ဦးထွန်းမြင့်ဦး ( မိုင်းပန်မဲဆန္ဒနယ် )။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော် ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ မိုင်းပန်မြို့နယ်မှ ဦးထွန်းမြင့်ဦး ဖြစ်ပါတယ်။ ကန့်ဘလူမဲဆန္ဒနယ်က ဒေါက်တာချမ်းငြိမ်း တင်သွင်းသွားတဲ့အဆိုကို တစ်ထောင့်တစ်နေရာက အနည်းငယ်ပဲဖြစ်ဖြစ် အထောက်အပံ့ ဖြစ်စေလိုတဲ့အတွက် အင်းတိုင်းရင်းသားများရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့၊ ထုံးတမ်းများနဲ့ ပတ်သတ်ပြီး အကျဉ်းသဘောမျှ ဥပမာပြဆွေးနွေးတင်ပြလိုပါတယ်။
ဥက္ကဋ္ဌကြီး ခင်ဗျား- တိုင်းရင်းသားလူမျိုး တစ်မျိုးဆိုတာ ကျွန်တော် ယုံကြည်တာ ကတော့ (၁) မိမိမျိုးနွယ် ဘိုး၊ဘေး၊ ဘီ၊ဘင် မိဘများအခြေချ နေထိုင်လာတဲ့ နေရာဒေသအတိုင်း မိမိရဲ့ ဇာတိချက်ကြွေ သက်ဆိုင် မြေရှိသူမျိုး ဖြစ်ရပါမယ်။ (၂) နီးစပ်ရာလူမျိုး တစ်မျိုးရဲ့ စကားမဟုတ်ပဲ ကိုယ်ပိုင်ဒေသန္တရ စကားရှိသူမျိုး ဖြစ်ရပါမယ်။ (၃) ကိုယ်ပိုင်စာပေ အရေးအသားလည်း ရှိရပါမယ်။(၄) ကိုယ်ပေါက်လက်ရောက် ခန္ဓာကိုယ်နဲ့ မျက်နှာပုံစံအားဖြင့် နိုင်ငံတွင်းသားများနဲ့ သိပ်မကွာခြားလှတဲ့ သီးခြားရုပ်သွင်ရှိရပါမယ်။ (၅) ကိုယ်ပိုင်ဓလေ့ထုံးတမ်း ရှိသူမျိုး ဖြစ်ရ ပါမယ်။ ဒီအချက် ၅ ချက်နဲ့ ပြည့်စုံသူတို့ဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုး စစ်စစ်တွေ ဖြစ်ကြပါတယ်။ အင်းသားတွေဟာ ဒီအချက် ၅ ချက်နဲ့ ကိုက်ညီတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုး လက္ခဏာတွေနဲ့ ပြည့်စုံ သူတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘွားမိဘတွေ ရှေးပဝေသဏီ ကတည်းက အစဉ်အဆက် နေထိုင်လာတဲ့ ရှမ်းပြည်နယ် အင်းလေးကန် ဒေသဟာ ကျွန်တော်တို့ရဲ့ ဇာတိချက်ကြွေ သက်ဆိုင်မြေ ဖြစ်ပါတယ်။ အင်းသားအမွေခံ သက်ဆိုင်မြေရှိပါတယ်။ အင်းသားတွေ ပြောဆိုတဲ့စကားဟာ နီးစပ်ရာအခြား လူမျိူးရဲ့ စကားနဲ့ ပြောဆိုတာ မဟုတ်ပါဘူး။ မိမိဘိုးဘွား အစဉ်အဆက် ပြောဆိုလာတဲ့ အမွေခံစကားဖြစ်ပြီး ကိုယ်ပိုင် ဒေသန္တရ စကား အခေါ်အဝေါ် အသုံးအနှုန်းနဲ့ ကိုယ်ပိုင်ဟန်တွေရှိပါတယ်။ ကိုယ်ပိုင်စာပေဖြစ်တဲ့ ပေ၊ ပုရပိုက်နဲ့ ရေးတဲ့ စာပေ၊ ပုံနှိပ်စာပေ၊ တေးကဗျာ၊ အင်္လကာစာပေတွေရှိပါတယ်။ ကဗျာ၊ အင်္လကာ ရေးပုံ ဆိုပုံ အင်မတန်လှပတဲ့ တိုက်တေး စာအုပ်၊ တိုက်တေး စာတမ်းများအထင်အရှားရှိပါတယ်။ အထူးသဖြင့် ကုန်းဘောင်ခေတ်ဦးက အင်းသားစာဆို ဦးထင်ကြီးဆိုသူလည်း ရှိခဲ့ဖူးပါတယ်။ အင်းသားများဟာ ကိုယ်ပေါက် လက်ရောက် ခန္ဓာကိုယ်နဲ့ မျက်နှာပုံစံအားဖြင့် မြန်မာနိုင်ငံရဲ့ တခြားသော တိုင်းရင်းသား လူမျိုးများနဲ့ မကွာခြားလှပါဘူး။ တိုင်းရင်းသားများ မှာကိုယ်ပိုင်ဓလေ့ ထုံးတမ်းတွေ ရှိတဲ့အပြင် ကိုယ်ပိုင်ဓလေ့ ထုံးတွေလည်း ရှိနေပါတယ်။ ဥပမာအားဖြင့် အင်းရေ မျက်နှာပြင်ပေါ်မှာ ဟင်းသီးဟင်းရွက် စိုက်ခင်းကြီးများ စိုက်ပျိုးခြင်း၊ အခြားမည်သည့် တိုင်းပြည်မှာမှ မရှိတဲ့ ခြေထောက်နဲ့ လှေလှော်ခတ်ခြင်း စသည်တို့ဖြစ်ပါတယ်။ ရှေးသမိုင်းကြောင်း အနေနဲ့ ကျောက်ခတ်၊ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် အထောက်အထား များစွာရှိနေပါတယ်။ အနော်ရထာ၊ အလောင်းစည်သူ၊ နာရပတိ စည်သူစတဲ့ ရှေးမြန်မာမင်း အဆက်ဆက်တို့က အင်းလေးဒေသမှာ ပြုခဲ့ကြတဲ့ ဘာသာရေးကောင်းမှုကုသိုလ်များနဲ့ဆိုင်တဲ့ ပေ ပုရပိုက် မှတ်တမ်းတွေရှိပါတယ်။ အင်းလေး ဖောင်တော်ဦး ဘုရားဟာ ပုဂံနဲ့ အင်းလေး ဆက်သွယ်မှု ကြီးမားတာရဲ့ သမိုင်းသက်သေဖြစ်ပါတယ်။ ဘာသာရေး အနေနဲ့ အင်းလေးဒေသ ခေတ်အဆက်ဆက်က ဘုရားစေတီ ကျောင်းကန် စတဲ့ သာသနိက အဆောက်အဦး များစွာ ဆောက်လုပ်လှူဒါန်း ခဲ့ကြပါတယ်။ အင်းလေးကန် အနောက်ဘက်ကမ်းရှိ ရွှေအင်းတိမ် စေတီစုအတွင်းမှာ ပုဂံခေတ်စေတီ ၂ဆူ ယခုတိုင် ရှိနေပါသေးတယ်။ ဘိုးတော် ဗဒုံမင်းလက်ထက်မှာ တစ်နိုင်ငံလုံး ရွှေဂူစေတီ ၂၃၀ တည်တဲ့အခါ အင်းလေး ဟဲယာရွာမ မှာလည်း ရွှေဂူစေတီတစ်ဆူ တည်ခဲ့ပါတယ်။ ဘကြီးတော် မင်းလက် ထက်မှာ ရှမ်းပြည်နယ်က ဆရာတော် ၃၆ ပါးကို ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ရာမှာ မဟာဓမ္မရာဇာဓိရာဇဂုရု ဘွဲ့ကိုတော့ အင်းလေးရွာမှ ဆရာတော် အရှင်နန္ဒမဉ္ဇူကို ဆပ်ကပ် ခဲ့ပါတယ်။
အင်းသားများဟာ ဗုဒ္ဓဘာသာကို အလွန်ယုံကြည် ကိုးကွယ်သူများဖြစ်ကြပါတယ်။ အင်းလေးကန်ရဲ့ အနောက်ဘက် ကမ်းတစ်လျှောက် တည်ထားခဲ့တဲ့ စေတီပေါင်း ရာထောင်မကတွေဟာ ဗုဒ္ဓဘာသာဝင် အင်းသားတွေရဲ့ ဒါန၊ သီလ၊ ဘာဝနာ အမှတ်အသားတွေပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြ ပေမယ့် ရိုးရာ နတ်ကိုးကွယ်မှုလည်း မကင်းလှသူတွေ ဖြစ်ကြပါတယ်။ ရှေးအင်းသားများဟာ ခိုင်မာတဲ့ သမိုင်း၊ မှတ်တမ်း မှတ်ရာများကို ပြုစုလေ့ရှိပါတယ်။ အခြားသော တိုင်းရင်းသားများတို့ရဲ့ မှတ်တမ်း၊ စွယ်စုံကျမ်း အတွက် အသုံးဝင်မယ့် မှတ်တမ်းမျိုးလည်း ထားရှိကြပါတယ်။ ခရစ်နှစ် ၁၀၈၂ ခုနှစ် ဗဒုံမင်းလက်ထက် ရှေးနှစ်ပေါင်း ၂၁၀ ခန့်က သမိုင်း အဆင့်အတန်း တစ်ခုလည်း ရှိပါတယ်။ လူဦးရေပေါင်း ၁၁၁၆၆ ယောက် ၊ နောက်တိုးစာရင်း ၉၃၁ ယောက်စသည်ဖြင့် လူဦးရေမှတ်တမ်းတင် ရေးသားခဲ့တာတွေကိုလည်း တွေ့ရှိလေ့ လာတွေ့ရှိရပါတယ်။ ၁၇၈၇ ခုနှစ် သြင်္ကန်စာမှာ ကုန်းဘောင်ခေတ်ဦးက အင်းသား စာဆိုတစ်ဦးဖြစ်တဲ့ ဦးထင်ကြီးက “ရွှေအင်းဝက တာချပြန်သော် ခြောက်သောင်းကျော်တွင် ငွေခွန်ဆက်သွင်း သတင်းသညာ အင်းလေးရွာ” လို့စပ်ဆိုထားရာ အင်းဝနေပြည်တော်နှင့် အင်းလေးငွေခွန်မှူး နေထိုင်ရာ ဟဲယာရွာမဟာ တာပေါင်း ခြောက်သောင်းကျော်ကွာ ဝေးကြောင်း၊ အင်းဝနေပြည်တော်နှင့် အင်းလေးဒေသဟာ ၁၁၉.၃၂ မိုင် ဝေးကြောင်း၊ အင်းလေးဒေသမှာ အဓိကရွာကြီးလေးရွာ တည်ထားရှိကြောင်း သမိုင်းမှတ်တမ်းတွင် ထားရှိကြောင်းဖြစ်ပါတယ်။ အင်းသားတွေဟာ မိမိပတ်ဝန်းကျင်ဒေသရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ဓနော့၊ တောင်ရိုး စတဲ့ တိုင်းရင်းသားတွေနဲ့ နှစ်ပေါင်းများစွာ အနီးကပ်ပူးတွဲ နေထိုင်လာကြပေမယ့် ခိုက်ရန်ဖြစ်လေ့ဖြစ်ထ မရှိကြပါ။ မကျေနပ်ချက်များ၊ အငြင်းပွားချက်များ ရှိလေ့မရှိကြပါ။ တစ်မြေတည်းနေ တစ်ရေတည်းသောက် အခြားတိုင်း ရင်းသားများနှင့် ချစ်ခင် အေးချမ်းစွာနှင့် ဆွေမျိုးရင်းချာပမာ နေထိုင်တတ်သူများဖြစ်ကြပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
ဒါကတော့ ရှမ်းပြည်နယ် အင်းလေးဒေသက အင်းတိုင်းရင်းသားများတို့ရဲ့ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မြန်မာနိုင်ငံ တိုင်းရင်းသားများရဲ့မှတ်တမ်း စွယ်စုံကျမ်းမှာ ပါဝင်မှတ်တမ်းတင် ထားရှိပြုစု နိုင်ရေးအတွက် အကျဉ်းသဘောမျှ တင်ပြရခြင်းဖြစ်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ သမိုင်း၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပျက်သုန်းကွယ်ပျောက်ပါက လူမျိုးပါအလွယ်တကူ မလွဲမသွေ ကွယ်ပျောက် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အင်းတိုင်းရင်းသားများ အပြင် အခြားသော မြန်မာတိုင်းရင်းသားများ စစ်စစ် အနေဖြင့်လည်း ၎င်းတို့ရဲ့ ဖြစ်တည်မှု သမိုင်းကြောင်း ယဉ်ကျေးမှု စာပေ အနုပညာ၊ ဓလေ့ထုံးတမ်းများ ရှိနေ ကြပါတယ်။ လူမျိုး မပျောက်ကွယ် မတိမ်ကောစေဖို့၊ ရေရှည်တည်တံ့စေဖို့ ၎င်းတို့အနေဖြင့်လည်း မှတ်တမ်းများ စွယ်စုံကျမ်းများ ပြုစုထားရှိလိုကြမှာဖြစ်ပါတယ်။ ယခုအခါ မြန်မာသိ ကမ္ဘာကျော် အင်းလေးကန်၊ အင်းလေးဒေသရှိ အင်းလူမျိုးများရဲ့ သမိုင်းကြောင်းယဉ်ကျေးမှု စာပေဓလေ့ ထုံးလမ်းများကို နောင် မျိုးဆက်သစ် အင်းလူမျိုးများနဲ့ မြန်မာတိုင်းရင်းသားများ သိရှိလေ့လာနိုင်ရန်၊ မှတ်တမ်း ကျယ်ကျယ်ပြန့်ပြန့် တစ်စုတစ်စည်းထဲ ပြုစုမှတ်တမ်းတင် ထားရှိနိုင်ရေး အမှန်တကယ် လိုအပ်နေပြီဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၂၂ (က) မှာလည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ အဆိုမှာပါတဲ့ မှတ်တမ်း သို့မဟုတ် စွယ်စုံကျမ်းကို ကျယ်ကျယ် ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ပြုစုထားရှိ လေ့လာနိုင်ခြင်းအားဖြင့် နောင်သား စဉ်မြေးဆက် တိုင်းရင်းသား အချင်းချင်း ယုံကြည် လေးစားစွာ တန်းတူ ရည်တူချစ်ခင်ရင်းနှီး ဥမကွဲ သိုက်မပျက် အတူယှဉ်တွဲ နေထိုင်လိုစိတ် ပိုမိုရရှိလာနိုင်ပါ တယ်။ နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ် ပိုမိုရှင်သန်ခိုင်မာလာနိုင်ပါတယ်။ ကမ္ဘာအလယ်မှာလည်း မြန်မာတိုင်းရင်းသားလူမျိုး တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူဝင့်ကြွား နိုင်ပါတယ်။ အခြားတိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံး တမ်းတွေအပေါ် အထင်ကြီးစိတ်တွေ လျော့ပါးလာနိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂ ကိုလည်း အကောင်အထည်ဖော်ရာ ရောက်ပါမယ်။ ဒါ့ကြောင့် ကန့်ဘလူမဲဆန္ဒနယ်မှ ဒေါက်တာချမ်းငြိမ်းတင် သွင်းတဲ့ မြန်မာနိုင်ငံတိုင်းရင်းသားများရဲ့သမိုင်း၊ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများ နှင့် ပတ်သတ်၍ မှတ်တမ်းများ စွယ်စုံကျမ်းပြုစုရေး အဆိုကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး လေးနက်စွာ ထောက်ခံ ပါကြောင်း ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။
