ကသာခရိုင် တရားရုံးမှ စစ်ဆေး စီရင်ပြီး ပစ်ဒဏ် ချမှတ်ချက်နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ စိစစ်သုံးသပ် ချက်ကိုဖတ်ကြား တင်သွင်းခြင်း

လေးစားအပ်ရသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကောလင်းမဲဆန္ဒနယ်မှ ဦးတင်ဝင်း၏ဆွေးနွေးချက်တွင်ပါရှိသော ကသာခရိုင် တရားရုံးမှ စစ်ဆေးစီရင်ပြီး ပစ်ဒဏ် ချမှတ်ချက်နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ စိစစ်သုံးသပ် ချက်ကိုဖတ်ကြားတင်သွင်းသွားမှာဖြစ်ပါတယ်။

၁။       အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး၌ ကောလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၏ ဆွေးနွေး တင်ပြချက်တွင်ပါရှိသော ကသာခရိုင် တရားရုံးမှ စစ်ဆေးစီရင်ခဲ့သည့် ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကျွန်း ရွာနေ မအေးအေးဆင်‌့အပေါ်ကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် အရေးယူပြစ်ဒဏ် ချမှတ်ထားခြင်းအား စိစစ်ဆောင်ရွက်မှု အခြေအနေကိုတင်ပြရန် ရည်ညွှန်းစာဖြင့် ပေးပို့လာခဲ့ပါသည်။

၂။       ကောလင်းမဲဆန္ဒနယ်မှ ဦးတင်ဝင်း၏ဆွေးနွေးချက်တွင်ပါရှိသော အချက်အလက်များအား လေ့လာကြည်ရှုခဲ့ရာအောက်ပါအတိုင်းတွေ့ရှိရပါသည်။

(က)    ၆-၄-၂၀၀၂ ရက်နေ့ ကောလင်းမြို့နယ်၊ လွယ်မောက်တောင်ဘုရားပွဲ၌ ကန့်ဘလူ မြို့နယ်၊ ပုဏ္ဏားကျွန်းရွာနေ မအေးအေးဆင်‌့အား လူ ၃ ဦးမှ မတရားကျင်‌့ကြံ၍ မအေးအေးဆင်‌့နှင့်အတူပါလာသည့် နိုင်ဝင်းကိုတုတ်ဖြင်‌့ရိုက်၊ ဓားနဲ့ထိုးခဲ့ခြင်းဖြစ်ပါ သည်။

(ခ)     အမှုအား ကောလင်းမြို့နယ်ရဲစခန်းမှစစ်ဆေးပြီး ဝင်းအောင်၊ အောင်ချမ်းဦးနှင့် စောဝေမိုးတို့အား ကသာခရိုင်တရားရုံးသို့တရားစွဲတင်ပေးပို့ပြီး ဝင်းအောင်အား သေဒဏ်၊ အောင်ချမ်းဦးနှင့် စောဝေမိုးတို့အားထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။ အောင်ချမ်းဦးနှင့် စောဝေမိုးတို့မှာ ယနေ့အချိန်၌ ပြစ်ဒဏ်စေ့၍လွတ်မြောက်လာသော်လည်း ဝင်းအောင်မှာ ကသာခရိုင်ကြိုးတိုက်ထဲ၌ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်ပါသည်။

(ဂ)     ၎င်းအမှုအား မြန်မာပြည် မှုခင်းတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူး စံသိန်းကလည်း အထက်အဖွဲ့၏ တာဝန်ပေးချက်အရ သီးခြားဖော်ထုတ်ခဲ့ရာပြစ်မှုကျူးလွန်သူ ဆန်းဦးပါ ၃ ကိုလည်း ယခုအမှု၏တရားခံ အဖြစ်စုံစမ်းဖော်ထုတ်ခဲ့ပါသည်။ ၎င်းတို့အား ယနေ့အချိန်ထိ ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်းတွေ့ရှိရပါသည်။

(ဃ)    ကသာခရိုင်တရားရုံးမှ သက်သေ ဘိုနီ၊ မောင်စိုးနှင့် ညွန့်အောင်တို့အားစစ်ဆေးပြီး ၎င်းတို့၏ထွက်ချက်များမှာ သဘာဝယုတ္တိမတန်ဟုသုံးသပ်ပြီး တရားခံဝင်းအောင်ပါ ၃ ဦးအား ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်းတွေ့ရှိရပါသည်။

(င)     အမှုနှင့်ပတ်သက်ပြီး တရားစွဲခံထားရသော ဝင်းအောင်အပါ ၃ ဦးမှာ တရားခံ အစစ် မဟုတ်ကြောင်း၊ ဆန်းဦးအပါ ၃ ဦးမှာ တရားခံအစစ်အမှန်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ထွက်ပြေးတိမ်းရှောင် နေသဖြင်‌့ ဖမ်းဆီးရမိရေးကို ကြိုးစားနေကြောင်း ဒုတိယရဲမှူး စံသိန်းမှ ကသာခရိုင်တရားရုံးသို့ တရားဝင်စာဖြင့်တင်ပြခဲ့ကြောင်းတွေ့ရှိရပါသည်။

၃။       အထက်အပိုဒ် ၂ ပါ လေ့လာတွေ့ရှိချက်များအပေါ်အခြေခံ၍ အောက်ပါအတိုင်းကောက်ယူ သုံးသပ်ရရှိပါသည်-

(က) ကသာခရိုင်တရားရုံး၌ ဝင်းအောင်ပါ ၃ ဦးအမှုအားစစ်ဆေးနေစဉ် မှုခင်းတပ်ဖွဲ့မှ ဖော်ထုတ်ရရှိသော တရားခံဆန်းဦးပါ ၃ ဦးအား ဖမ်းဆီးနိုင်ခြင်းမရှိသည်မှာ အမှု၏ အမှန်တရားဦးတည်ချက်အား လမ်းကြောင်း ပြောင်းသွားသည်ဟု သုံးသပ်ရရှိပါသည်။

(ခ)     သက်သေများဖြစ်သော ဘိုနီ၊ မောင်စိုး၊ ညွန့်အောင်တို့၏ထွက်ဆိုချက်များမှာ ခိုင်မာမှု ရှိ/မရှိ၊ ယုတ္တိရှိ/မရှိ။ ဝင်းအောင်အပါ ၃ ဦးအပေါ် ပြစ်ဒဏ်အသီးသီးချမှတ်ထားခြင်းမှာ ပူးတွဲပါသက်သေခံချက်များအရ မှန်/မမှန်ကိုသိရှိနိုင်ရန်အတွက် ကသာခရိုင်တရားရုံး၏ မူလရုံးအမှုတွဲ အားလေ့လာကြည်‌့ရှုမှသာ သိရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် မှုခင်းတပ်ဖွဲ့မှ ဖော်ထုတ်ခဲ့သည့် တရားခံပြေးများ ဖြစ်ကြသော ဆန်းဦးပါ ၃ ဦးအား သက်ဆိုင်ရာ ရဲစခန်းမှ တရားခံပြေးမှု ဖွင့်လှစ်ပြီး ကသာခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခြင်းရှိ/မရှိ။ ဒုတိယရဲမှူးစံသိန်းမှ ကသာခရိုင်တရားရုံးသို့ တရားဝင်စာဖြင့် အကြောင်းကြားထားခြင်း ရှိ/မရှိ စသည်‌့ အချက်များမှာ အမှု၏ အဓိကရေးပါသော အထောက်အထားများ ဖြစ်ကြောင်းတွေ့ရှိရပါသည်။

၄။       ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၏ ဆွေးနွေးချက်နှင်‌့ စပ်လျဉ်း၍ မူလတရားရုံး အမှုတွဲအား အသေးစိတ်စိစစ်နိုင်မှသာလျှင် မှန်ကန်စွာ သုံးသပ်တင်ပြ နိုင်မည်ဖြစ်သဖြင်‌့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး သို့ စိစစ် စေသင်‌့ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

Standard (Image)