တရားစီရင်ရေး မဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်စေရန် အတွက် ဝိုင်းဝန်း ကူညီ ထောက်မရေး” အဆိုနှင့် စပ်လျဉ်း၍ တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီမှ ဆွေးနွေးခြင်း

၁။       အမှုမှာ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာဘုရားပွဲတွင် မအေးအေးဆင့်သည် အစ်ကိုဝမ်းကွဲ တော်သူ မောင်နိုင်ဝင်းနှင့် ပွဲခင်းအရှေ့ဘက်သို့ အပေါ့စွန့်ရန် သွားစဉ် လူ (၃) ဦး မှ မောင်နိုင်ဝင်းအား တုတ်နှင့်ရိုက်၊ ဓါးနှင့်ထိုးသတ်ပြီး မအေးအေးဆင့် အား မုဒိန်းပြုကျင့်ပြီး ဆွဲကြိုးလုယက်သွားသဖြင့် ရဲတပ်ဖွဲ့မှ အမှုဖွင့်လှစ်ပြီး ကသာခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ကာ ကသာခရိုင် တရားရုံးမှ တရားခံ (၃) ဦးအားပြစ်ဒဏ် အသီးသီးချမှတ်ပြီး ယင်းသို့ ချမှတ်သည့် တရားရုံးမှာ မှန်ကန်မှု မရှိသဖြင့် ဖြစ်ရပ်မှန် ပေါ်ပေါက်ပြီး ပြစ်ဒဏ်မှ လွတ်မြောက်ရေး အတွက် ဤကော်မတီသို့ ပူးတွဲပါ စာရွက်စာတမ်းများနှင့် အတူ တင်ပြလာခြင်း ဖြစ်ပါသည်။

၂။       ဦးတင်ဝင်း၏ ပူးတွဲပါအမှုနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို လေ့လာသုံးသပ်ရာတွင်-

(က)    တရားခံများမှ အပြစ်မရှိကြောင်း ထွက်ဆိုထားသည့် တရားခံပြ သက်သေထွက်ဆိုချက် မိတ္တူများကိုသာ ပူးတွဲတင်ပြထားရှိပြီး စီရင်ဆုံးဖြတ်ရာတွင် အရေးကြီးသည့် တရားလိုနှင့်တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်မိတ္တူများ ပြစ်မှု ကျူးလွန်ခြင်းနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းဓါး၊ ဆွဲကြိုးစသည့်ပစ္စည်းများ သိမ်းဆည်းရှာဖွေ ပုံစံမိတ္တူများ၊ ဓါတုဗေဒဝန်နှင့် ကျွမ်းကျင်သူပါရဂူများ၏ ထင်မြင်ချက်၊ ပြန်ကြားစာများ ပူးတွဲမပါရှိသဖြင့် ပြည့်စုံစွာ သုံးသပ်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။

(ခ)     အမှုစစ်ဆေး ဆဲကာလတွင် တရားခံမဟုတ်ပဲ တရားစွဲဆိုခံရသဖြင့် နစ်နာလျှက်ရှိကြောင်း တိုင်ကြားချက်အရ အထက် မြန်မာပြည် မှုခင်းတပ်ဖွဲရုံး (မန္တလေး)မှ ဒုရဲမှူးစံသိန်း ဦးဆောင်သော အဖွဲ့မှ စုံစမ်းစစ်ဆေးပြီး စုံစမ်းစစ်မေးချက်အရ ဆန်းဦး၊ မောင်ကြီးနှင့် ဗိုလ်လင်းမှ ပြစ်မှု ကျူးလွန်ကြောင်း၊ အမှုမှအမှန် တကယ်ကျူးလွန်သူများ ဖမ်းဆီးရရှိရေး အတွက် ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၈.၄. ၂၀၀၃ ရက်စွဲဖြင့် ကသာခရိုင်တရားသူကြီး ထံ စာဖြင့်ရေးသား တင်ပြထားပြီး ၃.၁၀.၂၀၀၃ ရက်နေ့တွင် ကသာခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

(ဂ)     ဦးတင်ဝင်း၏ တင်ပြစာတွင် တရားခံများအပြစ်မှားယွင်းစွာ တရားစွဲဆိုခဲ့ကြသည့် စခန်းမှူး နှင့်အဖွဲ့အား စုံစမ်းစစ်ဆေး၍ အပြစ်ပေးအရေးယူခံရကြောင်း ဖော်ပြပါရှိသော်လည်း အပြစ်ပေးအရေးယူခံရသည့် ပူးတွဲအထောက်အထားများ မပါရှိကြောင်းတွေ့ရှိရပါသည်။

၃။       မှုခင်းတပ်ဖွဲ့၏ အစီရင်ခံစာအရ ပြစ်မှု အမှန်တကယ် ကျူးလွန်သူများ ဖမ်းဆီးရ မိရေးအတွက် ဆောင်ရွက်လျှက် ရှိကြောင်း တွေ့ရှိရသဖြင့် မှုခင်းတပ်ဖွဲ့က ထင်မြင် ယူဆသည့် တရားခံများအား ယနေ့ အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါသဖြင့် သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ရည်ညွှန်းချက် (၂) ပါ စာဖြင့် အမှုတွဲ လွှဲပြောင်း ပေးပို့ထားရှိပြီး ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ အထိပြန်ကြားမှု မရရှိသေး ပါကြောင်း တင်ပြအပ်ပါသည်။

ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးဌာန နည်းတူ အခြားသောသက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာန များသည်လည်း တရားစီရင်ရေးနှင့် ပတ်သက်သော တင်ပြစာများနှင့် စပ်လျဉ်း၍ ကော်မတီသို့ ပြန်ကြားမှုများ ဆောင်ရွက်မှု မရှိပါကြောင်းလည်း လေးစားစွာ တင်ပြအပ်ပါသည်။

Standard (Image)