လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုတောင်းပြီးတော့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပါ။
ဥက္ကဋ္ဌကြီးခင်ဗျား။ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ အစီရင် ခံစာနှင့် ပတ်သက်ပြီးတော့ ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်တွေကလည်း စောစောက ဥက္ကဋ္ဌကြီး ပြောပြတဲ့အတိုင်း တော်တော်လေးများ ပါတယ်။ များသလောက်လည်း ဆွေးနွေး ကြမယ့် အကြောင်းအရာလည်း ပြည့်စုံလိမ့်မယ်လို့ ယုံကြည် ပါတယ်။
ဥက္ကဋ္ဌကြီး ခင်ဗျား။ အစီရင်ခံစာရဲ့ စာမျက်နှာ ၃ စာပိုဒ် ၈ မှာ ၃၀-၆-၂၀၁၂ ရက်နေ့အထိ ဒီကော်မတီရဲ့ သက်တမ်း ၁၀ လအတွင်းမှာ ဝင်စာအမှုတွဲ ၁၃၀၈ ခု လက်ခံရရှိခဲ့ကြောင်း ၆၀ ရာခိုင်နှုန်းခန့်က တရားမမှုခင်းဖြစ်ပြီးတော့ ၃၅ ရာခိုင်နှုန်းမှာ ရာဇဝတ်မှုခင်းဖြစ်တယ်။ တခြား ကိစ္စတွေက ၅ ရာခိုင်နှုန်းလောက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စာပိုဒ် ၃ မှာ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင် စေရန်အတွက် ပူးပေါင်းကူညီ ထောက်ပံ့ပေးရေး အဆိုကို လွှတ်တော်မှာ တင်သွင်း နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီအချက်တွေနှင့် ပတ်သက်ပြီးတော့ ဆွေးနွေးတင်ပြမှာ ဖြစ်ပါ တယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်မှု မရှိဆိုတာ အများသူငှာ ပြောဆို နေကြပါတယ်။ ဖြောင့်မတ် ကြံ့ခိုင်လာရေးအတွက် အကြောင်း အချင်းအရာ အရရော၊ ဥပဒေအရပါ တည့်မတ်ပေးရမှာ ဖြစ်ပါတယ်။ အစီရင်ခံစာရဲ့နောက်ဆက်တွဲစာမျက်နှာ ၂ စာပိုဒ် ၆ အပိုဒ်ခွဲ (ခ)မှာ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့် တရားသူကြီးတွေကို ပြည်သူ့ ကိုယ်စားလှယ်တွေနှင့် ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။ အင်မတန် သင့်မြတ်လှတဲ့ အကြံပြုချက်ဖြစ်ပေမယ့်လည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ ဒီအကြံပြုချက်ကို အကောင်အထည်ဖော်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၆) တရားစီရင်ရေးကဏ္ဍမှာ ပါရှိတဲ့ တရားသူကြီးများဖြစ်ဖို့ အရည်အချင်း တွေက ပြည်သူတွေကို ကိုယ်စားပြုထားတာထက် ပညာဂုဏ်၊ ရာထူးဂုဏ်တွေကိုပဲ ဦးစားပေးပြီး ဖော်ပြထားလို့ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်ရေးဟာ ပြည်ထောင်စုအဆင့်၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြိုနယ်အဆင့်ဆိုတဲ့ အဆင့်တိုင်းမှာ လိုအပ်နေတယ် ဆိုတာကို အစီရင်ခံစာ အရရော၊ အပြင်လောကမှာ နေ့တိုင်းကြားနေရ၊ တွေ့နေရ၊ မြင်နေရတဲ့ အကြောင်းအရာတွေ အရလည်း ထင်ရှားလှပါတယ်။ ဒီကနေ့ ရှိနေတဲ့ ဥပဒေတွေက တရားသူကြီးတွေ ကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ များနေပါတယ်။ တရားရုံး များကို မထီမဲ့မြင်ပြုခြင်း၊ တရားသူကြီး တွေကို တရားမကြောင်းဖြင့် အရေးမယူနိုင်ခြင်း၊ သဘောရိုးဖြင့် ဆောင်ရွက်ခြင်း ဒီပြစ်မှု မမြောက်ခြင်း စတဲ့ ဥပဒေရဲ့ ရည်ရွယ်ချက်ကောင်းတွေဟာ တရားသူကြီးတွေ လုပ်ချင်တာ လုပ်နိုင်အောင် ကာကွယ် ပေးထားသလို ဖြစ်နေပါတယ်။ နောက် တရားသူကြီးတွေရဲ့ အမှားတွေကို အထက်အဆင့်ဆင့် တရား သူကြီးတွေကလည်း ပြုပြင်မပေးဘဲ အမှားတွေကို ပြုပြင်ပေးရမယ့် အစား အထက် တရားသူကြီးတွေက အဆင့်ဆင့် အကာအကွယ်ပေးနေ ကြတယ်ဆိုတာကိုလည်း အများကြီး တရားစီရင်ရေး လောကမှာ ကြားနေ၊ သိနေကြရပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကြုံဖူးတာတွေ အများကြီး ရှိပါတယ်။
ဥက္ကဋ္ဌကြီး ခင်ဗျား။ တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်မှုရှိလာအောင် ဥပဒေ ပြဋ္ဌာန်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တရားသူကြီးတွေကို အလွန်အကျွံ အကာအကွယ် ပေးနေတဲ့ သူတွေကို လည်း ပယ်ဖျက်ပေးဖို့ လိုအပ်လှပါတယ်။ ကျွန်တော်ဟာ ရှေ့နေလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း ပြုတဲ့ သူတစ်ယောက်ပါ။ ကျွန်တော့် ရှေ့နေလုပ်သက် နှစ်ပေါင်း များစွာကာလအတွင်းမှာ ရိုးရိုးသား သားကြိုးစားဆောင်ရွက်ကြတဲ့ တရားရေးအရာရှိတွေ၊ ဥပဒေအရာရှိတွေကို အများကြီး တွေ့ဖူးပါ တယ်။ ကိုယ့်တာဝန် ကိုယ့်အလုပ်ကို ရိုးသားကြိုးစား ဆောင်ရွက်ကြတဲ့အတွက်ကြောင့် ချီးကျူး ဂုဏ်ပြုစရာမလို ဆိုပေမယ့်လည်း မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို မတရား ဆောင်ရွက်ကြတဲ့အတွက် ပြည်သူ တွေ ဘဝပျက်ကြတာတွေ အတွက်တော့ အရေးယူဖို့ လိုအပ်ပါတယ်ခင်ဗျား။ အရေးယူတယ်ဆိုရာမှာ လည်း ဌာနဆိုင်ရာ အရေးယူခြင်းလောက်နဲ့တော့ မလုံလောက်ပါဘူး။ အမှန်အတိုင်း ပြောရရင် ရီစရာ ပေါ့ဆိုတဲ့ စကားဖြစ်နေပါတယ်။ အရေးယူတယ်ဆိုရာမှာလည်း ဌာနဆိုင်ရာ အရေးယူခြင်းလောက်နဲ့ တော့ မလုံလောက်ပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ပြောဖူးသလို တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူရန်လည်း လိုအပ်တယ် ဆိုတာ တင်ပြလိုပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်မှသာ တရားစီရင် ရေး မဏ္ဍိုင်ဖြောင့်မတ် ကြံ့ခိုင်ရေးအတွက် ဝိုင်းဝန်း ကူညီဖြောင့်မတ်ပေးရေး အဆိုကို အကောင်အထည် ဖော် ဆောင်ရွက်ရာမှာ အထောက် အကူပြုမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော် အတွေ့အကြုံ အများကြီးအနက်က အချိန်ကလည်း များများစား စား ခွင့်မပေးတော့ မိသားစုတွေ ဘဝပျက်သွားကြတဲ့ ဖြစ်ရပ်တွေအနက်က ဖြစ်ရပ် ၂ ခုလောက်ကို တော့ သတိပြုသင့်ဖွယ်ရာ အဖြစ်အပျက်တွေအဖြစ်နဲ့ ဒီလွှတ်တော်ကြီးမှာ ဥက္ကဋ္ဌကြီးမှ တစ်ဆင့် တင်ပြ လိုပါတယ်။ ပထမတစ်ခုကတော့ ဦးခင်မောင်ဝင်းနှင့် ဦးဘိုမောင် ဆိုတဲ့ အမှုဖြစ်ပါတယ်။ အခု ကျွန်တော် တင်ပြမယ့် အမှု ၂ လုံးဟာ ကျွန်တော်နေထိုင်တဲ့ ကျောက်ဖြူမြို့က အဖြစ်အပျက်တွေပါ။ ဒီ ဦးခင်မောင်ဝင်းနှင့် ဦးဘိုမောင် အမှုက ခွင့်ပြုချက်နှင့် ထားသူကို နှင်ထုတ်လိုမှု ဖြစ်ပါတယ်။ ဒီနေရာ မှာ လိုက်နာရမယ့် စီရင်ထုံးကို မလိုက်နာချင်တဲ့အတွက် အမှုကို ဆုံးဖြတ်တဲ့ တရားသူကြီးတွေက လိုက်နာရမယ့် စီရင်ထုံးကို ဘေးဖယ်ထားပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက်ကြောင့် ဒီအမှု အကြောင်းကို တင်ပြမှာ ဖြစ်ပါတယ်။ အမှုဖြစ်စဉ်ကတော့ အကျဉ်းချုပ်တင်ပြပါမယ်။ ဦးဘိုမောင်ဆိုတဲ့ လူက ဦးခင်မောင်ဝင်း အမေရဲ့ မောင်အရင်း ဖြစ်ပါတယ်။ ဦးဘိုမောင်ဟာ လူပျိုဘဝတုန်းက ဦးခင်မောင်ဝင်း မိဘတွေနှင့် အတူနေခဲ့တယ်။ ကျောက်ဖြူမြို့မှာ ၁၉၆၃ နောက်ပိုင်းမှာ စေတီတောင် ရပ်ကွက်ဆိုတဲ့ ရပ်ကွက်သစ်မှာ မြေကွက်တွေ ချပေးတယ်။ ဦးဘိုမောင်က အဲဒီရပ်ကွက်မှာ မိမိနာမည် နှင့် နှစ်ပေါင်း ၃၀ ကျော်လောက် အခွန်ဆောင်ပြီးတော့ နေလာခဲ့တယ်။ ဦးဘိုမောင်တို့ မိသားစုက အင်မတန် ဆင်းရဲကြတယ်။ သားသမီးတွေ ကလည်း အရွယ် မရောက်ကြသေးဘူး။ မိအိုဖအိုနှင့် အရွယ်မှာ တရားစွဲခံရပါတယ်။ ဦးခင်မောင်ဝင်းတို့မှာ ညီအစ်ကိုမောင်နှမ ၃ ယောက်ရှိပါတယ်။ မိဘတွေ ကွယ်လွန်သွားတဲ့ နောက်ပိုင်း ၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက်မှာ ဦးခင်မောင်ဝင်းက ဦးဘိုမောင်ကို သူနေထိုင်တဲ့ မြေကွက်ကို သူ့ဖခင်ထံက အမွေ ရရှိကြောင်း ဦးဘိုမောင်ကို သူ့ဖခင်က ခွင့်ပြုချက်နှင့် ထားခဲ့ကြောင်း၊ ထို့မြေကွက်မှ နှင်ထုတ်ခွင့် ရလိုကြောင်းဖြင့် တရား စွဲဆိုပါတယ်။ အောက်ရုံးတွေမှာ ကြုံခဲ့တွေ့ခဲ့ရတာ စက်ဆုပ်ဖွယ်ရာတွေ ကတော့ မပြောတော့ပါဘူး။ မူလရုံးမှာ ဦးဘိုမောင် ရှုံးပါတယ်။ ရန်ကုန်မြို့ တရားရုံးချုပ်ကို ဒီအမှု ၂၀၀၆ ခုနှစ်လောက်မှာ ရောက်ပါတယ်။ ဦးဘိုမောင် အမှုနှင့် တစ်ထပ်တည်းလောက် တူညီတဲ့ စုံညီခုံရုံး ဆိုတဲ့ တရားရုံးချုပ်မှာ အမြင့်ဆုံးစီရင်ရုံးပါ။ စုံညီခုံရုံးက ဆုံးဖြတ်ခဲ့တဲ့ စီရင်ထုံးကလည်း ရှိနေတော့ ဒီစီရင်ထုံးကလည်း ပူပူနွေးနွေး ရှိနေတယ်။ ဒီစီရင်ထုံးမှာ ခွင့်ပြုထား တာကတော့ ပိုင်ရှင်ဟောင်းရဲ့ မရွှေ့မပြောင်းနိုင်သော ပစ္စည်းမှာ နေထိုင်သူကို နှင်ထုတ် မယ်ဆိုရင် တရားစွဲမယ့် ဆက်ခံသူဟာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို တရားဝင်ပိုင်ဆိုင်သူ ဖြစ်ရန် လိုကြောင်း ခွင့်ပြုထားပါတယ်။ ဦးခင်မောင်ဝင်းနှင့် သူဖခင် ၂ ဦးလုံးဟာ ဦးဘိုမောင်နေတဲ့ အစိုးရ မြေကွက်ကို တရားဝင် ပိုင်ဆိုင်တယ်ဆိုတဲ့ အထောက်အထား တစ်ခုမှ မရှိကြပါ။ ဦးဘိုမောင်က မိမိနာမည်နှင့် နှစ်ပေါင်း ၃၀ လောက် အခွန်ဆောင်ပြီးတော့ နေထိုင်တဲ့မြေ ဖြစ်ပါတယ်။ ရန်ကုန် တရားရုံးချုပ်မှာ အထက်ပါစုံညီခုံရုံးရဲ့ စီရင်ထုံးကို ဦးဘိုမောင်ဘက်က တင်ပြခဲ့ပါတယ်။ စီရင်ထုံးကို အမှုဆုံးဖြတ်တဲ့ တရားသူကြီးက ပညာရှိဆိုတော့ ပညာ သုံးလိုက် ပါတယ်ခင်ဗျား။ စီရင်ချက် ထွက်လာတော့ အဲဒီအဆို စုံညီခုံရုံး စီရင်ထုံး အကြောင်း လုံးဝ ဖော်ပြခြင်းလည်း မရှိတော့ဘူး။ ထည့်သွင်း သုံးသပ်ခြင်းလည်း မရှိတော့ဘူး။ အဲဒီစုံညီခုံရုံးရဲ့ စီရင်ထုံးကို ထည့်သွင်းဖော်ပြသုံးသပ်ရင် လိုက်နာ ရမယ့် စီရင်ထုံးဖြစ်တဲ့ အတွက်ကြောင့် အမှုဆုံးဖြတ်တဲ့ တရားသူကြီးက မလွဲမသွေ လိုက်နာရမှာ ဖြစ်လို့ မျက်ကွယ် ပြုလိုက်ပါတယ်။ ဦးဘိုမောင်တို့ မိသားစုလည်း ဘဝပျက်သွားကြပါတယ်။ မကျေနပ်လို့ တိုင်ရင် တရားရုံးများကို မထီမဲ့မြင်ပြုခြင်း ထိနိုင်ပါတယ်။ အဲဒီလို ထိလို လိုင်စင်ရုပ်သိမ်းခံထားရတဲ့ ကျွန်တော့် မိတ်ဆွေတွေ ဒုနဲ့ဒေးပါ။
ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်ဖြစ်ရပ် တစ်ခုကို တင်ပြလိုပါသေးတယ်။ သည်းခံပြီးတော့ အချိန်ပေး စေချင်ပါတယ်။ ဒါအင်မတန် ပြည်သူတွေရဲ့ ဘဝပျက်ယွင်းရတဲ့ ထဲက ဒီလွှတ်တော်က ကိုယ်စားလှယ် တွေ ကြားသင့်တယ်လို့ ထင်တဲ့ အတွက်ကြောင့် တင်ပြမှာ ဖြစ်ပါတယ်။ ခုတင်ပြမယ့် ဖြစ်ရပ်ကတော့ တရားစီရင်ရေး ကဏ္ဍ တစ်ခုတည်းက သက်ဆိုင်တဲ့ အမှုမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် လိုက်ပါ ဆောင်ရွက်ခဲ့တဲ့ အမှုလည်း မဟုတ်ပါဘူး။ ကျွန်တော့် အိမ်ရှေ့မှာ၊ ကျွန်တော့်မျက်စိရှေ့မှာ ကျောက်ဖြူ မြို့ရဲ့ အလယ်ခေါင်မှာ၊ မြို့လယ်ရပ်ကွက်ကြီးမှာ ဖြစ်နေတဲ့ ဖြစ်ရပ်ပါ။ ဒီအမှုမှာ တရားလို ဦးမျိုးသိန်း ဆိုတဲ့ ပုဂ္ဂိုလ်က တရားပြိုင် ဦးသန်းမြင့်ဆိုတဲ့ ပုဂ္ဂိုလ်ကို စွဲတဲ့အမှု ဖြစ်ပါတယ်။ အမှုက ကျူးကျော်မြေ ကို လက်ရောက်ရလိုမှု ဖြစ်ပါတယ်။ ကျူးကျော်မြေကို လက်ရောက်ရလိုမှု မြေကြီးပေါ်မှ ကျူးကျော်မှု ဘာမှ မရှိဘူး။ ဒါပေမယ့် မြေပုံရေးဆွဲတဲ့အခါကျတော့ ကျူးကျော်ထားတယ်လို့ ရေးဆွဲတယ်။ ဒီဂရီ အတည်ပြုတဲ့ အခါကျတော့ ဦးသန်မြင့်က ဦးမျိုးသိန်းရဲ့ မြေပေါ်မှာ ကျူးကျော်လို့မှ မရှိဘဲ။ ဦးသန်းမြင့် ရဲ့ လက်ရှိခြံထဲက မြေကြီးတွေကို ယူပြီးတော့ ဦးမျိုးသိန်းကို ပေးလိုက်တယ်။ ဘယ်လောက် ရင်နာ ဖွယ်ရာ ဖြစ်ရပ်လည်း နည်းနည်းလေး ချန်ထားပြီးတော့ ပြောပါမယ်။ ဥပဒေအကြောင်း မပြောခင် အကြောင်းအချင်းအရာလေး နည်းနည်းလေး တင်ပြပါရစေခင်ဗျား။ ဦးမျိုးသိန်း၏ ဖခင် ဦးညီငယ် ဆိုတဲ့ ပုဂ္ဂိုလ်မှာ ကျောက်ဖြူမြို့အလယ်မှာ ဗိုလ်ချုပ်လမ်းနှင့် ဖြတ်လမ်း ၃ လမ်းဆုံမှာ ဦးပိုင်အမှတ် ၁၁၇ မြေကွက်ရှိပါတယ်။ ဒီမြေကွက်မှာ အနောက်ဘက်က မြေနှစ်ကွက်ကို ဦးညီငယ်က ရောင်းစား ပစ်လိုက်၊ အရှေ့ဘက် ဖြတ်လမ်း ၃ နားမှာ ပေ ၄၀ x ၅၀ လောက် မြေကွက်တစ်ကွက် ကျန်တယ်။ ဒီမြေကွက်ကို သူ့သား ဦးမျိုးသိန်းကို လွှဲပြောင်းပေးလိုက်တယ်။ ၁၉၈၅ ခုမှာ ဦးညီငယ်ပိုင်တဲ့ ဦးပိုင် အမှတ် ၁၁၇ မြေကွက်ရဲ့ တောင်ဘက်နားမှာ ရှိတဲ့ ဦးပိုင်အမှတ် ၁၁၈ မြေကွက်ကို အခုတရားစွဲ ခံရတဲ့ ဦးသန်းမြင့်နှင့် အစ်မဖြစ်တဲ့ ဒေါ်ခင်နုတို့ မောင်နှမ ၂ ယောက်က မူလပိုင်ရှင် ဆရာမကြီး ဒေါ်စန်းစန်း ထံမှ ဝယ်လိုက်ပါတယ်။ ဝယ်ပြီးတော့ ၈၅ ခုနှစ်ကပဲ နေတယ်။ ဒါပေမယ့် ၁၉၉၁ ခုနှစ်မှာ မြေတိုင်း ဌာနနှင့် တရားဝင် တိုင်းတာပြီးတော့ သူတို့ မောင်နှမ ၂ ယောက် မြေခွဲဝေကျတဲ့အခါ ဦးသန်းမြင့်က မြောက်ဘက်အခြမ်းကို ရတယ်။ ဦးညီငယ်နှင့် ခြံစည်းရိုးချင်းဆက်တယ်။ သူ့အစ်မက တောင်ဘက် ခြမ်းကို ရတယ်။ တိုင်းတာခွဲဝေပေးတာလည်း မြေတိုင်းဌာနက တိုင်းတာခွဲဝေပေးတယ်။ ဒီလို ခွဲဝေပေး ပြီးမှ မှတ်ပုံတင်စာချုပ်လုပ်လို့ ရတယ်။ ဦးသန်းမြင့်က ပင်စင်စားဆိုတော့ သားသမီးတွေ စာသင်ဖို့၊ သူထမင်းစားဖို့အတွက် အိမ်ယာမြေကို ရောင်းစားရပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဦးသန်းမြင့်က မြောက်ဘက် အခြမ်းက သူ့မြေက ပေ ၁၂၀ လောက်ရှည်ပါတယ်။ မြောက်ဘက်အခြမ်းက တရားလို ဦးမျိုးသိန်းရဲ့ ခြံစည်းရိုးဘက်နားက အရှည်ပေ ၆၀၊ အကျယ်က ပေ ၂၀ လောက်ရှိတဲ့ မြေကို မြေတိုင်း ဌာနနှင့် တိုင်းတာပြီးတော့ အဲဒီတုန်းက ကာလတန်ဖိုးကျပ်သိန်း ၃၀ လောက်နဲ့ ရောင်းလိုက်ပါတယ်။ စာချုပ် အမှတ်က ၂၄/၂၀၀၄ ခု၊ စာချုပ်မှတ်ပုံတင်ပြီး ရောင်းလိုက်တယ်။ ရောင်းလိုက်တဲ့အတွက် ဦးဦးချေဆိုတဲ့ လူက သူဝယ်တဲ့ မြေမှာ အဆောက်အဦ ဆောက်ဖို့ ဖောင်တေးရှင်းချတယ်။ ဖောင်တေးရှင်းချတော့ ခြံစည်းရိုးနားကို ကပ်ပြီးတော့ မြေတူးတယ်။ မြေတူးတဲ့အခါ မူလခြံစည်းရိုး ပျက်တာပေါ့။ ဒီတော့ ဟိုဘက်ခြံ၊ ဒီဘက်ခြံ စကားများတယ်။ အဲဒီအချိန်မှာ ဦးမျိုးသိန်းရဲ့ ခြံမှာ ဦးမျိုးသိန်းက မနေဘူး။ ဒေါ်ညွန့်သိန်းဆိုတဲ့ ပုဂ္ဂိုလ်ကို ငှားထားတာလား၊ ပေးထားတာလား မသိဘူး။ သူက လုပ်ငန်းရှင်၊ လုပ်ငန်းရှင်ဆိုတော့ အဲဒီမြေမှာ သူက အဆောက်အဦက အပြည့်အဝ ဆောက်ပြီး သား၊ နောက်မြေနှင့် ပတ်သက်ပြီးတော့ စကားများကြတယ်။ မြေတိုင်းဌာနက လာပြီးတော့ မြေတိုင်း တယ်။ မြေတိုင်းတဲ့အခါ ဦးသန်းမြင့်ဆီမှာ မြေ ၁၀ ပေလောက်ပိုနေတယ်ဆိုပြီးတော့ စကားထွက်လာ တယ်။ ၂၀၀၄ ခုနှစ်လောက်မှာ အဲဒီစကား ထွက်လာတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ မြေပိုနေတယ်ဆိုတာနှင့် ကျူးကျော်တာနှင့်မတူပါဘူး။ ပိုနေတယ်ဆိုတာ ဘာကြောင့် ပိုနေလဲ။ ဦးသန်းမြင့်၊ ဦးမျိုးသိန်းတို့ ဖခင် ဦးပိုင်အမှတ် ၁၁၇ နှင့် ၁၁၈ ကြားမှာ ခြံစည်းရိုးက ၁၂၀ ရှည်ပါတယ်။ ပိုတယ်ဆိုတာက ပေ ၅၀ လောက်နေရာမှာ လာပိုတယ်ဆိုပြီးတော့ ပြောတာ။ ပိုတာနှင့် ကျူးကျော်တာ မတူပါဘူး။ ပိုနေတယ်ဆိုတာ တရားလို ဦးသန်းမြင့်ရဲ့ မြေကွက်မှာ ပိုတာလား။ မူလက ရှိနေတဲ့ ဦးပိုင်အမှတ် ၁၁၈ ဒီမောင်နှမ ၂ ယောက် မခွဲခင်က ပိုနေတာလား။ ဒါလည်း မသဲကွဲပါဘူး။ ဒီဦးပိုင်အမှတ် ၁၁၇ မြေကွက်ကို မူလပိုင်ရှင် ဦးမျိုးသိန်းရဲ့ အဖေ ဦးညီငယ်က ဒေါ်အေးအိုင်ဖြူဆိုတဲ့ သူနှင့် ဦးသန်းရွှေမောင်တို့ကို အိမ်ယာမြေ ၂ ကွက် ဖြတ်ပြီးတော့ ရောင်းခဲ့ပါ တယ်။ အဲဒီတုန်းကလည်း ပိုတယ်၊ လိုတယ်ဆိုတာ မပေါ်ပေါက်ခဲ့ဘူး။ နောက်တစ်ခါ ဦးညီငယ်က သားဖြစ်တဲ့ ကိုမျိုးသိန်းကို လွှဲပေးတဲ့အချိန်ကလည်း ဒီမြေပိုတယ်၊ လိုတယ်ဆိုတာ မပေါ်ပေါက်ခဲ့ပါ ဘူး။ ဒါတွေက ဒီမြေကွက်နှင့် ပတ်သက်ပြီးတော့ အငြင်းထွက်နေတယ်ဟာပါ။ ပိုနေတယ်ဆိုရင်လည်း တရားစွဲဆိုလိုမရပါဘူး။ ပိုနေတယ်ဆိုတာ ပိုချင်လိုပိုနေတယ်။ ဘာကြောင့်ပိုနေတယ် ဘယ်သူမှ မသိဘူး။ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့။ ဒုတိယကမ္ဘာစစ်တုန်းက ဒါတွေဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒါကျွန်တော် မပြောတော့ပါဘူး။ ပိုနေရင် ဥပဒေက တရားစွဲလိုမရဘူး။ ကျူးကျော်မှ တရားစွဲလို ရတယ်။ ဒါပေမယ့် တရားစွဲလိုရတဲ့ အတွက်ကြောင့် ဦးသန်းမြင့်တို့ မိသားစု ဘဝပျက်သွား ကြတယ်။ ဆက်ပြီးတော့ တင်ပြလိုတာက ဦးသန်းမြင့်၊ ဦးမျိုးသိန်း ခြံစည်းရိုးမှာ စောစောက ပြောခဲ့ သလို မြေပေါ်မှာ ကျူးကျော်ထားတယ်လို့ ရေးဆွဲတယ်။ မြေကွက်မှာ တကယ်ကျူးကျော်တာ မရှိတဲ့ အခါ ဦးသန်းမြင့်ရဲ့ မြေကွက်က မြေကို ယူပြီးတော့ ဒီဂရီ အတည်ပြုတဲ့အခါ တရားရုံးက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ယူပြီးတော့ ပေးလိုက်တယ်။ ဘယ်လိုပေးလိုက်လဲဆိုတော့ မြေစာရင်းဌာန ဦးဦးချေကို ရောင်းလိုက်တဲ့မြေ တရားဝင်မှတ်ပုံတင်စာချုပ်နဲ့ ရောင်းခဲ့တဲ့မြေ၊ ဒီမြေ အုတ်ဖောင်တေးရှင်း ရှိပါတယ်။ ဖောင်တေးရှင်းပေါ်မှာ ဦးသန်းမြင့်က တဲလေးဆောက်တယ်။ ဘာကြောင့် တဲလေး ဆောက်လဲဆိုတော့ မြေစာရင်းဌာနက ဦးဦးချေကို ရောင်းတဲ့မြေ သူတို့ တိုင်းလို့၊ သူတို့ ပေးလို့၊ မှတ်ပုံတင်လို့ ရောင်းထားတာ တရားဝင်ဥပဒေနှင့်အညီ ရောင်းထားတဲ့မြေကွက်ကို ဒီမြေတိုင်းတဲ့ အခါ မြေစာရင်းဌာနက လူတွေက မြေအပို၊ အလိုရှိတယ်လို့ သတင်းလွှင့်လိုက်တဲ့အတွက်ကြောင့် ဦးဦးချေ ဆိုတဲ့လူက ဦးသန်းမြင့်ကို ဒီရောင်းထားတဲ့မြေကွက်ကို ခင်ဗျား ပြန်ဝယ်ပါဆိုပြီးတော့ ဦးသန်းမြင့်ကို ပြောလိုက်တော့ ဘယ်လောက်ရိုးသလဲ။ ပိုက်ဆံပြန်ပေးပြီးတော့ စာချုပ်ပြန်ဖျက်ပေးလိုက်တယ်။ အဲဒီ ဖောင်တေးရှင်း မြေကြီးထဲမှာ သူတဲလေး ထိုးပြီး ပြန်နေတယ်။ ကျွန်တော့်မြေပုံတွေမှာ တရားလို ဘက်က တင်ပြတဲ့မြေပုံရော၊ တရားပြိုင်ဘက်က တင်ပြတဲ့မြေပုံရော တရားလိုက အမှုဆွဲလို အမှုစစ် နေတဲ့အချိန်မှာ မြေစာရင်းဦးစီးဌာနက လုပ်ကြံပြီး ရေးဆွဲပေးတဲ့ မြေပုံရော ကျွန်တော့်ဆီမှာ ရှိပါတယ်။ မြေပုံမှာ ဆွဲတာကတော့ ဦးပိုင်အမှတ် ၁၁၇ နှင့် ၁၁၈ ကြားမှာရှိတဲ့ ခြံစည်းရိုးရဲ့ မြောက်ဘက်မှာ ဦးသန်းမြင့် ကျူးကျော်ထားတယ်လို့ ရေးဆွဲထားပါတယ်။ တကယ် ဒီဂရီကို အတည်ပြုလိုက်လို့ ဒီပြီးခဲ့ တဲ့ မေလတုန်းကလို့ ထင်ပါတယ်။ ပေးလိုက်တဲ့အခါကျတော့ ဦးသန်းမြင့်ရဲ့ ခြံစည်းရိုးရဲ့ တောင်ဘက် မှာ လာပြီးတော့ မြေကို ယူပြီးပေးလိုက်တယ်။ ဒီလို မတရားမူတွေကို မြင်သာအောင်လို့ ကျွန်တော် အပင်ပန်းခံပြီးတင်ပြတာပါ။ နောက်တစ်ခု ဒီမှာ တင်ပြလိုတာ ရှိပါသေးတယ်။ ဘာလဲဆိုတော့ သင်ခန်းစာယူဖို့ တင်ပြနေတာပါ။ ဒီအမှုမှာ မြေကြီးပေါ်မှာ ကျူးကျော်မှုမရှိဘဲနှင့် မြေပုံပေါ်မှာ ကျူးကျော်တယ်လို့ လုပ်ကြံရေးဆွဲပြီးတော့ ဒီဂရီအတည်ပြုတဲ့အခါ မြေပုံပေါ်မှာ မရှိတဲ့အတွက် ကြောင့် တရားလိုရဲ့ ခြံထဲက မြေကို ယူလို့မရတဲ့အခါ တရားပြိုင်ရဲ့ခြံထဲက တရားဝင် တရားပြိုင် တရားဝင်ပိုင်တဲ့ မြေကို ယူပြီးတော့ ပေးလိုက်တယ်။ ဒါနံပါတ်တစ် အမှား။ နံပါတ် နှစ် အမှားကတော့။ ကျွန်တော်လည်း အဆုံးသတ်တော့မယ်။
ဥက္ကဋ္ဌ။ ။ နိဂုံးချုပ်ပါ။
ဦးဘရှိန် (ကျောက်ဖြူ မဲဆန္ဒနယ်)။ ။ ကျွန်တော်လည်း နိဂုံးချုပ်ပါမယ် ခင်ဗျား။ ၁၂ နှစ် အတွင်းမှာ လွဲရမယ် ဆိုပေမယ့်လည်း ဦးသန်းမြင့် လက်ရှိ နေထိုင်ပြီးတော့ နှစ်ပေါင်း ၂၀ ကြာပြီးမှာ ဆွဲတယ်။ တရားဝင်မှတ်ပုံတင်စာချုပ်လုပ်ပြီးမှ ၁၄ နှစ်ကြာမှ ဆွဲတယ်။ ဥပဒေအရလည်း မှားတယ်။ အကြောင်းအချင်း အရာရလည်း မှားတယ်။ အဲလို အမှားမျိုးကို တရားစီရင်ရေးလောကမှာ တကယ် ကျူးလွန်နေကြတဲ့အတွက်ကြောင့် ဒီပြည်သူတွေ တကယ်ဘဝပျက်ကြတဲ့ အခြေအနေတွေ ရှိနေတယ် ဆိုတာကို တင်ပြပါတယ်။
ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့ နိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို အမှန်တကယ် တည့်မတ်ဖို့ လိုအပ်ပါတယ်။ လမ်းစဉ်ပါတီခေတ်တုန်းကတော့ တရားသူကြီး ၃ ဦးထိုင်၊ ၅ ဦးထိုင်တရားစီရင်ရေး စနစ်ဆိုတာ ရှိခဲ့ပါတယ်။ အဲဒီ ခေတ်တုန်းကတော့ အကျင့်ပျက် မရှိပါဘူး။ ၁၉၈၉ နောက်ပိုင်းမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကို အပြစ်တင်ပြောဆိုနေယုံလောက်နဲ့တော့လည်း ပြီးမှာ မဟုတ်ပါ ဘူး။ ဘယ်လိုဥပဒေတွေ ပြဋ္ဌာန်းပြီးတော့ ကာကွယ် ပေးကြရမလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ် တွေ အထူးအလေးအနက်ထား စဉ်းစားဖို့ လိုအပ်ပါကြောင်း တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့ အစီရင်ခံစာကို ထောက်ခံ ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
