုပ်စာတမ်းများ ပြုလုပ်ရာ၌ လည်းကောင်း အမှားပေါင်းများစွာ ကျူးလွန်ထားမှုများကို လေ့လာ တွေ့ရှိရပါတယ်။

ဒါကြောင့် ပြစ်မှု၊ တရားမမှု၊ များကိုစစ်ဆေးတဲ့မှုလတရားရုံး တရားသူကြီးများအနေနဲ့ အမှုဖြစ်စဉ် ထဲက အမှန်တရားရရှိရေးအတွက် ရှာဖွေစစ်ဆေး မှတ်တမ်းတင်မှု ပြုသင့်ပါတယ်။ ဥပဒေအကျိုးဆောင်၊ ရဲ ထွက်ချက်နဲ့ ရှေ့နေရှေ့ရပ်များ၏ တင်ပြချက်များကိုသာ အားမကိုးပဲ မိမိကိုယ်တိုင်လည်း အမှုဖြစ်စဉ်ကို စိတ်ဝင်စားစွာဖြင့် စစ်ဆေးမေးမြန်းကာ အမှန်တရားဖြစ်သင့်ဖြစ်ထိုက်သော လောကပါလတရားများနှင့် ပေါင်းစပ်သုံးသပ် ဆုံးဖြတ်ချက်ချသင့်ကြောင်း တင်ပြအပ်ပါတယ်။

(ခ) အပိုဒ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စု အဆင့်တရားလွှတ်တော်များတွင် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ပြင်ဆင် ဖွဲ့စည်းပေးသင့်ကြောင်း ဆိုသည့်အချက်တွင် ဖြည့်စွက်ဆွေးနွေး လိုသည်မှာ တရားစီရင်ရေး မဏ္ဍိုင် တွင် တရားသူကြီးများဖြောင့်မတ် မှန်ကန်ရေးသာ အဓိကကျသည် မဟုတ်ပါ။ တရားစီရင်ရေးမဏ္ဍိုင်တွင် ပါဝင်ပတ်သက်နေကြသော တရားစွဲ အဖွဲ့အစည်းများဖြစ်သည့် ပြည်သူရဲများ အပါအဝင် အခြားသော တရားစွဲပိုင်ခွင့်ရှိသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း မှန်ကန် သည့် သက်သေ အထောက်အထားများကို ခိုင်လုံတိကျစွာ တင်ပြနိုင်ရေး၊ အစိုးရဥပဒေ အရာရှိကြီးများက လည်း ဥပဒေ အကြံပေးရာ၌ တရားမျှတမှုနှင့် ဥပဒေနှင့်အညီဖြစ်သော အကြံပြုမှုများကိုသာ ဆောင်ရွက် နိုင်ရေးများသည် အထူးပင်အရေးကြီးလှပါသည်။ ရှေ့နေ ရှေ့ရပ်များကလည်း အမှုဖြစ်စဉ်ကို ပြောင်းလဲ သွားအောင် ဆောင်ရွက်ခြင်း၊ အလိမ်သက်သေ၊ မမှန်ကန်သော အကြောင်းအရာများ တင်ပြခြင်း စသည့် လှည့်ဖြားမှုမျိုးကို မပြုလုပ်ရန် လိုအပ်ပါသသည်။ အမှုအခင်းဖြစ်ပွားကြသူ ပြည်သူလူထု အပိုင်းမှလည်း မတော်လောဘ ဒေါသ အတ္တတရားများ၊ မတရားအနိုင်ယူလိုမှုများ ကင်းဝေးပြီး ဥပဒေဘောင် အတွင်းမှသာ ရပိုင်ခွင့်များ တောင်းဆိုသင့်သလို အမှန်တရားကို မြတ်နိုင်းလေးစားခံယူတတ်ရန်လည်း လိုအပ်ပါသည်။

သို့ဖြစ်၍ ပြည်သူများ ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များကို အဆင့်မြင့် တရားသူကြီး များအဖြစ် ပြင်ဆင် ဖွဲ့စည်းရုံမျှနှင့် တရားစီရင်ရေး မဏ္ဍိုင်ဖြောင့်မတ် မှန်ကန်လာနိုင်မည် မဟုတ်ပါ။  တရားစီ ရင်ရေးကဏ္ဍနှင့် ဆက်နွယ်နေသာ ဌာနဆိုင်ရာများ၊ တရားစွဲ အဖွဲ့အစည်းများ အားလုံးက အမှန်တရားအပေါ် ရပ်တည်ရန် လိုအပ်သလို ပြည်သူလူထု တစ်ရပ်လုံးကလည်း တရားမျှတမှု ရှိရေးနှင့် တရားစီရင်ရေး ကဏ္ဍယိုင်းယိုင်မှု မရှိစေရန် ပူးပေါင်း ကူညီ ပံ့ပိုးပေးရန် အထူးပင် လိုအပ်ပါကြောင်း ဤလွှတ်တော်မှတဆင့် တင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များရှင် ကော်မတီရဲ့ တင်ပြချက် အပိုဒ်(ဂ)မှာ စနစ်တစ်ခုရဲ့ အောက်မှာ ကျင်လည်ခဲ့ကြတဲ့ တရားသူကြီးများကို အငြိမ်းစားပေးပြီး စနစ်သစ် တရား သူကြီးများဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန် ပေးအပ်ခြင်းဖြင့် တရားဥပဒေ စိုးမိုးမှုအား ကောင်းလာခဲ့တဲ့ ဂျာမဏီ နိုင်ငံကို ဥပမာပြု တင်ပြထားပါတယ်။ ကျွန်မတို့နိုင်ငံမှာ လက်ရှိ အခြေအနေအရ ဒီစနစ်မျိုးကျင့်သုံး နိုင်ဖို့အတွက် လုံလောက်တဲ့ လူသား အရင်းအမြစ် မရှိသေးဘူးလို့ ကျွန်မတစ်ဦးတည်းရဲ့ ခံယူချက်ကို တင်ပြလိုပါတယ်။ ဘယ်လို အနေအထားမျိုးမှာ မဆို အဆိုးနဲ့အကောင်းဟာ အမြဲ ဒွန်တွဲလျှက် ရှိစမြဲဖြစ်တဲ့ အတွက် အဆိုးမှန်သမျှ ဖယ်ရှားပြိး ကောင်းသ ထက်ကောင်းလာနိုင်တဲ့ အသစ်များရွေးချက်ပြီး မူလရှိပြီး အကောင်းများနှင့် ပေါင်းစပ်ပေးဖို့လိုအပ်ပါတယ်။

ဒါကြောင့် တရားစီရင်ရေး ကဏ္ဍနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဌာနတိုင်းမှာ ဝန်ထမ်း ရွေးချယ်တဲ့အခါ ပင်ကိုယ် စိတ်နေ စိတ်ထားနဲ့ အကျင့်စာရိတ္တ ကောင်းမွန်မှုအပေါ် အထူးအလေးထား စိစစ်ရွေးချယ်ရန်နှင့် လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း လိုအပ်သလို မကြာခဏပြုလုပ် ဖွင့်လှစ်သင်ကြား ပေးသင့်ပါတယ်။ လောကပါလ တရားများကို သိနားလည်ပြီး ကျင့်သုံးတတ်ရေးအတွက် လည်း နိုင်ငံတော်က ဦးဆောင်ပြီး လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန် လိုအပ်ပါတယ်။ ဒါ့အပြင် လက်ရှိတရား စီရင်ရေးကဏ္ဍမှာ တာဝန် ထမ်းဆောင်မည့်သူများ ရွေးချယ်ရာ၌  အသက်ကန့်သတ်ချက်များကို ယခုထက် ပို၍ ဖြေလျှော့မှုများ ပြုလုပ် ပြင်ဆင်သင့်ပါတယ်။ တစ်ချို့သော ဥပဒေ ဘာသာရပ်တွင် စိတ်ပါဝင်စားသူများ သည် ဘွဲ့လွန်ပညာရပ်များကို သင်ကြားနေသဖြင့် အသက်ကျော်လွန် သွားတတ်ပါသည်။ ဝန်ထမ်းပိုင်း၌ အသက် ကန့်သတ်ချက်ကြောင့် ပါဝင်နိုင်ခွင့် မရတော့ပါ။ သို့ဖြစ်၍ အရည်အချင်းရှိသော ပညာရှင်များသည် တာဝန် ထမ်းဆောင်ခွင့် မရတော့သည့် အတွက် နိုင်ငံတော်အတွက် များစွာ နစ်နာကြောင်းကိုလည်း တင်ပြ အပ်ပါတယ်။ ဒါ့အပြင် မိမိဒေသ၌ တာဝန်ထမ်းဆောင်နိုင်မည့် ဒေသခံ တိုင်းရင်းသားများကိုလည်း စာမေးပွဲ စနစ်ဖြင့် မဟုတ်ပဲ ရာခိုင်နှုန်းဖြင့် အချိုးကျ ပါဝင်စေသင့်ပါတယ်။ ဒေသခံများပါဝင်လာခြင်းဖြင့် မိမိ၏ဒေသ အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်မိပါသဖြင့် တင်ပြရခြင်းဖြစ်ပါတယ်။

လေးစားရပါသော ဥက္ကဋ္ဌကြီးရှင့် တရားစီရင်ရေးမဏ္ဍိုင်တွင် အဂတိတရားများ ကင်းစင်ရန် အကောင်းဆုံးနှင့် အလိုအပ်ဆုံးနည်းလမ်းမှာ စားဝတ်နေရေးအတွက် လုံလောက်သော ထောက်ပံ့မှုပေးခြင်း ဘဲဖြစ်ပါတယ်။ အဂတိ လိုက်စားမှုများတွင် အချို့သူများမှာ မိမိမိသားစု၏ စားဝတ်နေရေး၊ သားသမီးများ ပညာရေး၊ ကျန်းမာရေးတို့အတွက် မဖြစ်မနေ လိုအပ်သဖြင့် မလွဲမရှောင်သာ ကျူးလွန်ရခြင်းများရှိသလို တစ်ချို့ကတော့ လက်ရှိပြည့်စုံနေတဲ့ အတိုင်းအတာအပေါ် ရောင့်ရဲတင်းတိမ်မှုမရှိတဲ့ မတော်လောဘဖြင့် ကျူးလွန်ခြင်းများ လည်း ရှိကြောင်း မိမိပတ်ဝန်းကျင်၌ လေ့လာတွေ့ ရှိရပါတယ်။ မည်သို့ပင်ဆိုစေ အဂတိ လိုက်စားမှု လျော့နည်းလာပြီး တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ် လာစေနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်သော အချက် အနည်းငယ်ကို တင်ပြဆွေးနွေးလိုပါတယ်။

၁။ တရားစီရင်ရေးမဏ္ဍိုင်တွင် ပါဝင်ကြသူအဆင့်မြင့်တရားသူကြီးများနှင့် တရားစီရင်ရေးနှင့် ဆက်နွယ်သော ဝန်ထမ်းများ အားလုံးကို တတ်နိုင်သရွှေ့ ဌင်းတို့နေထိုင်ရာ ဒေသများတွင် မိသားစုနှင့်အတူ နေထိုင်ပြီး တာဝန် ထမ်းဆောင် စေခြင်းဖြင့် နေအိမ်ဌားရမ်းခမှအပ အခြားစရိတ်စကများ သက်သာလာနိုင်ပြီး အသုံးစရိတ်များ နည်းပါးသွားမည် ဖြစ်ပါသည်။ မိမိဒေသတွင် အခြေစိုက် တာဝန်ထမ်းဆောင်ခြင်းအားဖြင့် ဒေသခံများ အတွင်းဖြစ်ပွားသော အမှုအခင်းများတွင် အမှန်တရားကို ဖော်ထုတ်နှိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိနိုင်သည့်အပြင် ဆွေမျိုးရင်းခြာနှင့် ရပ်ဆွေ ရပ်မျိုးများအပေါ်၌ မတော်လောဘဖြင ဆက်ဆံခြင်းများလည်း ကင်းဝေးနိုင်ပါသည်။ ဥပမာ- ကျွန်မတို့ ကချင် ပြည်နယ်တွင် ယခု ဖွဲ့စည်းပုံ အသစ်၌ ဒေသခံ တိုင်းရင်းသား တရားသူကြီးချုပ်၊ ဥပဒေချုပ်တို့ကို ခန့်ပေးသည့် အတွက် ဒေသခံများအတွက် များစွာ အဆင်ပြေကြောင်း၊ ယခုကဲ့သို့ ဒေသခံ တိုင်းရင်းသားများ ကိုဦးစားပေး ခန့်ထားပေးသည့် နိုင်ငံတော် အကြီးအကဲများ ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဤလွှတ်တော်မှ တဆင့်တင်ပြအပါပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်များတွင် ယခုအခါ အမှုတန်ဖိုးကျပ် သိန်းငါးထောင် အထက်သာ လက်ခံ စစ်ဆေးရတဲ့ အတွက် ခရိုင်ရုံးများမှာ အမှုများစုပုံ နေတာကို လေ့လာတွေ့ ရှိရပါတယ်။ ခရိုင်ရုံးများမှာ တရားမမူလမှု၊ ပြစ်မှုမူလမှုများအပြင် မြို့နယ် တရားရုံးများက တင်သွင်းလာတဲ့ အယူခံ၊ ပြင်ဆင်မှုတွေကိုလည်း လိုအပ်သလို စစ်ဆေးကြားနာ ပေးရတဲ့ အတွက် အမှုများ၊ အလုပ်များ၊ အမှုကြန့်ကြာ မှုတွေရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် အမှန်တရား ဖော်ထုတ် စစ်ဆေးရေးမှာ အားနည်းလာနိုင်ပါတယ်။ ဒါကြောင့် အမှု စစ်ဆေးရန် နည်းပါးနေတဲ့ ပြည်နယ်၊ တိုင်းတရား လွှတ်တော်များမှာ အမှု တန်ဖိုးကျပ် သိန်းသုံးထောင် အထက်ကို စစ်ဆေးစီရင်ခွင့်ပေးဖို့ ပြောင်းလဲ သတ်မှတ်သင့်ကြောင်း လက်ရှိ အနေအထား အပေါ်မူတည်ပြီး သုံးသပ် တင်ပြအပ်ပါတယ်။

ပြည်နယ်နှင့် တိုင်းတရား လွှတ်တော်များတွင် တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရဲတပ်ဖွဲ့၊ အထူး မူးယစ်တပ်ဖွဲ့၊ ရဲ အထူး သတင်းတပ်ဖွဲ့၊ အထူးစုံစမ်းရေး အဖွဲ့နှင့်အကျဉ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ကြန့်ကြာ မှုခင်းများပြီးပြတ် စေရေးနှင့် မှုခင်းကျဆင်းမှု ဆွေးနွေးပွဲများ မကြာခဏပြုလုပ်ကြောင်း လေ့လာတွေ့ရှိရ ပါတယ်။ အဆိုပါ လုပ်ရပ်များသည် ပြည်သူ့အတွက်အကျိုးရှိသော ဆောင်ရွက်မှုများဖြစ်သော်လည်း မှုခင်း ဖြစ်ပြီးမှ ဆောာင်ရွက်ခြင်း ဖြစ်တဲ့အတွက် အကျိုးရှိမှု နည်းပါးကြောင်း လေ့လာတွေ့ရှိရပါတယ်။

သို့ဖြစ်၍ အထက်ဖော်ပြပါ ပူးပေါင်းအဖွဲ့အစည်းများ အနေဖြင့် မှုခင်း မဖြစ်မီ လူထုအတွင်းဥပဒေ ပညာပေး ဟောပြောပွဲများကို အခါအားလျော်စွာ၊ အကြိမ်ရေများနိုင်သမျှများ အောင်ပြုလုပ် ပေးခြင်းဖြင့် တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင် လာရေး အတွက် များစွာ အထောက်အကူပြုမည်ဟု မျှော်လင့်ယုံကြည်ပါသဖြင့် ဤလွှတ်တော် မှတဆင့် တင်ပြအပ်ပါသည်။

အကြောင်းကတော့ အဲဒီအဖွဲ့အစည်းတွေက ဖမ်းဆီး၊ အရေးယူ၊ အပြစ်ပေးနိုင်သူတွေ ဖြစ်လို့ သူတို့ရဲ့ပြောဆို ချက်တွေက လူထုထဲမှာ ပိုမိုထိရောက်မှုရှိမှာဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးက တရားဥပဒေရဲ့ အတိမ်အနက်၊ သဘောတရားတွေကို ယေဘုယျအားဖြင့် နားလည်ထားခြင်းသည်လည်း တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ် လာစေရန်နှင့် အဂတိတရားများကို လျော့နည်းသွားစေနိုင်တဲ့ အဓိကအချက် တစ်ရပ် ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီး နဲ့ကိုယ်စားလှယ်များရှင့်

နံပါတ် (၄) အချက်အနေနဲ့ တင်ပြလိုတာက ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိရေးကို တိတိကျကျ ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။ နိုင်ငံသားတိုင်းက ဥပဒေပါအခွင့်အရေးများကို ရယူခံစားခွင့်ရှိတာနဲ့အညီ အခွင့်အရေးနဲ့ ဒွန်တွဲလျှက်ရှိတဲ့တာဝန်ဝတ္တရားများကိုလည်း လေးစားလိုက်နာ ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရားဥပဒေ စိုးမိုးရေးသည် တည်ငြိမ်အေးချမ်းမှုအပေါ်မှာ များစွာ တည်မှီနေပါတယ်။ ယခုအခါတည်ငြိမ် အေးချမ်းမှုမရှိတဲ့ဒေသတွေမှာ တရားဥပဒေ စိုးမိုးမှုများ ကင်းမဲ့နေတာတွေ တွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့ ဇွန်လ ကုန်လောက်မှာ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ ဒေသမတည်ငြိမ်မှုနဲ့ပတ်သတ်တဲ့ အမှုတစ်ခုကို ဖြောင့်ချက် လာယူရာမှာ တပ်မတော်ပိုင်းက တာဝန်ရှိသူတစ်ဦးက ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်မှုကို ပြုလုပ်ကြောင်း တရားသူကြီးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဖြောင့်ချက်လာယူတဲ့ တရားခံရဲ့ ဝမ်းဗိုက်မှာ အသံဖမ်းစက် တပ်ဆင် ပေးလိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ ယင်းနေ့က ဖြောင့်ချက်ရယူခြင်းမပြုခဲ့ပါ။ နောက်ပိုင်းမှာ ဥပဒေနှင့်အညီ ဖြောင့်ချက် ရယူခဲ့သော်လည်း တရားရုံးအား မထီမဲ့မြင် ပြုပြီး ဥပဒေနဲ့ မညီတဲ့လုပ်ရပ်ကို ဆောင်ရွက်သူကို အရေးယူမှု မပြုလုပ်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် တရားရုံးက စစ်ဆေးပြီး အမိန့်ချမှတ်ခြင်း မပြုလုပ်မီ ရုပ်မြင်သံကြား သတင်းနှင့် နိုင်ငံပိုင် သတင်းစာများတွင် အမိန့်ချပြီးသကဲ့သို့ ရေးသားဖော်ပြခြင်းများသည်လည်း ဥပဒေနှင့်မညီညွတ်သည့် အပြင် လူ့အခွင့် အရေးကို ထိပါးသော ကိစ္စရပ်များဖြစ်သဖြင့် တရားရုံးများက တားဆီးရန်တာဝန်ရှိပါသည်။ ကြောက်ရွံ့သဖြင့် အားနာသဖြင့် ပြုလုပ်ရမည့်အလုပ်ကို မပြုလုပ်ခြင်းသည်လည်း အဂတိတရားတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ယင်းကိစ္စများသည်လည်း တရားစီရင်ရေး မဏ္ဍိုင်အပေါ် ပြည်တွင်း ပြည်ပက ကျယ်လောင်စွာ အောင်ဟစ် ဝေဖန်မှုများ ဖြစ်ပေါ်လာရခြင်း အကြောင်းတစ်ရပ် ဖြစ်ပါကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတည်း၏ လုပ်ဆောင်မှု မှားယွင်းခြင်းကြောင့် အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာများ အပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားမှုမရှိစေရန် ဆင်ခြင်သင့်ပါကြောင်း ဤလွှတ်တော်မှ တဆင့် သက်ဆိုင်ရာသို့ တင်ပြအပ်ပါသည်။

လေးစားရပါတဲ့ ဥက္ကဋ္ဌကြီးရှင့်

ဒီကနေ ကျွန်မရဲ့ တင်ပြချက်၊ ဆွေးနွေးချက်များဟာ ဥက္ကဋ္ဌကြီး မှာကြားထားတဲ့ အတိုင်း လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးခြင်းဖြစ်ပါတယ်။ ကျွန်မရဲ့တင်ပြချက်များအပေါ် လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ သဘောထား တူညီတာတွေရှိသလို သဘောထားကွဲပြားမှုတွေလည်း ရှိနိုင်ပါတယ်။ သို့သော် ကျွန်မအနေဖြင့် နိုင်ငံတော် နှင့် ပြည်သူလူထုအတွက် မိမိအနေဖြင့် အကျိုးရှိမည်ဟု ယူဆသဖြင့် သဘောရိုးဖြင့် တင်ပြခြင်းသာ ဖြစ်ပါတယ်။

အနာဂတ်မှာ ပြည်သူ့ တရားသူကြီးများနဲ့ ပြည်သူ့ ကိုယ်စားလှယ်များသည် အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်နိုင်ခြင်းဖြင့် တရားစီရင်ရေး မဏ္ဍိုင် ပိုမိုတည့်မတ် မှန်ကန်ပြီး နိုင်ငံအကျိုး ပြည်သူ့ အကျိုးကို ပိုမိုဖြစ်ထွန်း လာစေရန် မျှော်လင့် မိပါကြောင်း တင်ပြရင်း ကျွန်မ၏ ဆွေးနွေးမှုကို နိဂုံးချုပ် အပ်ပါတယ်။ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

Standard (Image)