တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်စေရန် အတွက် ဝိုင်းဝန်း ကူညီထောက်မရေး” အဆိုနှင့် စပ်လျဉ်း၍ ဦးကျော်နိုင်ဌေး (အင်းတော် မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း

မင်္ဂလာပါခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် လူကြီးမင်း များအားလုံး လေးစားဂါရဝထား ကြောင်းပါ။ ကျွန်တော့်အနေနဲ့ ဦးတင်ဝင်းရဲ့ကိုယ်စား ဆွေးနွေးချက် များကို ပြန်လည် ဆွေးနွေး တင်ပြမှာဖြစ်ပါတယ်။ ကျွန်တော် အင်းတော် မဲဆန္ဒနယ်မှ ဦးကျော်နိုင်ဌေး ဖြစ်ပါတယ် ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူတွေရဲ့ အားကိုးယုံကြည်မှုကိုရရှိတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီး ဖြစ်လာဖို့ဆိုရင် အားလုံးက ဝိုင်းဝန်းကူညီ ထောက်မ ပေးကြရမှာဖြစ်ပါတယ်။ အမှုကို စစ်ဆေးစီရင်တဲ့ တရားသူကြီးများကလည်းပဲ အမှုရဲ့ ဖြစ်စဉ်ပေါ်မှာ မှန်မှန်ကန်ကန် သုံးသပ်ဝေဖန် ဆုံးဖြတ်ပေးပါမှ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရကြမှာဖြစ်ပါတယ်။ အချို့အမှုတွေမှာ တရားရုံးရဲ့ လွဲမှားစွာ ဆုံးဖြတ်ခဲ့မှုတွေ အဲဒီလို လွဲမှားမှုတွေကြောင့် ဒုက္ခပင်လယ်ဝေရ၊ လူမှုရေး၊ စီးပွားရေးဆုံးရှုံးရ တရားခံအဖြစ် မှားယွင်းစွာ တရားစွဲဆိုခံရပြီး သေဒဏ်အပြစ်ပေးခံရတဲ့ ဖြစ်စဉ် တစ်ခုကို အလေးအနက်ထား တင်ပြ လိုပါတယ်ခင်ဗျား။ ကသာခရိုင်၊ ကောလင်းမြို့နယ်မှာ လွယ်မောက်တောင် ဘုးရားဆိုတာ ရှိပါတယ်။ အဲဒီလွယ်မောက်တောင် ဘုးရားပွဲဟာ လွန်ခဲ့တဲ့ ၁၀ နှစ် အတိအကျ အားဖြင့်တော့ ၆-၄-၂၀၀၂ ခုနှစ်မှာ ပွဲကြည့်လာတဲ့ ကန့်ဘလူ မြို့နယ်၊ ပုဏ္ဏားကျွန်း ကျေးရွာက မအေးအေးဆင်‌့ ဆိုတဲ့ မိန်းကလေးဟာ ပွဲကြည့် နေရာကနေ မနက် ၁ နာရီ ဝန်းကျင်မှာ အစ်ကို ဝမ်းကွဲတော်တဲ့ မောင်နိုင်ဝင်းကို အဖော်ခေါ် ပွဲခင်းအပြင်ကိုထွက် အလေးအပေါ့ သွားပြီး အဲဒီအချိန် ကာလမှာ လူသုံးယောက်က မောင်းနိုင်ဝင်းကို တုတ်နဲ့ရိုက်၊ ဓားနဲ့ထိုး မအေးအေးဆင့်ကို မတော်မတရားကျင့်ကြံပြီးတော့ လည်ပင်းကဆွဲကြိုးကို ဖြတ်ယူ အဲဒီလိုဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပါတယ်ခင်ဗျား။ အဲဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူများလို့ ယူဆရတဲ့ တရားခံအဖွဲ့ ၂ ဖွဲ့ ပေါ်ပေါက်ပါတယ်။ ပထမတစ်ဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထင်မြင်ချက်နဲ့ တရားစွဲဆိုခဲ့တဲ့ အရန် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဖြစ်ပါတယ်။ ဘုရားပွဲတော် လုံခြုံရေးတာဝန် ကိုထမ်းဆောင်နေကြတဲ့ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃ ဦး ဖြစ်ပါတယ်။ အမည်အားဖြင့် မောင်ဝင်းအောင်၊ မောင်အောင်ချမ်းဦးနဲ့ မောင်စောဝေမိုးတို့ဖြစ်ပါတယ်။ နောက် ဒုတိယ ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ အဖွဲ့တစ်ဖွဲ့ ကတော့ဖြင်‌့ အထက်မြန်မာပြည် မှုခင်းတပ်ဖွဲ့မှူးရုံး မန္တလေးက ဒုတိယရဲမှူး စံသိန်း စုံစမ်းတင်ပြတဲ့ ဆန်းဦး၊ မောင်ကြီးနဲ့ ဗိုလ်လင်းတို့ ဆိုတဲ့ ၃ ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံများ အဖြစ်နဲ့တင်ပြခဲ့တဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဝင်းအောင်ပါ ၃ ဦးတို့ဟာ အခင်းဖြစ်တဲ့ ညမှာ လုံခြုံရေး တာဝန်ထမ်းဆောင် နေပြီးမှ ၎င်းတို့အိမ်ကို ည ၁၁ နာရီ ဝန်းကျင်မှာ ပြန်သွားကြပါတယ် ခင်ဗျား။ အခင်းဖြစ်တဲ့ညက လကွယ် ညဖြစ်တယ်။ တရားလို မအေးအေးဆင့်က ကျူးလွန်သူများဟာ ဘောင်းဘီရှည် ဝတ်ထားပါတယ်။ အနက်ရောင် ဖြစ်ပါတယ်လို့ ထွက်ဆိုတဲ့ အတွက် တာဝန်ကျ မီးသတ် ရဲဘော်များကို စုံစမ်းတဲ့အခါ စွပ်စွဲခံရတဲ့ ဝင်းအောင်ဟာ နောက်တစ်နေ့ မနက်စောစောမှာ ရေချိုးပြီး အဝတ်အစားတွေ လျှော်ထားတာ တွေ့ရတာဖြစ်တဲ့ အတွက် မသင်္ကာလို့ ဖမ်းဆီးပြီး တရားစွဲဆို ခဲ့ဖြင်းဖြစ်ပါတယ်။ ဒီနေရာမှာ တရားခံ ဝင်းအောင်ကို တရားလိုက လူစီတန်းပြရာမှာ စွပ်စွဲပြသ နိုင်တယ်လို့ဆိုတဲ့ အချက်နဲ့ ပတ်သက် ပြီးတော့ ကသာခရိုင် တရားရုံးမှာ အချုပ်ထဲမှာ အတူတူ ဝင်းအောင်နဲ့ ကျခံရတဲ့ တရားခံ ၂ ဦးက ရဲစခန်းအတွင်းမှာ၊ အချုပ် မှာ လျို့ဝှက်ကင်မရာကိုတပ်ပြီးတော့ တရားခံအဖြစ် စွပ်စွဲခံရတဲ့ ဝင်းအောင်ကို ကင်မရာနှင့် ရိုက်ခဲ့ပါ တယ်လို့ ထွက်ဆိုချက်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝင်းအောင်သည် မှားယွင်းစွာ တရားစွဲဆိုခံရတဲ့  ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီလို မှားယွင်းစွာ တရားစွဲဆိုခဲ့လို့ လည်းပဲ ကောလင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းက စခန်းမှူးနှင့် အဖွဲ့ဟာ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ခံရ၊ အလုပ်မှ ရပ်စဲခံရ၊ သတိပေးခံရ၊ နယ်ပြောင်းရွှေ့ ခံကြရတဲ့ အရေးယူမှုများကို ခံခဲ့ကြရပါတယ်။ ဒုတိယပြစ်မှု ကျူးလွန်သူလို့ ယူဆရတဲ့  နောက်တစ်ဖွဲ့နဲ့ ပတ်သက်ပြီးတော့ အထက်မြန်မာပြည် မှုခင်းတပ်ဖွဲ့မှူးရုံး (မန္တလေး) က ဒုတိယရဲမှူး စံသိန်းက တာဝန်အရ စုံစမ်း ဖော်ထုတ်ရာမှာ အခင်းဖြစ်တဲ့ညက တရားလို မိန်းကလေးရဲ့ လည်ပင်းက ဖြတ်ယူသွားတဲ့ ဆွဲကြိုးကို မူရင်းအတိုင်းပြန်လည်ရရှိအောင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ ကျူးလွန်ခဲ့သူ ဆန်းဦးက ဆွဲကြိုးကို ပေါင်တယ်။ နောက်ပြန်ရွေးတယ်။ နောက်တစ်ခါ အပြတ်ရောင်း ပစ်လိုက်တယ်။ ဒီဆွဲကြိုးဟာ အမှုနဲ့ ပတ်သက်နေတဲ့အတွက် ဒုတိယရဲမှူးစံသိန်းက နေပြီးတော့မှ ပြန်လည်ရရှိအောင် ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ ဆန်းဦးဟာ သူထွက် မပြေးခင် ငါကတော့ မနေ့ညက ဘယ်လို၊ ဘယ်လို ကျူးလွန်လိုက်ပြီ၊ ဒီမှာနေလို့မရတော့ဘူး။ ငါ့ဆွေမျိုးမိဘ အသိုက်အဝန်းကို စောင့်ရှောက်ပါလို့ ဗိုလ်နီ၊ မောင်စိုးနှင့် ညွန့်မောင်တို့ကို ပြောဆိုခဲ့ပါတယ်။ ဒီအချက် ကိုလည်းပဲ ဒုတိယရဲမှူး စံသိန်းက ဖော်ထုတ်နိုင်ပြီး။ ကောလင်း တရားရုံးမှာ ကြိုတင်ထွက်ချက်များ ပေးနိုင်ခဲ့ပါတယ်။ ဒုတိယရဲမှူး စံသိန်းဟာ တရားခံ ဝင်းအောင်ရဲ့ အမှုစစ်ဆေးတဲ့ ကသာခရိုင် တရားရုံးကို သူတို့ ဝင်းအောင်ပါ ၃ ဦးဟာ တရားခံ အစစ်အမှန်များ မဟုတ်ကြောင်း တင်ပြခဲ့ပါတယ်။ သို့သော်လည်းပဲ  အမှုကို စစ်ဆေးတဲ့အခါမှာ ကသာခရိုင် တရားသူကြီးဟာ ဒုတိယရဲမှူးစံသိန်းကို သက်သေအဖြစ်နဲ့ ခေါ်ယူစစ်ဆေးခဲ့ခြင်း မရှိပါဘူး။ ဒုတိယရဲမှူး စံသိန်း ဖော်ထုတ်ပြီး ပေါ်ပေါက်လာတဲ့ သက်သေများ ဖြစ်တဲ့ ဗိုလ်နီ၊ မောင်စိုးနဲ့ ညွန့်မောင်တို့ရဲ့ ထွက်ချက်များ ဟာလည်းပဲ ယုတ္တိမတန်တဲ့ ထွက်ချက်ပါလို့ သုံးသပ်ခဲ့ ပါတယ်ခင်ဗျား။ အမှုမှာ ဗိုလ်နီ၊ မောင်စိုး၊ ညွန့်မောင် တို့ဟာ ပြစ်မှု ကျူးလွန်တဲ့ ဆန်းဦးနဲ့သာ ဆက်စပ်ကြတဲ့ သူတွေဖြစ်ပါတယ်။ ရုံးတော်မှာလည်းပဲ တရားခံ ဝင်းအောင် ကိုသိရှိခြင်း မရှိကြောင်း ထွက်ဆိုချက်တွေ ရှိပါတယ်။ သို့သော်လည်းပဲ ကသာခရိုင် တရားသူကြီးက စီရင်ဆုံးဖြတ် သုံးသပ်တဲ့ နေရာမှာ သက်သေတို့ရဲ့ သဘာဝသည် မိမိနဲ့ ခင်မင်ရင်းနှီးသူ၊ ဆက်စပ် ပတ်သက်သူများကို တရားခံအဖြစ်မှ လွတ်ကင်းအောင် အမှန်တကယ် တွေ့မြင်ခဲ့တဲ့အတိုင်  မိမိနဲ့ ပတ်သက်တဲ့သူ ပြစ်ဒဏ်ကျခံရမှာ စိုးတဲ့အခါ အမျိုးမျိုး ကွယ်ဝှက်ထိန်ချန် ထွက်စမြဲ ဖြစ်ပါတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ညွန့်မောင်၊ ဗိုလ်နီနှင့် မောင်စိုးတို့ရဲ့ ထွက်ချက်များဟာ သဘာဝနဲ့ ဆန့်ကျင်တဲ့ ယုတ္တိမတန်တဲ့ ဖန်တီးထားတဲ့ ထွက်ဆိုချက်တွေပါလို့ သုံးသပ် ပြခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုမှာ အရန် မီးသတ်တပ်ဖွဲ့ဝင် တွေဖြစ်တဲ့ ဝင်းအောင်က သေဒဏ်၊ အောင်ချမ်းဦးနှင့် စောဝေမိုးတို့ ကတော့ ထောင်ဒဏ် ၁၀ နှစ်စီချ မှတ်ခံခဲ့ကြရပါတယ် ခင်ဗျား။ အောင်ချမ်းဦးနှင့် စောဝေမိုး တို့ကတော့ ပြစ်ဒဏ် နှစ်စေ့လို့ လွတ်မြောက် လာကြပါပြီ ဝင်းအောင်ကတော့ဖြင့် ယနေ့ထိတိုင်ပဲ ကသာထောင် ကြိုးတိုက်ထဲမှာ ပြစ်ဒဏ်ကျ ခံရဆဲ ဖြစ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌကြီး ခင်ဗျား။ အထက်မြန်မာပြည် မှုခင်းတပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး) က ဒုတိယရဲမှူး စံသိန်းဟာ တရားခံ အစစ်အမှန်တွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတယ်။ လူသက်သေ၊ ပစ္စည်း သက်သေတွေနဲ့ ခိုင်ခိုင်လုံလုံ တင်ပြသော်လည်းပဲ ကသာခရိုင် တရားသူကြီးက တရားခံအစစ် အမှန် မဟုတ်တဲ့သူများကို ပြစ်ဒဏ် ကျခံခိုင်းခဲ့ခြင်းဟာ ဘဝနစ်နာ ဆုံးရှုံး၊ မိသားစုများ စီးပွားပျက်၊ လူမှုဒုက္ခများစွာ ခံစားကြရတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ ဒီတော့က ကသာခရိုင် တရားသူကြီးရဲ့ မှားယွင်း ဆုံးဖြတ်မှုကို ကျွန်တော်တို့ ဘယ်လိုပုံနဲ့ ကုစားကြပါမလဲ။ ထောင်ဒဏ် ကျခံနေရတဲ့ ဝင်းအောင်ကိုလည်း ဘယ်လို ကျွန်တော်တို့ နစ်နာမှုကို ကူညီ ဆောင်ရွက်ပေးနိုင်မလဲ။ မှားယွင်းစွာ ဆုံးဖြတ်သော ခရိုင်တရားသူကြီးကို လည်းပဲ မည်ကဲ့သို့ အပြစ်ပေးပါမလဲ။ ဒီအချက်အလက်များနဲ့ ပတ်သက် ပြီးတော့မှ ကျွန်တော့်တို့တွေဟာ တရားရေး မဏ္ဍိုင် ဖြောက်မတ် ကြံ့ခိုင်လာစေဖို့ရာ ဝိုင်းဝန်းကူ ထောက်မပေးသင့် လှပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျား။

Standard (Image)