ဥက္ကဋ္ဌ။ ။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ဆွေးနွေးဖို့ ဖြစ်ပါတယ်။
(ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်)။ ။ ကျွန်တော် ကတော့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ကိုယ်စား ကျွန်တော် တင်ပြမှာ ဖြစ်ပါတယ်။ အမှုသွား အမှုလာနှင့် ပတ်သက်လို့ကတော့ စောစောက ပုဂ္ဂိုလ်များ တင်ပြသွားတာ တော်တော်လေး ပြည့်စုံပါတယ်။ အမှုရဲ့အသေးစိတ်၊ အသွားအလာကိုသာ မလေ့လာရပေမယ်လို့ ဥပဒေရဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ အားနည်းချက်လေးတွေကို နည်းနည်းသုံးသပ် ရရှိတာလေးကို တင်ပြချင်ပါတယ်။ ပထမအချက်က ဒီကိုဝင်းအောင်တို့၊ ကိုအောင်ချမ်းဦးတို့၊ စောဝေမိုးတို့ ၃ ဦးဟာ မအေးအေးဆင့်ရဲ့ လက်ညှိုးထိုးတာ တစ်ချက်တည်းနှင့် သေဒဏ်ကျပြီး ထောင်ကျသွားတဲ့ အဖြစ်ရောက်သွားပါတယ်။ အဲတော့ ဒါဟာလည်းပဲ သေသေချာချာ ပြောမယ်ဆိုရင် အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ သက်သေ အထောက်အထားတွေ ရဲဘက်ကလည်း တင်ပြနိုင်ရမယ်။ တရားသူကြီးကလည်း ဆုံးဖြတ် ပေးနိုင်ရမယ်။ ဒီလိုရှိပါတယ်။ ဒါဥပဒေကြောင်းအရ။
ဒုတိယတစ်ချက်က ဒီကိုဝင်းအောင်တို့၊ ကိုအောင်ချမ်းဦးတို့၊ စောဝေမိုးတို့ တရားစစ် နေစဉ် ကာလမှာပဲ သတင်းတစ်ခုက ထွက်လာပါတယ်။ သူတို့သည် တရားခံ ၃ ဦး မဟုတ်ကြောင်း တကယ် တရားခံ အစစ်က ဆန်းဦးတို့၊ ဘိုနီတို့၊ မောင်ကြီးတို့ ဖြစ်ကြောင်း သတင်း ထွက်လာပါတယ်။ ဒါဟာ တရားစစ် နေစဉ်မှာ ထွက်လာတာပါ။ ဒီလို တရားစစ် နေစဉ်မှာ ဒီလိုသတင်းထွက်လာပြီး ဆိုတဲ့အခါကျ တော့ ဒါကို ဖော်ထုတ်ဖို့ မလိုဘူးလား။ ဖော်ထုတ်ဖို့ လိုပါတယ်။ ဒီအမှန်တကယ် တရားစီရင်တဲ့ ကဏ္ဍ ကို ဥပဒေ အချက်အလက်တွေနဲ့ ပေးပို့ဖို့၊ ဖော်ထုတ်ဖို့ရာ ပြည်သူတွေမှာ တာဝန်ရှိပါတယ်။ ပြည်သူ့ရဲ ရဲ့ အားနည်းချက်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လဲဆိုရင် သတင်းထွက်ပြီ ဆိုရင် ရဲက လုပ်တတ်ပါတယ်။ တရားရုံးမှာ သတင်းထွက်ပြီဆိုရင် အမှန်အကန် ဖော်ထုတ်နိုင်ဖို့အတွက် Source တွေက အများကြီးပဲ။ နောက်တစ်ခုက အမှုဖြစ်တဲ့ ကာလကြည့်တဲ့ အခါကျတော့ ကောလင်း မြို့နယ်ထဲက ရွာတစ်ရွာမှာ ရွာဆိုတာ တော်ရုံတန်ရုံ ဖုန်းဖိလို့ သိပ်မလွယ်ပါဘူး။ ဖော်ထုတ်လို့ လွယ်ပါတယ်။ ဒီလို ကြည့်ရပါမယ်။ အဲဒီလိုပဲ ဖြစ်ပျက်တဲ့ အခါကျတော့ တစ်ခါ ရဲဘက်က သူကလည်း ပြောတယ်။ မူလအခု တရားစွဲတဲ့ လူတွေဟာ တရားခံအစစ်မဟုတ်ပါဘူး။ တရားခံအစစ်က ထွက်ပြေးနေပါတယ်လို့ ပြောတယ်။ ပြောတဲ့ အခါကျတော့ တရားခံတွေကိုလည်း ဖမ်းလို့ မမိဘူးလို့ ပြောတယ်။ ဒါလည်း ဖြစ်တတ်ပါတယ်။ ဖြစ်တတ်ပါတယ်။ တရားခံတွေက ဘယ်ကလူမှန်းလည်း မသိဘူး။ ညကြီးသန်းခေါင် ညဉ့်နက်ထဲမှာ အမှောင်ထဲမှာ အဲဒီတော့ လက်ညှိုးထိုးတာနဲ့ကို တရားခံဖြစ်သွားတယ်ဆိုတဲ့အခါကျတော့ ဒီလို ဖြစ်တတ်တယ်။ ဟိုမှာ မပြောနဲ့ ကျွန်တော်တို့ ရန်ကုန်မှာတောင် ဒါမျိုးတွေ အများကြီးပဲ။ တရားခံကို မဖော်ထုတ်နိုင်တာ အများကြီးပဲ။ ရွှေပြည်သာမှာ အိမ်တစ်လုံးလုံး မီးရှို့တဲ့ ပိုင်ရှင်ရော၊ ဘာရော အကုန်လုံးပါသွား၊ သေသွားတယ် ဒါလည်း မဖော်ထုတ်နိုင်ဘူး။ ကျွန်တော် အင်းယားမှာ ဖြစ်တဲ့ ကိစ္စတွေ အခုထိ ဒီအတိုင်းပဲ။ ဆိုတော့ ကျွန်တော်က ဘာပြောချင်လဲဆိုလို့ရှိရင် တရားခံကို ဖော်ထုတ် တဲ့ နေရာမှာ ပြည်သူ့ရဲတွေမှာ အများကြီး အရည်အချင်းရှိပါတယ်။ ဒါကြောင့်မို့လို့ တရားရုံးကို တင်ထဲကိုက အထောက်အထားနှင့် ဆိုရင် မပေါ်ခင်မှာ ဒီအမှုကို ဆိုင်းထားလို့ရတယ်။ နောက်တစ်ခု က ပါးစပ်နှင့်သာပြောပြီးတော့ သက်သေအထောက်အထားမရှိတဲ့အခါမှာ တရားရုံးရဲ့ သဘောက တော့ သက်သေအထောက်အထား ခိုင်လုံတဲ့ ဘက်ကို လိုက်မှာပဲ။ တရားဥပဒေအရ Issue တစ်ခု ဖြစ်လာရင် Version တွေက အများကြီးပဲ။ အဲဒီတော့ သက်သေရှိတဲ့လူဘက်ပဲ လိုက်မှာပဲ။ ဒီလို တွေ့ရ ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီကိစ္စနှင့်ပတ်သက်လို့ သေသေချာချာ အထောက်အထား ခိုင်ခိုင်လုံလုံနှင့် တရားရုံးကပဲ လေ့လာလို့ ရမယ်။ တရားဥပဒေအပေါ်မှာ အားနည်းချက်တွေကို တင်ပြတာပဲ၊ သုံးသပ်လို့ ရတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ပြည်သူ့ရဲက လည်း သူ့တာဝန်အလျှောက် Cause တစ်ခု တင်တော့မယ်ဆိုလို့ရှိရင် အထောက်အထား ပြည့်ပြည့် စုံစုံ ခိုင်ခိုင်လုံလုံနှင့်တင်ရမှာပဲ။ ဒီကိစ္စမှာ ကြည့်လိုက်တဲ့အခါကျတော့ တရားခံတွေဘက်က အားနည်း တာရော၊ မန္တလေးတရားရုံးမှာ ဆုံးဖြတ်ပြီးတဲ့အခါကျတော့ သူတို့က အယူခံဆက်မလိုက်ဘူး။ အဲဒါ တရားခံတွေဘက်က အားနည်းတယ်။ သူအယူခံဆက်လက်ရမယ်။ ဒါတရားခံဘက်က အားနည်းတယ်။ ဒါပေမယ့် တစ်ဘက်က ပြန်ကြည့်တဲ့ အခါကျတော့ တရားရုံး ကလည်းပဲ ရဲက တင်လာတဲ့ တရားခံအသစ် ၃ ယောက်ပေါ့လေ။ နောက် ၃ ယောက်ပေါ့။ အဲဒါတွေကလည်း သူကြည့်လိုက်တဲ့ အခါကျတော့ ဒီရဲ့ အမှုအခင်းရဲ့အဆိုအရ အထောက် အထားတွေက မပါလားဘူးလို့ ဆိုတယ်။ စောစောက တစ်ယောက် တင်ပြသွားတဲ့အရ ဆိုရင်တော်တော် လွယ်ပါတယ်။ ဆွဲကြိုးလည်း ရတယ်။ ဆွဲကြိုးပြန်ရ ထဲက တရားခံ ဘယ်သူဆိုတာ သိနေပြီ။ ဒါကြောင့်မို့လို့ တရားရေးဘက်က တရားစီရင်တဲ့ ဘက်ကလည်း ရဲတွေက မတင်နိုင်လို့လား။ တရားစီရင်တဲ့ ဘက်က ရဲက တင်တဲ့ဟာကို အသိအမှတ် မပြုလို့လား ဒီလို စဉ်းစားစရာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ကိစ္စမျိုးပဲ မဆို တရားရုံးတွေ တင်လာတယ်ဆိုရင် တရား ဥပဒေစိုးမိုးရေးမှာ သေသေချာချာ အထောက်အထား ခိုင်ခိုင်လုံလုံနှင့် ဖြစ်ဖို့ လိုတယ်။ အဲဒါကြောင့် မို့လို့ ဒီကိစ္စကို ကြည့်မယ်ဆိုလို့ရှိရင် အမှုစုံစမ်း ဖော်ထုတ်တဲ့ လူများဟာ ယခုထက် ခိုင်မာ တဲ့ သက်သေအချက်များကို ဖော်ထုတ်ဖို့၊ တင်ပြဖို့ လိုပါတယ်။ အဲဒီလို တင်ပြမှ ကျွန်တော်တို့ အမှုမှန် တစ်ခုကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီးတော့ အများ လက်ခံနိုင်တဲ့ တရားစီရင်ရေး ဖြစ်မယ်လို့ ဒီလို သုံးသပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလောက်ပါပဲခင်ဗျား။
