လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဦးစွာဆုတောင်း မေတ္တာပို့သ အပ်ပါတယ်။ စစ်ကိုင်း တိုင်းဒေသကြီး၊ ကောလင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းရဲ့ ကသာခရိုင် တရားရုံးမှ စစ်ဆေးစီရင်ပြီး ပြစ်ဒဏ် ချမှတ်ချက်နှင့်စပ်လျဉ်း၍ ပြန်လည်စိစစ်သုံးသပ်ဆောင်ရွက်မှု အခြေအနေကို ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်မှ တင်ပြသွား မှာ ဖြစ်ပါတယ်။ မအေးအေးဆင့်နှင့် ဝင်းအောင်အပါ ၃ ဦးအမှုကို ကသာခရိုင် တရားရုံး ပြစ်မှုကြီးအမှတ် ၁၂/၂၀၀၂ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ စိစစ်ခဲ့ရာမှာ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ည ၁၂ နာရီ အချိန် ခန့်တွင် ကသာခရိုင်၊ ကောလင်း မြို့နယ် လွယ်မောက်တောင် ဘုရားပွဲတော်မှာ မအေးအေးဆင့်သည် မောင်နှမ ဝမ်းကွဲ တော်စပ်သူ မောင်နိုင်ဝင်းနှင့်အတူ အပေါ့သွားဖို့နှင့် သောက်ရေခပ်ဖို့အတွက်ကို ပွဲခင်းကနေထွက်လာခဲ့ရာ ပွဲခင်း အရှေ့ကိုက် ၁၀၀ ခန့်အကွာ ကောက်ရိုးပုံအနီးမှာ အမည်မသိ အမျိုးသား ၃ ဦးက မောင်နိုင်ဝင်းနှင့် မအေးအေးဆင့် တို့ကို ဆွဲခေါ်သွားပြီး တစ်ဦးက မောင်နိုင်ဝင်းကို တုတ်နှင့်ရိုက်ပြီး လှဲကျသွားစဉ် မအေးအေးဆင့်ကို သားမယားပြုကျင့်ဖို့ ကြံစည်ခဲ့တာကို ၂၀၀၂ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ မနက် ၃း၁၀ အချိန်မှာ မအေးအေးဆင့်က တိုင်ကြားတဲ့ အတွက် ကောလင်းရဲစခန်း က ပ-၈၁/၂၀၀၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၃၇၆/၅၁၁ အရ အမှုဖွင့်ပြီး ဒုရဲအုပ်ဝင်းအောင်မှ စစ်ဆေးခဲ့ရာ အခင်းဖြစ်ရပ် ပေါ်ပေါက်ချက် အရ ပုဒ်မ ၃၀၂/၃၇၆ သို့ ပြောင်းလဲ အရေးယူခဲ့ပြီး ခေတ္တ စခန်းမှူး ရဲအုပ် မောင်မောင်လတ်မှ အမှုစစ် အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁၇ ရက် နေ့မှာ ခေတ္တ စခန်းမှူး ရဲအုပ် မောင်မောင်လတ်သည် သင်တန်း ပြန်လည် ရောက်ရှိလာသည့် စခန်းမှူး ရဲအုပ် ခင်လင်းကို အမှု လွှဲအပ်ပေးပြီး ရဲအုပ်ခင်လင်းမှ ထိုအမှုအား ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။ အမှုမှ မသင်္ကာသူ ဝင်းအောင်၊ အောင်ချမ်းဦးနှင့် စောဝေမိုးတို့ကို ဖမ်းဆီးစစ်ဆေးပြီး ၂၀၀၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှာ အဓိက မသင်္ကာ တရားခံ ဝင်းအောင်ကို ကောလင်းမြို့နယ် တရားသူကြီး ဒေါ်လင်းလင်းရှေ့မှာ လူစီတန်း ပြသခဲ့ရာမှ တရားလို မအေးအေးဆင့်မှ ဝင်းအောင်ကို သုံးကြိမ် တိုင်တိုင် ဆွဲပြနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အခင်းဖြစ် အရပ်မှာ တွေ့ရှိတဲ့ ဘိနပ်ရာနှင့် ဝဲဘက် ခြေရာများကို ဖယောင်းလောင်း ခြေပုံစံရယူပြီး တရားခံ ၃ ဦးရဲ့ ဝဲဘက်ခြေယာနှင့်တူ၊ မတူ မှုခင်း တပ်ဖွဲ့သို့ ပေးပို့ခဲ့ရာမှာ ဝင်းအောင်ရဲ့ ဝဲဘက် ခြေပုံစံနှင့် အခင်းဖြစ်ရပ်မှာ ကျန်ရှိခဲ့တဲ့ ခြေပုံစံတို့ဟာ ပုံသဏ္ဍာန် အရွယ်အစားချင်း တူကြောင်း ပြန်ကြားခဲ့တဲ့ အပြင် မအေးအေးဆင့်မှာ အခင်းဖြစ်တဲ့ ညမှာ ကျူးလွန်သူတွေ ဝတ်ဆင်ထားတဲ့ အဝတ်အစားများဟာ ညအချိန်ဖြစ်လို့ အနက်ရောင်သာ မြင်ရကြောင်း ထွက်ဆိုချက်နှင့် သက်သေများရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ်ညက ဝင်းအောင်ဟာ မီးသတ်ဝတ်စုံ အင်္ကျီ ဝတ်ဆင်ထားကြောင်း ပေါ်ပေါက် ခြင်း၊ အောင်ချမ်းဦး၊ စောဝေမိုးနှင့်အတူ ရှိနေကြောင်းနှင့် မအေးအေးဆင့်ကို လူ ၃ ဦးက ဆွဲခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့တာကို စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရှိရပါတယ်။ အထက်ပါ အမှုစစ်ဆေး ပေါ်ပေါက် ချက်များကို ၂၀၀၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ကသာခရိုင် ဥပဒေရုံးသို့ အကြံပြု တောင်းခံခဲ့ရာ ၂၀၀၂ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ကသာခရိုင် ဥပဒေ ရုံးမှ တရားခံ ဝင်းအောင်၊ အောင်ချမ်းဦးနှင့် စောဝေမိုးတို့ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၁၁၄/ ၃၇၆/ ၃၄/၃၉၂ အရ တရားစွဲတင်ရန် အကြံပြုခဲ့တဲ့အတွက် မေလ ၆ ရက်နေ့မှာပဲ ကသာခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ပြစ်မှုကြီးအမှတ် ၁၂/၂၀၀၂ ဖြင့် လက်ခံ စစ်ဆေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ကသာ ခရိုင်တရားရုံး မှ အမှုစစ်ဆေးနေစဉ် ၂၀၀၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့နှင့် လွယ်မောက်တောင် စေတနာဝန်ထမ်း ဗုဒ္ဓဝေယျာ ဝစ္စသာသနာပြု အဖွဲ့ ဥက္ကဋ္ဌ ဆရာကြီး ဦးစီ ဆိုသူနှင့် ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် ရက်စွဲပါနှင့် ဝင်းအောင်၏ ဇနီး ဒေါ်မကြီး၊ စောဝေမိုးတို့၏ အစ်ကို ဦးမိုးထွန်းတို့က တိုင်စာများ ပေးပို့တိုင်ကြားတဲ့ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဖြစ်စဉ်အမှုမှန် ပေါ်ပေါက်စေဖို့ စိစစ်တင်ပြရာ မှုခင်းတပ်ဖွဲ့သို့ တာဝန် ပေးအပ်ခဲ့ပါတယ်။ အထက်မြန်မာနိုင်ငံ မှုခင်း တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးစံသိန်းနှင့်အဖွဲ့မှ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးခဲ့ရာမှာ ပြစ်မှု ကျူးလွန်သူများဟာ ဆန်းဦး၊ ဘိုလင်း၊ မောင်ကြီးတို့ ၃ ဦးဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့ပြီး အခင်းဖြစ်စဉ်က မအေးအေးဆင့် ဆီက ဆန်းဦးလုယူခဲ့တဲ့ ရွှေရည် ၁၄ ပဲရည် အလေးချိန် ၃ ပဲ ၁ ရွေးခန့်ရှိ သံကြိုး ကွင်းဆက် ရွှေဆွဲကြိုး တစ်ကုံးကို ဆန်းဦးက ရောင်းချထားတဲ့ ဒေါ်တင်ညွန့်ဆိုသူထံမှ ပြန်လည် သိမ်းဆည်းရမိခဲ့ပြီး ကောလင်းမြို့နယ် ဒုတိယမြို့နယ် တရားသူကြီး ဦးမြင့်ဦးရှေ့မှာ ပစ္စည်း တန်းစီ ပြသခဲ့ရာ မအေးအေးဆင့် က ၃ ကြိမ်တိုင် မှန်ကန်စွာ ရွေးချယ် ပြသနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ တရားခံ ဆန်းဦးပါ ၃ ဦးအား အခင်းဖြစ်ပြီးနောက် ထွက်ပြေး တိမ်းရှောင်နေတဲ့ အတွက် ဒုရဲမှူးစံသိန်းမှ ၂၀၀၃ ခုနှစ်၊ ဧပြီလ ၂၈ ရက် နေ့မှာ ကသာခရိုင် တရားသူကြီးထံ ကသာ ခရိုင်တရားရုံးရဲ့ ပြစ်မှုကြီးအမှတ် ၁၂/၂၀၀၂ နှင့် တရားစွဲဆို ခံထားရတဲ့ တရားခံတွေဟာ အစစ်အမှန် မဟုတ်ကြောင်း တရားခံ အစစ်အမှန်များဟာ ဆန်းဦးပါ ၃ ဦးတို့ ဖြစ်ကြောင်း၊ ၎င်းတို့ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိတာကို တင်ပြခဲ့ကြောင်း၊ ဒါ့အပြင် စုံစမ်း ပေါ်ပေါက်ချက်များနှင့် ပတ်သက်လို့ ဥပဒေ အကြံပြုချက်များ ပြန်ကြားပေးရန် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။ မှုခင်း တပ်ဖွဲ့ရဲ့ ဥပဒေအကြံ ပြုချက် တောင်းခံမှုနှင့် ပတ်သက်လို့ ရှေ့နေချုပ်ရုံးမှ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရက်စွဲပါ စာအမှတ် ၃ ညမ-၁-၁/၁၂၆ နှင့် ဥပဒေအကြံပြု ပြန်ကြားရာမှာ သက်သေ ဦးညွန့်မောင်၊ ဦးဘိုနီနှင့် ဦးအောင်စိုးတို့ရဲ့ ထွက်ဆိုချက်များ အရ ဆန်းဦးဟာ အဆိုပါပြစ်မှုကို ကျူးလွန်ကြောင်း ပြောပြခဲ့ခြင်း၊ တရားလိုရဲ့ ရွှေဆွဲကြိုးကို ဒေါ်တင်ညွန့်ထံမှ ပြန်လည် သိမ်းဆည်း ရမိခြင်းစတဲ့ အချက်များ ပေါ်ပေါက် နေပေမယ့်လည်း တရားခံ ဆန်းဦးပါ ၃ ဦးကို ဖမ်းဆီးရမီမှု မရှိသေးတဲ့ အတွက် ၎င်းတို့၏ ထွက်ဆိုချက်များနှင့် ဆက်စပ်သုံးသပ်နိုင်ခြင်း မရှိကြောင်း၊ ၎င်းတို့ကို ဖမ်းဆီးရမိခြင်း၊ ထွက်ဆိုချက်ရယူခြင်း မရှိဘဲ တရားရုံးတွင် တရားစွဲဆိုခံရပြီး နှစ်ဖက်ကြားနာမှုများ ပြုလုပ်ကာ ပြစ်မှုထင်ရှားတွေ့ရှိလို့ ပြစ်ဒဏ် စီရင်ခံထားရတဲ့ တရားခံ ဝင်းအောင်ပါ ၃ ဦးတို့ကို တရားခံ အစစ်အမှန် မဟုတ်ဟု ယူဆရန် လုံးဝဖြစ်နိုင်မည် မဟုတ်ကြောင်း။ တရားခံ အစစ်အမှန်ဟု ဆိုသူ တရားခံ ၃ ဦးကို ဖမ်းဆီး ရမိတဲ့အခါမှသာ ၎င်းတို့ရဲ့ ထွက်ဆိုချက်များနှင့် ပေါင်းစပ် သုံးသပ်၍ ကျူးလွန်တဲ့ ပုဒ်မများအရ တရားစွဲတင်သင့်၊ မတင်သင့်ကို ဥပဒေ အကြံပြု ပေးနိုင်မှဖြစ်ပြီး ကသာခရိုင် တရားရုံး ပြစ်မှုကြီး အမှတ် ၁၂/၂၀၀၂ နှင့် ဆက်စပ်နေတဲ့ တရားရုံးချုပ် မန္တလေးမှာ ရှိတဲ့ အယူခံမှု၊ ပြင်ဆင်မှုတွေနှင့် ပတ်သက်ပြီး မည်သို့ စီစဉ် ဆက်လက် ဆောင်ရွက်သင့်သည်ကို ဥပဒေအကြံပြုပေး နိုင်မည်ဖြစ်ကြောင်းကို ပြန်ကြားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှာ ကသာခရိုင် တရားသူကြီး ဦးသီဟမှ အမှုကို စစ်ဆေးရာမှာ တရားခံတို့ရဲ့ သဘောသဘာဝ က ပြစ်မှု ကျူးလွန်ခဲ့တဲ့ အတွက် ပြစ်ဒဏ် ကျခံရမှာကိုသိလို မိမိ ကျုးလွန်ခဲ့တဲ့ ပြစ်မှုကို ဖုံးကွယ်ကြမြဲ ဖြစ်ကြောင်း မလွှဲ မရှောင်မှသာ ဝန်ခံလေ့ရှိကြောင်း၊ ဆန်းဦးက ၎င်းလူသတ်မှု ကျူးလွန်ခဲ့ကြောင်းကို ၎င်းရဲ့ ဦးလေးအပြင် ညီဝမ်းကွဲ တော်စပ်သူ ဦးညွန့်အောင်နှင့် ဦးဘိုနီတို့ကို ပြောပြခဲ့ကြောင်း တရားခံပြ သက်သေများရဲ့ ထွက်ဆိုချက်ဟာ သဘာဝနှင့် ဆန့်ကျင်ပြီး လက်ခံနိုင်ဖွယ် မရှိကြောင်း ဖန်တီးထား သော သက်သေများသာ ဖြစ်တယ်လို့ သုံးသပ်ကြောင်း မအေးအေးဆင့်မှ တရားခံ ဝင်းအောင်ကို မှတ်မိခြင်း၊ တရားခံ ဝင်းအောင်၏ ခြေပုံစံနှင့် အခင်းဖြစ်ရပ်မှာ ကျန်ခဲ့တဲ့ ခြေပုံစံ တူညီခြင်း၊ အခင်းဖြစ်ညက ပြစ်မှု ကျူးလွန်သူတွေ ဝတ်ဆင်တဲ့ အဝတ်အစားများဟာ ညအချိန်ဖြစ်လို့ အနက်ရောင်သာ မြင်ရကြောင်း ထွက်ဆိုခြင်း၊ တရားခံဝင်းအောင်က အခင်းဖြစ်ညက နက်ပြာရောင် မီးသတ်ဝတ်စုံအင်္ကျီဝတ် ဆင်ထားကြောင်း ပေါ်ပေါက်ခြင်း၊ အောင်ချမ်းဦး၊ စောဝေမိုးနှင့် အတူရှိနေပြီး လူ ၃ ဦးက မအေးအေးဆင့်ကို အဓမ္မပြုခဲ့ကြောင်း ပေါ်ပေါက်ချက်များ အရ တရားခံဝင်းအောင်၊ အောင်ချမ်းဦးနှင့် စောဝေမိုး တို့ဟာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့တဲ့ အတွက် တရားခံဝင်းအောင်ကို ပုဒ်မ ၃၀၁/၁(ဂ) အရ သေဒဏ် ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် ၁၀ နှစ် ပုဒ်မ ၃၉၂ အရ ထောင်ဒဏ် ၁၀ နှစ် တရားခံ အောင်ချမ်းဦးနှင့် စောဝေမိုးတို့ကို ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့် ချမှတ်ခဲ့ကြောင်း တရားခံများက စစ်ကိုင်း တိုင်းဒေသကြီး၊ တရားရုံးနှင့် တရားရုံးချုပ် မန္တလေးတို့ကို အယူခံမှု တက်ရောက်ခဲ့ရာမှာ တရားခံ ဝင်းအောင်ကို ပုဒ်မ ၃၀၂ အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ပုဒ်မ ၃၇၆ နှင့် ပုဒ်မ ၃၉၂ တို့အရ ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေဖို့ တရားရုံးချုပ် မန္တလေးမှ အမိန့်ပြင်ဆင် ချမှတ်ခဲ့ပြီး တရားခံ အောင်ချမ်းဦး နှင့် စောဝေမိုးတို့ရဲ့ အယူခံမှုကို စစ်ကိုင်းတိုင်း တရားရုံးမှ ပလပ်ခဲ့ကြောင်း သိရှိရပါတယ်။ မှုခင်း တပ်ဖွဲ့မှ ပြစ်မှု ကျူးလွန်သူကို မသင်္ကာယူဆရတဲ့ ဆန်းဦးပါ ၃ ဦးတို့ကို ဖမ်းဆီး ရမိရေးအတွက် နယ်မြေ ခံရဲတပ်ဖွဲ့များနှင့် ပူးပေါင်း စုံစမ်းရှာဖွေခဲ့ရာမှာ ဆန်းဦးက ပြစ်မှု ကျူးလွန်ပြီး ထွက်ပြေးပြီးနောက် KIA အမှတ် ၂၄ တပ်ရင်းမှာ တပ်သားအဆင့်နှင့် ဝင်ရောက်တာ ဝန်ထမ်းဆောင်နေစဉ် တရုတ်နိုင်ငံ နာဘန်း မြို့မှာနေတဲ့ ဦးစံလွတ်တူးထံမှ ငွေကျပ် ၆၀၀၀၀ နှင့် တရုတ်ယွမ်ငွေ ၂၃၀၀ ကို ခြိမ်းခြောက်ရယူပြီး ဦးစံလွတ်တူးကို ဓားနှင့်ခုတ်ခြင်း၊ ၎င်း၏ ဇနီး ဒေါ်မရမ်ကော့ကြာကို သားမယား အဖြစ် ပြုကျင့်ခဲ့တဲ့အတွက် KIA စစ်ရုံးချုပ်မှာ စစ်ခုံရုံးတင် စစ်ဆေးပြီး ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ သေဒဏ် ချမှတ် စီရင်ခဲ့တာကို KIA ဗဟိုဆက်ဆံရေးရုံးရဲ့ အတည်ပြုချက် အရ သိရှိရကြောင်း၊ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဘိုလင်းနှင့် မောင်ကြီးတို့ ကိုလည်း ဖမ်းဆီးရေးအတွက် မှုခင်းတပ်ဖွဲ့ခွဲများမှ စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါတယ်။ အမှုနှင့် ပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားခံ အောင်ချမ်းဦးနှင့် စောဝေမိုးတို့ဟာ လွိုင်ကော်မြို့ ဝန်ဆောင် တပ်ရင်းမှ ပြစ်ဒဏ်စေ့လို့ လွတ်မြောက်ခဲ့ပြီး ဖြစ်ကြောင်း တရားခံ ဝင်းအောင်ကတော့ နိုင်ငံတော် သမ္မတရုံးရဲ့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် ရက်စွဲပါစာ အမှတ် ၁/၂၀၁၂ အရ ထောင်ဒဏ် နှစ် ၂၀ သို့လျော့ပေါ့ ခံစားခွင့်ရရှိပြီး ကသာ အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျ ခံလျက်ရှိကြောင်း သိရှိရပါတယ်။ မှုခင်းများ ဖြစ်ပွားပါက ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ရဲလုပ်ငန်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ပစ္စည်း ကိရိယာများလည်း လိုအပ်တာ ဖြစ်တဲ့အတွက် ဖြည့်ဆည်းရေးလည်း ဆောင်ရွက်လျက်ရှိပါတယ်။ သက်သေများရဲ့ ထွက်ဆိုချက်များ ဟာလည်း အရေးကြီးတဲ့ အတွက် မှန်မှန်ကန်ကန် ထွက်ဆိုပေးရန်လည်း လိုအပ်ပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဟာ အလွန်အရေးပါ ကြောင်းလည်း တွေ့ရမှာ ဖြစ်ပါတယ်။ မှုခင်းနှင့် ပတ်သက်၍ ရဲ လုပ်ထုံးလုပ်နည်းများနှင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ တပ်ဖွဲ့ဝင်များကိုလည်း ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ ယခုဖြစ်စဉ်မှာ ကောလင်း ရဲစခန်းမှူး ရဲအုပ်ခင်လင်းဟာ အမှုကို စစ်ဆေးရာမှာ တရားခံ ဝင်းအောင်မှ ဝန်ခံထွက်ဆို ချက်ပေးခြင်း၊ တရားလို မအေးအေးဆင့်က တရားခံ ဝင်းအောင်ကို လူစီတန်းပြသရာမှာ မှန်ကန်စွာ ၃ ကြိမ် ဆွဲထုတ် ပြသနိုင်ခြင်း၊ အခင်းဖြစ်အရပ်မှာ ကျန်ခဲ့တဲ့ ဘိနပ်အရာနှင့် ဝဲဘက်ခြေရာများက တရားခံဝင်းအောင်ရဲ့ ဝဲဘက်ခြေရာ ပုံစံနှင့် အရွယ်အစား တူညီ နေခြင်းစတဲ့ စစ်ဆေးပေါ်ပေါက်ချက် အရ ဥပဒေအကြံပြုချက်များ တောင်းခံပြီး တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ကသာခရိုင် တရားရုံး ခရိုင်တရားသူကြီး ဦးသီဟမှ အမှုကို သုံးသပ်ရာမှာ တရားခံတို့ရဲ့ သဘောသဘာဝအရ မိမိကျူးလွန်တဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်ကျ ခံရမည့်ကို သိလို့ ပြစ်မှုကို ဖုံးကွယ်ကြ မြဲဖြစ်ကြောင်း မှုခင်းတပ်ဖွဲ့က အမှုမှ ကျူးလွန်တဲ့ တရားခံမှာ ဆန်းဦးပါ ၃ ဦးဖြစ်ကြောင်း တင်ပြခဲ့ရာ မှာ ဆန်းဦးက ၎င်း လူသတ်မှု ကျူးလွန် ခဲ့ကြောင်းကို ၎င်းရဲ့ ဦးလေးအပြင် ညီဝမ်းကွဲတော်စပ်သူ ဦးညွန့်အောင်နှင့် ဦးဘိုနီတို့ကို ပြောဆိုခဲ့ကြောင်း တရားခံပြ သက်သေများရဲ့ ထွက်ဆိုချက်များဟာ သဘာဝနှင့် ဆန့်ကျင်ပြီး လက်ခံနိုင်ဖွယ် မရှိတဲ့ ဖန်တီးထားတဲ့ သက်သေများ ဖြစ်ကြောင်း သုံးသပ်ရခဲ့သည်။ တရားလိုနှင့် သက်သေများရဲ့ ထွက်ဆိုချက်၊ စာရွက်စာတမ်း၊ အထောက်အထားများနှင့် စစ်ဆေးပေါ်ပေါက်ချက်တွေအရ တရားခံဝင်းအောင်၊ အောင်ချမ်းဦးနှင့် စောဝေမိုးတို့ ၃ ဦးအပေါ် ပြစ်ဒဏ် များ အသီးသီးချမှတ်ခဲ့ပြီး တိုင်းတရားရုံးနှင့် တရားရုံးချုပ် မန္တလေးတို့မှလည်း ပြစ်ဒဏ်များကို အတည် ပြုခဲ့ခြင်းသာ ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ကြောင်း တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
