တရားလွှတ်တော်ချုပ်ရုံး တရားသူကြီး ဦးမြင့်အောင်က တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်စေရန် အတွက် ဝိုင်းဝန်း ကူညီထောက်မရေး

၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးမှာ ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းတဲ့ “တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်စေရန်အတွက် ဝိုင်းဝန်းထောက်မ ပေးရေး” အဆိုနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့တဲ့ ကောလင်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက လွယ်မောက်တောင် ဘုရားပွဲ လူသတ်မှုတွင် တရားခံများမှားယွင်းစွာ အပြစ်ပေး ခံထားရကြောင်း တင်ပြချက် အပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ကိုယ်စား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ကျွန်တော်ဦးမြင့်အောင်က ရှင်းလင်းတင်ပြ သွားမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း တင်ပြတဲ့အမှုဟာ ကသာခရိုင်တရားရုံးရဲ့ ၂၀၀၂ ခုနှစ်၊ ပြစ်မှုကြီးအမှတ် ၁၂ အမှုဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားခံဝင်းအောင်တို့ ၃ ဦးဟာ တရားခံအစစ် မဟုတ်ဘဲ အပြစ်ပေးခံရတာဖြစ်တယ်လို့ တင်ပြထားပါတယ်။ အမှုကိုကောလင်းရဲစခန်းက စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုပေးပို့ခဲ့တာဖြစ်ပါတယ်။ အမှုအဖြစ်အပျက်ကတော့ ၅.၄.၂၀၀၂ နေ့ည ဘုရားပွဲမှာပွဲကြည့်နေရာက သူ့အစ်ကိုဝမ်းကွဲနဲ့ အတူနံနက် ၁ နာရီလောက်မှာ ပွဲခင်းအပြင်မှာ အပေါ့စွန့်ပြီး သောက်ရေခပ်ဖို့အလာ အမည်မသိ ယောက်ျား ၃ ဦးက မှတ်ပုံတင်ပါမပါမေးပြီး ခပ်လှမ်းလှမ်းလယ်ကွင်းထဲ ဆွဲခေါ်သွားကြောင်း၊ သူ့ရဲ့ အစ်ကိုဝမ်းကွဲကိုတုတ်နဲ့ရိုက်ပြီး သူ့ကိုအလိုမတူပဲ သားမယားပြုကျင့်ခဲ့တဲ့အကြောင်းနဲ့ လည်ပင်းကဆွဲကြိုးကို လည်းလုယက်ခဲ့ကြောင်း ကျူးလွန်ခံရတဲ့ မိန်းကလေးက တိုင်းတန်းခဲ့တဲ့ အမှုဖြစ်ပါတယ်။

အမှုတွဲပေါ်ပေါက်တဲ့ သက်သေခံချက်တွေကတော့ တရားလို မိန်းကလေးကို အဓမ္မပြုကျင့်သူဟာ အသက်ကြီးပြီး လျှာထိုးဦးထုပ်ဆောင်းသူ ဖြစ်ပြီး၊ သူ့အစ်ကိုကို တုတ်နှင့်ရိုက်ပြီး ကျန်တဲ့နှစ်ဦးက သူ့ကိုဆွဲခေါ် ကြောင်း၊ အသက်ကြီးကြီးလူက လိုက်လာပြီး ဦးစွာ အဓမ္မပြုကျင့်ကြောင်း၊ ကျန်နှစ်ဦးကလည်း ပြုကျင့်ကြောင်း၊ အသက်ကြီးကြီးလူ အဓမ္မပြုကျင့်စဉ် သူ့ဆီက ထွက်ကျလာတဲ့ ဓားကို ကောက်ယူထားပြီး တရားလိုမိန်းကလေး က အမှုတိုင်တန်းစဉ် ပေးအပ်ပြီး လူမြင်ရင် ကောင်းစွာမှတ်မိတယ်လို့ တိုင်တန်းခဲ့ကြောင်း၊ တရားသူကြီးရှေ့ လူအများနှင့် ရောနှောပြီး တန်းစီပြသရာမှာ ဝင်းအောင်ကို မှန်ကန်စွာ ရွေးထုတ်ပြခဲ့ပြီး ကျန်နှစ်ဦးကိုလည်း ညွှန်ပြနိုင်ခဲ့ကြောင်း ပေါ်ပေါက်ပါတယ်။ အခင်းဖြစ်စဉ်က ဝင်းအောင်ဟာ မီးသတ် ဝတ်စုံဝတ်ထားပြီး ဦးထုပ်ဆောင်းထားကြောင်း၊ အခင်းဖြစ်ညက ပူးတွဲတရားခံ ၂ ဦးနဲ့အတူ ပွဲခင်းမှာရှိနေခဲ့ကြောင်း၊ အခင်းဖြစ်ည မတိုင်ခင်က ဒီညခွင် ဖန်ပြမယ်လို့လည်း ပြောခဲ့ကြောင်း ပေါ်ပေါက်တဲ့အပြင် ဝင်းအောင်ဟာ အလားတူ အမူအကျင့်မျိုး ပြုလုပ်လေ့ရှိတယ်လို့လည်း သက်သေခံချက်ရှိပါတယ်။ ဒါ့အပြင် ဝင်းအောင်ရဲ့အသက်ဟာ (၅၂) နှစ်ဖြစ်ပြီး ၊ ကျန် ၂ ဦးက (၁၇) နှစ် နှင့် (၂၅) နှစ်ဖြစ်လို့ အစ်ကိုဝမ်းကွဲကို ရိုက်နှက်ပြီးသူ့ကို ဦးစွာ အဓမ္မပြုကျင့် သူဟာ အသက်ကြီးကြီးလူဖြစ်ကြောင်း တရားလိုမိန်းကလေးရဲ့ တိုင်ချက်နဲ့လည်း ကိုက်ညီတာ တွေ့ရပါတယ်။ မိန်းကလေးဟာ အခင်းဖြစ်ပြီးပြီးချင်းတိုင်တန်းတာဖြစ်ပြီး သူအဓမ္မပြုကျင့်ခံရကြောင်း ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်၊ အခင်းဖြစ်နေရာမှာ ကျန်ခဲ့တဲ့ ခြေရာပုံစံနဲ့ ဝင်းအောင်ရဲ့ ဝဲဘက်ခြေရာ ပုံစံတူညီကြောင်း အင်းစိန် မှုခင်းတပ်ဖွဲ့က စစ်ဆေး တင်ပြချက်၊ အဓမ္မပြုစဉ် တရားခံဆီက ထွက်ကျလို့ တရားလိုက ဝှက်သိမ်း ထားပြီး တိုင်တန်းစဉ် ပေးအပ်ခဲ့တဲ့ဓားမှာ လူသွေး စမ်းသပ်တွေ့ရှိရကြောင်း၊ တရားလိုရဲ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ သေသူမှာ တုံးတဲ့လက်နက်နဲ့ ပြုလုပ်ရရှိတဲ့ ဒဏ်ရာ၊ ဓားဖြင့်ပြုလုပ်ရရှိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး တရားလိုရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ သေဆုံးခဲ့တယ်ဆိုတဲ့ အချက်တွေ ပေါ်ပေါက်ပါတယ်။

ခရိုင်တရားရုံးမှာ အမှုကို စစ်ဆေးဆဲ အချိန်မှာဘဲ တိုင်ကြားချက်တွေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုနဲ့ ပတ်သတ်လို့ ထပ်မံစုံ စမ်းစစ်ဆေးပြီး တရားခံ အစစ်အမှန်ဟာ ဆန်းဦး၊ ဘိုလင်းနဲ့ မောင်ကြီးတို့ဖြစ်ကြောင်း၊ တရားစွဲခံရတဲ့ ဝင်းအောင်တို့ ၃ ဦးမဟုတ်ကြောင်း အစီရင် ခံခဲ့တဲ့အကြောင်း သိရပါတယ်။ ဒါပေမယ့် တရားခံအစစ် ပါလို့ တင်ပြတဲ့တရားခံတွေရဲ့အသက်ဟာ (၂၈) နှစ် (၂၃) နှစ် နဲ့ (၁၉) နှစ်အရွယ်တွေဖြစ်လို့ မိန်းကလေးရဲ့တိုင်ချက်နဲ့ မကိုက်ညီကြောင်း တွေ့ရပါတယ်။ တရားလိုမိန်းကလေး လုယက်ခံရတယ်ဆိုတဲ့ ဆွဲကြိုးကိုဆန်းဦးရောင်းချလို့ ဝယ်ယူခဲ့သူက ရဲအရာရှိထံ မူရင်း အတိုင်းအပ်ခဲ့တယ်လို့ တင်ပြသော်လည်း အမှုကို ဆန်းဦးတို့ ဘယ်လိုကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ ကွင်းဆက်မပြတ်တဲ့ သက်သေခံ ချက်တွေကို ရဲတပ်ဖွဲ့က တင်ပြခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။ အမှုကို ဆန်းဦးတို့ ၃ ဦး အမှန်ကျူးလွန် ခဲ့တယ်ဆိုရင် အဲဒီအချိန်က ခရိုင်တရားရုံးမှာ ဝင်းအောင်တို့ ၃ ဦးကို စီရင်ချက် မချမှတ်ရသေးတဲ့ အတွက် သူတို့နဲ့အတူ ဘယ်သူတရားခံ အမှန်ဖြစ်ကြောင်း တရားရုံးကဆုံးဖြတ်နိုင်ဖို့ ဆန်းဦးတို့ ၃ ဦးကို ထပ်မံဖမ်းဆီးပြီး ဝင်းအောင်တို့နဲ့အတူ ပူးတွဲစစ် ဆေးဖို့ တရားစွဲဆိုခြင်း၊ ဒါမှမဟုတ် ဝင်းအောင်တို့ ၃ ဦးအပေါ်အမှု ရုတ်သိမ်းခွင့်ပြုဖို့ လျှောက်ထားပြီး အမှန်ကျူးလွန်တယ်ဆိုတဲ့ တရားခံ ၃ ဦးကိုသာ တရားခံအဖြစ် အမှုအသစ်နဲ့ တရားစွဲ တင်ခြင်း၊ အမှန်ကျူးလွန် တယ်ဆိုတဲ့ တရားခံဖမ်းဆီးရမိခြင်းမရှိရင်လည်း တရားခံပြေးမှုအဖြစ် တရားစွဲတင်ခြင်းပြုဖို့ သင့်သော်လည်း တရားစွဲအဖွဲ့က အဲဒီလို ဆောင်ရွက်မှု ပြုလုပ်ခဲ့တာ မရှိကြောင်း တွေ့ရပါတယ်။ တရားစွဲ အဖွဲ့အစည်းက လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စကို မလုပ်ဆောင်ခဲ့တဲ့အတွက် ခရိုင်တရားရုံးက မိမိရုံးမှာ စွဲတင်ထားတဲ့ အမှုကို ဥပဒေအတိုင်း ဆက်လက် စစ်ဆေးစီရင်ခဲ့ခြင်းဖြစ်ပါတယ်။

ဆန်းဦးက သူတို့ ၃ ဦးလူသတ်ခဲ့တယ်၊ လက်လွန်ခဲ့ကြတယ်လို့ ပြောတဲ့အကြောင်းကို ထပ်မံ စုံစမ်းသူ အရာရှိထံ ပြောခဲ့တယ်ဆိုတဲ့ ဘိုနီ၊ မောင်စိုးနဲ့ ဦးညွန့်အောင်တို့ကို တရားခံ ဝင်းအောင်တို့က သက်သေအဖြစ် တင်ပြခဲ့လို့ တရားရုံးက သူတို့ကို တရားခံပြ သက်သေအဖြစ် စစ်ဆေးရာမှာလည်း အရင်က အဲဒီကိစ္စကို အမှုစတင် စုံစမ်းခဲ့တဲ့ ရဲတပ်ဖွဲ့ထံ မပြောခဲ့တာကတော့ အရက်ဝိုင်းမှာ ပြောတဲ့ စကားဖြစ်လို့ တကယ် ဟုတ်/မဟုတ် မသိလို့ မပြောခဲ့တာပါလို့ ထွက်ဆိုခဲ့ကြပါတယ်။ သူတို့မှာ ဟိုးလေ တကြော်ဖြစ်တဲ့အမှုမှာ သူတို့ သိတဲ့အကြောင်း အရာကို ရဲက အမှုစုံစမ်းတုန်း မပြောခဲ့ဘဲ အမှုဖြစ်ပြီး ၁ နှစ်လောက်ကြာမှာ ပြောဆိုတာဖြစ်ပြီး သူတို့ပြောဆို တယ် ဆိုတာဟာလည်း လူသတ်မှု အကြောင်းသာပါပြီး တရားလိုကို အဓမ္မပြုကျင့်တဲ့ ကိစ္စ မပါဝင်တဲ့ အတွက် သူတို့ရဲ့ ထွက်ဆိုချက်ဟာ ရေရေရာရာ မရှိကြောင်းသာ တွေ့ရပါတယ်။ဒါ့ကြောင့် သူတို့ရဲ့ ထွက်ဆိုချက်ကို လက်မခံဘဲ ရုံးရှေ့မှာ စစ်ဆေးပေါ်ပေါက်တဲ့ သက်သေခံ ချက်တွေအရ စွဲတင်ထားတဲ့ တရားခံ ၃ ဦးကို ခရိုင်တရားရုံးက ပြစ်ဒဏ်ချ မှတ်ခဲ့တာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူ အစစ်အမှန်ဟာ ထွက်ပြေးနေတဲ့ အခြား တရားခံ ၃ ဦးဖြစ်ကြောင်း ထပ်မံစုံစမ်းတဲ့ မှုခင်းတပ်ဖွဲ့ ဒုရဲမှူးကိုခရိုင်တရားရုံးကမစစ်ခဲ့ဘူးလို့ တရားခံ ဝင်းအောင်တို့က တရားခံပြသက်သေအဖြစ် စာရင်းတင်ပြလို့ ရုံးကစစ်ဖို့ရှိသော်လည်း တရားခံရှေ့နေက မစစ်ဆေးလိုတော့လို့ သက်သေအဖြစ်ကနေ ပယ်ကြောင်း ရုံးကိုတင်ပြလို့ခွင့်ပြုပြီး မစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ အမှုတွဲမှတ်တမ်းအရ တွေ့ရှိရကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။ တရားလိုမိန်းကလေး လုယက်ခံရတယ်ဆို တဲ့ ဆွဲကြိုးကို ဆန်းဦး ရောင်းထားတယ် ဆိုတဲ့သူဆီက သိမ်းဆည်းရမိရုံနဲ့ ဒီအမှုကိုဆန်းဦးတို့ ၃ ဦးကျူးလွန် ကြောင်းကောက်ယူဖို့ လုံလောက်မှာ မဟုတ်ဘူးဆိုတာ မြင်သာပါတယ်။ ဒီအမှုကို ဆန်းဦးတို့ ၃ ဦးကျူးလွန် ကြောင်းလက်ရှိပြစ်ဒဏ်ကျခံရတဲ့ တရားခံတွေ ကျူးလွန်တာ မဟုတ်ကြောင်း ပေါ်လွင် ထင်ရှားစေဖို့ ပိုမို ပြည့်စုံ တဲ့အခြား အထောက်အထားတွေနဲ့ ခိုင်ခိုင်လုံလုံ တင်ပြဖို့လိုမှာ ဖြစ်ပါတယ်။

ခရိုင်တရားရုံးက ဝင်းအောင်တို့ ၃ ဦးကို ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ် ပါတယ်။ တရားခံများဟာ အယူခံမှု၊ ပြင်ဆင်မှုများ တင်သွင်းခဲ့ကြပြီး တရားရုံးချုပ်က သူတို့ရဲ့ အယူခံမှု၊ ပြင်ဆင်မှု နဲ့ သေဒဏ်အတည်ပြုသင့် မပြုသင့် စိစစ်ရန် ဖွင့်လှစ်တဲ့ သေဒဏ် အတည်ပြုမှုတွေကို တရားရုံးချုပ် တရားသူကြီး ၂ ဦးပါဝင်တဲ့အဖွဲ့က ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ  နှစ်ဖက်ကြားနာ ခဲ့ပါတယ်။ အမှုတွေကို စီရင်ချက်ချဖို့ သီးသန့်ထားစဉ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဝင်းအောင်ပါ ၃ ဦးဟာ တရားခံအစစ်အမှန်မဟုတ်ပဲ ဆန်းဦးပါ ၃ ဦးသာ အစစ်အမှန်ဖြစ်လို့ အယူခံမှု၊ ပြင်ဆင်မှုများကို ပြန်လည်စိစစ် ပေးဖို့ တရားရုံးချုပ်ကို အကြောင်းကြားတင်ပြခဲ့ပါတယ်။ ခရိုင်ရုံးက ချမှတ်ပြီးဖြစ်တဲ့ အမိန့်ဟာ အမှုမှာပေါ်ပေါက် တဲ့ သက်သေခံချက်တွေအရ ချမှတ်ထားတာဖြစ်လို့ အဲဒီပေါ်ပေါက်ချက်တွေဟာ မမှန်ကန်ပဲ ရဲတပ်ဖွဲ့က အစစ်အမှန် တရားခံပါလို့ တင်ပြထားသူတွေက ကျူးလွန်ခြင်းသာဖြစ်ကြောင်း အထောက်အထားတွေကို တင်ပြနိုင်ဖို့ အစစ်အမှန်ပါဆိုတဲ့ တရားခံတွေအပေါ် တရားစွဲတင်ပို့နိုင်ဖို့အတွက် တရားခံများလျှောက်ထားတဲ့ ၂၀၀၃ ခုနှစ် ၊ အယူခံမှုအမှတ် ၂၆၀၊ ပြင်ဆင်မှုအမှတ် ၅၀၀ (ခ) နဲ့ သေဒဏ်အတည်ပြုမှုအမှတ် ၁၃ တို့ကို တရားရုံးချုပ်က အမိန့်မချမှတ်သေးပဲ ဆိုင်းငံ့ထားခဲ့ပါတယ်။

အဲဒီလို အယူခံမှုနဲ့ ပြင်ဆင်မှုကို တရားရုံးချုပ်က ၄ နှစ်ကျော် ၅ နှစ်ခန့် ဆိုင်းငံ့ ပေးထားသော်လည်း တရားစွဲ အဖွဲ့အစည်းက အစစ်အမှန်ဆိုတဲ့ တရားခံတွေနဲ့ ပတ်သတ်ပြီး အထောက်အထား တစ်စုံတရာ တင်ပြနိုင်ခြင်း မရှိတဲ့အပြင် အမှုများ အလွန်အမင်း ကြန့်ကြာနေပြီ ဖြစ်တဲ့အတွက် အယူခံမှု၊ ပြင်ဆင်မှုနဲ့ သေဒဏ် အတည်ပြုမှုတို့ကို ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ တရားရုံးချုပ်က အမိန့်ချမှတ် ခဲ့ပါတယ်။ တရားရုံးချုပ်က အမှုတွဲမှာ ပေါ်ပေါက်တဲ့ သက်သေခံ အထောက်အထားတွေကို အသေအချာ သုံးသပ်ပြီး တရားခံ ဝင်းအောင်ဟာ ထောင်ဒဏ် ၇ နှစ်အထက် အပြစ်ပေးထိုက်တဲ့ ပြစ်မှုကျူးလွန်စဉ် လူသတ်မှုကျူးလွန်တယ်လို့ ကောက်ယူပြီး သူ့အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁)(ဂ) အရ သေဒဏ် ချမှတ်ခဲ့ခြင်းဟာ အမှုမှာ ပေါ်ပေါက်တဲ့ သက်သေခံချက်တွေနဲ့ မကိုက်ညီကြောင်းတွေ့ ရှိရတဲ့ အတွက် ခရိုင်တရားရုံးက ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်ပြီး ပုဒ်မ ၃၀၂ (၂) အရ တစ်သက် တစ်ကျွန်းကျခံဖို့ ပြင်ဆင်ပေးခဲ့ပြီး၊ ပုဒ်မ ၃၇၆၊ ၃၉၂ တို့အရ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တို့ကို အတည်ပြုခဲ့ပါတယ်။ ပူးတွဲတရားခံ ၂ ဦးအပေါ် ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် ၁၀ နှစ်ချမှတ်တဲ့ ခရိုင်တရားရုံးရဲ့ အမိန့်ကို ဆက်လက် အတည်ပြုခဲ့ ပါတယ်။

တရားရုံးများဟာ အမှုများကို စီရင်ဆုံးဖြတ်ရာမှာ တည်ဆဲဥပဒေ၊ ပြဋ္ဌာန်းထားတဲ့ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေ စတဲ့စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ပေါ် ပေါက်ချက်တွေ အပေါ် အခြေပြုပြီး ဆုံးဖြတ် ရတာဖြစ်ပါတယ်။ အဲဒီလိုဆုံးဖြတ်ရာမှာ တရားရုံးရဲ့အဆုံးအဖြတ်ကို တရားလိုဘက်၊ တရားခံဘက် တစ်ဘက်ဘက် ကတော့ မကျေနပ်မှု ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း အထက် ရုံးများကို အယူခံကြရ၊ ပြင်ဆင်မှု ဝင်ရောက်ကြရတာဖြစ်ပါတယ်။

ရှင်းလင်းတင်ပြခဲ့တဲ့အမှုမှာ ခရိုင်တရားရုံးနဲ့ တရားရုံးချုပ်တို့က တရားခံများအပေါ် ပြစ်ဒဏ်ချမှတ်ရာမှာ အမှုမှာ ပေါ်ပေါက်တဲ့ အထောက်အထားများ အပေါ်အခြေပြုပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမိန့်အပေါ် တရားခံများက အထူးအယူခံ ဝင်ခွင့်လျှောက်ထား ခဲ့ကြခြင်း မရှိခဲ့ကြောင်းလည်း တင်ပြအပ်ပါတယ်။ ဒါ့ကြောင့် အဲဒီအမှုမှာ တရားခံများကို မှားယွင်းစွာ အပြစ်ပေးခဲ့ခြင်း မဟုတ်ကြောင်း၊ ဘက်လိုက်မှု၊ အဂတိလိုက်စား မှုကြောင့် တရားခံများကို ပြစ်ဒဏ်ချမှတ်ခဲ့တာ မဟုတ်ကြောင်း ဖြေကြားအပ်ပါတယ်။ တရားရုံးများဟာ တရားလို၊ တရားခံ နှစ်ဖက်အကြား အမှားအမှန်ကို အဆုံးအဖြတ်ပေးရတာ ဖြစ်တဲ့အတွက် အဆုံးဖြတ်နဲ့ ပတ်သက်ပြီး မိမိလိုအင်ဆန္ဒနဲ့ မကိုက်ညီတဲ့သူက တရားရုံးက အဂတိလိုက်စားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း (အထောက်အထားမဲ့) အလွယ်တကူ စွပ်စွဲပြောဆိုတတ်ကြပါတယ်။ ပြောဆိုချက်ကို ကြားရတဲ့သူက အဲဒီပြောဆိုချက်ဟာ အမှန်တကယ် ခြေခြေမြစ်မြစ်ရှိ-မရှိ မစဉ်းစားတော့ဘဲ ဟုတ်မှာပဲလို့ အလွယ်တကူ လက်ခံပြောဆိုလေ့ ရှိကြပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ကြံ့ခိုင်စေဖို့ တရားသူကြီးများနဲ့ တရားရုံးများ အပေါ်တွင်သာ တာဝန်ရှိခြင်း မဟုတ်ကြောင်း၊ အမှုစုံစမ်း စစ်ဆေး ဖော်ထုတ်တဲ့ တရားစွဲ အဖွဲ့အစည်းများ၊ ဥပဒေအရာရှိများ၊ ရှေ့နေများ၊ အမှုသည်များနှင့် သက်သေများ အားလုံးမှာလည်း တာဝန်ရှိကြောင်း၊ တရားရုံးရဲ့ အဆုံးအဖြတ်ရယူဖို့ ရုံးရှေ့မှာ သက်သေများက မှန်မှန်ကန်ကန် ထွက်ဆိုကြဖို့၊ တရားစွဲ အဖွဲ့အစည်းများကလည်း ရနိုင်သမျှသော အထောက်အထားများကို ပြည့်ပြည့်စုံစုံ ရှာဖွေစုဆောင်း တင်ပြ နိုင်ကြဖို့၊ အမှုစစ်ဆေးရာတွင် ပါဝင်ကြသော ရှေ့နေကြီးများ၊ ဥပဒေ အရာရှိများကလည်း တတ်နိုင်သမျှ အမှန်ရှာဖွေ ဖော်ထုတ် စစ်ဆေးနိုင်ရေး ကြိုးပမ်းကြဖို့ တာဝန်ကိုယ်စီ ရှိကြပါကြောင်း တင်ပြလိုပါတယ်။

တရားရုံးက ရနိုင်သမျှ အထောက်အထားအပေါ် အဆုံးအဖြတ်ပြုရာမှာ ငွေများတရားနိုင်ခြင်းဖြစ် ကြောင်း၊ မမှန်မကန် ဘက်လိုက်ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ အဂတတိလိုက်စား ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အဆုံးအဖြတ်ကို မကျေနပ်သူရဲ့ အလွယ်တကူ စွပ်စွဲပြောဆိုချက်ကို လက်ခံ ပေးကြမယ်ဆိုရင်၊ တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်မှု မရှိကြောင်း ပြောဆိုကြမယ်ဆိုရင် ဝိုင်းဝန်း ထောက်ကူဖေး မရာရောက်မှာ မဟုတ်ဘဲ တရားရုံးများ အပေါ် ပိုမိုပြီး အထင်မြင် လွဲမှားနိုင် စရာသာရှိပါတယ်။ သက်သေများက မှန်မှန်ကန်ကန် ထွက်ဆိုခြင်းဖြင့် စုံစမ်းစစ်ဆေး တင်ပြသူတို့က အပြည်စုံနိုင်ဆုံး အထောက်အကူများ ရှာဖွေတင်ပြခြင်းဖြင့် ဝိုင်းဝန်း ထောက်ကူရန်ဖြစ်ပါတယ်။ စုံစမ်း စစ်ဆေး ဖော်ထုတ်သူများကို မှန်မှန်ကန်ကန် ကူညီကြခြင်းဖြင့် တရားရုံးများ၏ တရားစီရင်ရေး မဏ္ဍိုင်ကြံ့ခိုင် စေရေးကို ဝိုင်းဝန်းကူညီရာရောက်မှာ ဖြစ်ကြောင်းကို တာဝန်ရှိသူ အသီးသီးက အမြဲမပြတ် အသိပေး ဆောင်ရွက်ရန်နှင့် အမှုမှာပေါ်ပေါက်တဲ့ အချက်တွေကို မချေဖျက်နိုင်ဘဲ တရားခံက မရေမရာ တင်ပြတဲ့ ခုခံချေပချက်နဲ့ သက်သေခံချက်များကို လက်ခံပြီး လက်ရှိ ပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားခံများကို အမှုမှာ အပြစ်မရှိလို့ ဆုံးဖြတ်မယ်ဆိုရင် ကျူးလွန်ခံရတဲ့ တရားလို မိန်းကလေးရဲ့ နစ်နာမှု၊ အမှုမှာ ကျူးလွန်ခံရလို့ သေဆုံးခဲ့တဲ့ သူ့အစ်ကို ဝမ်းကွဲ မိသားစုတို့ရဲ့ နစ်နာမှုတွေကို ကုစားပေးရာ မရောက်နိုင်ပါကြောင်း၊ ကာကွယ်ပေးရာ ရောက်နိုင်မှာလည်း မဟုတ်ပါကြောင်း၊ တင်ပြခဲ့တဲ့ နည်းလမ်းများနဲ့ တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်စေရေးကို ထောက်မကူညီ ပေးစေလိုပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ် ခင်ဗျား။

Standard (Image)