ဥက္ကဋ္ဌ။ ။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျာ။ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်မယ့် အစီအမံများနဲ့ အဖြေလည်း ကျွန်တော်တို့ ကြားသိပြီဖြစ်ပါတယ်။ သို့ရာတွင် လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့နဲ့ အချိန်မီ ပြီးစီးအတွက်တော့ ဆက်လက် ဆောင်ရွက်သွားပါမယ်။ ဟိုနေ့က ကျွန်တော် ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ ပုဂ္ဂိုလ်များသည် ပြည်နယ်၊ တိုင်း ဒေသမတူသော ပုဂ္ဂိုလ်များ ဦးစွာဆွေးနွေးခိုင်းခဲ့ပြီ ဖြစ်ပါတယ်။ အခုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်မယ့် အခြေအနေကို သိပြီးဖြစ်တဲ့အတွက် အစဉ်လိုက်ပဲ ကျွန်တော် ပြန်ပြီးတော့ ဆွေးနွေးဖို့ တင်ပြ ဖိတ်ခေါ်ပါတယ်။ အချိန်ကိုသာ လိုအပ်သလောက် သုံးဖို့ပါ။
လင်းခေး မဲဆန္ဒနယ်မှ ဦးစိုင်းလှကျော် ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
ကိုယ်စားလှယ်။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ ကိုယ်စားလှယ် လူကြီးမင်းများအားလုံးကို ဂါရဝပြုတယ်။ ကျွန်တော်ကတော့ လင်းခေး မဲဆန္ဒနယ်မှ ဦးစိုင်းလှကျော် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ချမ်းငြိမ်းတင်သွင်းသွားတဲ့ အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားများဟာ နိုင်ငံတော်အနှံအပြားမှာ မှီတင်းနေထိုင် ကြသလို မြန်မာ့သမိုင်းမှာလည်းပဲ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ကြပေမယ့် မကြသေးမှီ ခေတ်ကာလတွေမှာ လစ်လျူရူခံ၇ခြင်း ပစ်ပယ်ခြင်းခံရခြင်းများကို ခံစားခဲ့ကြရပါတယ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေမှာဒေါက်တာ ဦးကျော်သက်၊ ဒေါက်တာ သန်းထွန်းတို့ရေးခဲ့တဲ့ သမိုင်းသရိုးတွေထဲမှာ ကျွန်တော်တို့ ရှမ်းခေတ်၊ ရှမ်းညီနောင် သုံးဦး၊ အင်းဝခေတ်၊ ပင်းယခေတ်၊ မွန်ဘုရင် ရာဇာဓိရဇ်၊ မွန်ဘုရင်မှာရှင်စောပု နှစ် (၄၀) မွန်မြန်မာစစ်ပွဲ ယခင်ဘုရင်ကြီးများ စတဲ့စတဲ့ ပုဂ္ဂိုလ် သင်ကြားမှတ်သားခဲ့ရပါတယ်။ ကျွန်တော်တို့နောက်ပိုင်း ဆိုရှယ်လစ်ခေတ်မှာ ပဒေသရာဇ် အတွေးအခေါ်များ ကြယ်ပြန့်ကူးစက်မှာစိုးလို့ ဆိုပြီး ကျောင်းသုံးသင်ရိုးတွေမှာ မပါတော့တဲ့အပြင် ပြင်ပ စာပေတွေမှာလည်းပဲ အကိုးအကာအဖြစ် အသုံးမပြုခဲ့ရသလောက် အားနည်းခဲ့ရပါတယ်။ ဒါဟာ ဖြစ်ရပ်မှန် သမိုင်းကို ခေတ်နဲ့ မလျှော်ညီဘူးဆိုတဲ့ နိုင်ငံရေးအမြင်နဲ့ ကွက်လပ်ချန်ထားခဲ့တာတွေဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ တိုင်းရင်းသားအများစုက ထင်မြင်ယူဆခဲ့ကြပါတယ်ခင်ဗျာ။ သမိုင်းတွေထဲမှာ ကောင်းတာဆိုးတာ တွေ ရှိခဲ့ပေမယ့် သင်ခန်းစာတစ်ခုအနေနဲ့ သုံသပ်ဖို့တော့ ကျွန်တော်တို့လက်ခံရမှာဖြစ်ပါတယ်။ အနော်ရထာမင်း၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့ဟာ ပဒေသရာဇ်တွေပဲဖြစ်ပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့ကလေးတွေက သင်ကြားမှတ်သားခဲ့ရသလို အတုယူစရာ အားကျစရာ သင်ခန်းစာယူစရာတွေ လည်းရှိခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာ ကောင်းတာရော၊ ဆိုးတာပါ ထင်ရှားခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသား ပဒေသရာဇ်ဘုရင်များအကြောင်းကိုလည်းပဲ ရိုးရိုးသားသား သမိုင်းအမြင်နဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေ နားလည်သဘောပေါက်အောင် သင်ယူခွင့် ရရှိခွင့်လိုအပ်မယ်လို့ ကျွန်တော် ထင်ပါတယ်ခင်ဗျာ။ သင်ခန်းစာ ဆိုသည်မှာ အကောင်းအဆိုးအားလုံးထဲက ထုတ်နှုတ်ယူရတာဖြစ်လို့ မကောင်းလို့ ဆိုးလို့ သိစရာမလိုဘူးလို့ ယူဆရင် ပြည့်စုံတဲ့ သင်ခန်းစာမရနိုင်ပါဘူူူးလို့ ကျွန်တောိတို့ယူဆပါတယ်ခင်ဗျာ။ သမိုင်းဆိုတာ အားလုံးက တန်ဖိုးထားတဲ့ အဖိုးတန် ပစ္စည်းဖြစ်ပါတယ်။ နိုင်ငံတကာမှာ ပညာရှင် အဖွဲ့တွေနှင့် နှစ်ပေါင်းများစွာက အခြေအနေတွေကို သိရအောင် မြေကြီးတွေကို တူးဆွ ရှာဖွေနေကြ ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်းပဲ ပညာရှင်အဖွဲ့တွေနဲ့ အချိန်ကုန် ငွေကုန်ခံ တူးဆွရှာဖွေနေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီလို တူးဆွရှာဖွေနေတဲ့ လုပ်ငန်းများမှာလည်းပဲ တာဝန်ရှိပုဂ္ဂိုလ်များက နေရာဒေသ၊ လူမျိုးစွဲတွေ မရှိပဲ၊ မခွဲခြားပဲနဲ့ လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေက လည်းပဲ ဝမ်းဝမ်းသာသာနဲ့ပဲ ကြိုဆို ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာ မြေကြီးထဲ မရောက်သေးတဲ့၊ ကျန်ရှိနေသေးတဲ့ သမိုင်းအမွေအနှစ်တွေ များစွာရှိနေပါသေးတယ်။ မြေကြီးထဲရောက် သွားပြီးမှ ပညာရှင်တွေနဲ့ အချိန်ကုန်ခံ ငွေကုန်ခဲ့ပြီး တူးဆွရှာဖွေနေမှာထက် မြေကြီးထဲမရောက်ခင်မှာ ကာကွယ် စောင့်ရှောက်ကြမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုတာကို များစွာ အထောက်အကူပြုနေမှာဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ ကျိုင်းတုံက ဟော်နန်းဆိုရင် မြေကြီးထဲမရောက် ခင် ဟိုတယ်ရောက်သွားတာ ဟော်နန်းကနေ ဟိုတယ်ဖြစ်သွားတာ ဝမ်းနည်းစရာ သမိုင်းဝင်အဆောက် အအုံ သမိုင်းအမွေနှစ်တွေ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ မြေကြီးထဲက တူးဆွလို့ရတဲ့ အထောက်အထား ပုတီးစိတ်လေးတွေ၊ ကြွှေစေ့လေးတွေတောင်မှ အမြတ်တနိုး ရှာဖွေနေကြတာ မြေကြီးပေါ်မှာ ရှိနေသေးတဲ့ တိုင်းရင်းသား အမွေအနှစ်တွေကို လျစ်လှူရှု ခံရတာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ကျွန်တော်တို့ ထင်မြင်ယူဆ မိပါတယ်။
လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျာ။ အမြင့်ဆုံး အချိန်ကာလပေါ်ကို ရောက်လာတဲ့ ဖြစ်စဉ်တစ်ခု ကတော့ ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ အမျိုးသားနေ့၊ ပြည်နယ်နေ့ ကိစ္စများဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ မတိုင်မှီ ဖြစ်ပေါ်၊ ဖြစ်ထွန်းခဲ့တဲ့ ရှမ်းအမျိုးသားနေ့ဟာ ပစ်ပယ်လို့မရတဲ့ အထင်ကရ နေ့ဖြစ်ပါတယ်။ ခေတ်အဆက်အဆက် အုပ်ချူပ်ရေး ယန္တရားတွေကြောင့် အမြင်တွေတောင်မှ အမျိုးမျိုးပြောင်းပြီးတော့ ဦးဆောင်ကျင်းပခဲ့လို့ အထင်အမြင် လွှဲမှားမှုခံရတဲ့ အနေအထားကို ရောက်ခဲ့ရတဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်။ ၁၉၄၇ ဖေဖါဝါရီလ ၇ ရက်နေ့ဟာ ရှမ်းအမျိုးသားနေ့လို့သတ်မှတ်ပြီး အားလုံး သဘောတူခဲ့ ကြပါတယ်။ နောက်ပိုင်းမှာ ရှမ်းပြည်နယ်နေ့လို့ ပြောင်းလဲသွားပါတယ။် ဘာကြောင့် ဒီလို ပြောင်းလဲသွား တယ် ဆိုတာ မျိုုးဆက်သစ်တွေ ကလေးတွေ မေးတဲ့အခါမှာ ကျွန်တော်တို့ကလည်းပဲ ဝေ့လည်ကြောင် ပတ်ဖြေကြားခဲ့ရပါတယ်။ ကျွန်တော်တို့ဖြေရင် လူမျိုးရေး အမြင်ကျဉ်းတယ်လို့ အပြောခံရမှာ အထင်လွဲခံရမှာ စိုးလို့ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ရှမ်းတိုင်းရင်းတွေချည်း မဟုတ်ပါဘူး။ တစ်ခြား တိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့ သတ်မှတ်ထားရှိမှုများ လည်းပဲ ဒီလိုပဲ ပြောင်းလဲခေါ်ဝေါ်ခြင်း ရှိကြပါတယ်။ လူမျိုးစုကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ရှိရင်းစွဲသမိုင်းကြောင်းပေါ်ရောက်နေတဲ့ အထိမ်း အမှတ်နေ့ကိုတော့ အရှိကိုအရှိတိုင်း ကျင်းပခွင့်ရကြမယ်ဆိုရင် အုပ်ချူပ်ရေးယန္တရားက စိုးရိမ်သလို မဟုတ်ပဲ ပကတိ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးကို ပိုမိုခိုင်မြဲစေမယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားများ ဟာ မိမိတို့အရေးကိစ္စကို မိမိကိုယ်တိုင် ဆောင်ရွက်တဲ့အခါမှာ ခင်ဗျားတို့က ကျဉ်းမြောင်းတဲ့ လူမျိုးရေး စိတ်ပဲရှိတယ်လို့ အထင်ခံ၇တာ အပြောဆိုခံရတာ တော်တော်နားလည်ရ ခက်ခဲတဲ့ အနေအထားဖြစ်ပါ တယ်။ လူတိုင်းလူတိုင်းမှာ မွေးနေ့ကိုယ်စီရှိကြပါတယ်။ အဲဒီမွေးနေ့ဟာ မိမိရဲ့ ကိုယ်ပိုင်အမျိုးသားနေ့ ဖြစ်ပါတယ်။ မွေးနေ့ မရှိဘူးလို့ပြောတဲ့သူဟာ ကြပ်မပြည့်တဲ့ သူပဲဖြစ်ပါလိမ့်။ လူတိုင်းကိုယ်စီရှိကြတဲ့ မွေးနေ့ ကို လူတိုင်း အသိအမှတ်ပြုလေးစားကြပါတယ။် မွေးနေ့ပွဲကို ကျင်းပကြပါတယ။် ဆုတောင်းပွဲတွေ ကျင်းပ ကြပါတယ။် ဒီလိုပါပဲ တိုင်းရင်းသားတွေရဲ့သမိုင်းဝင်နေ့ကို မွေးနေ့လို သဘောထားနိုင်ကြမယ်ဆိုရင် ခိုင်မာ တဲ့ စည်းလုံး ညီညွှတ်ရေးကို ရရှိနိုင်ကြလိမ့်မယ်လို့ ထင်မြင်ပါတယ်။
လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျာ ယနေ့ကမ္ဘာပေါ်မှာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ ကဏ္ဍ ထိပ်တန်းမှာ ရောက်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်းပဲ ရှိကြတဲ့ တိုင်းရင်းသားတွေဟာ နှစ်ပေါင်း ရာထောင်ချီပြီး ဒီဒေသ ဒီသဘာဝပတ်ဝန်းကျင်နဲ့အတူ နေထိုင်လာကြလို့ သဘာဝပတ်ဝန်းကျင်နှင့် တစ်သားထဲ ဖြစ်သွားပါပြီ။ သက်မဲ့သဘောဝပတ်ဝန်းကျင်ကိုတောင်မှ ဖျက်ဆီးဖို့ထက် တန်ဖိုးထားဖို့အလေး ထားလာကြတဲ့ ဒီကမ္ဘာကြီးမှာ သက်ရှိဖြစ်တဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ အနေအထားကို မပျက်မစီး အောင် ရေရှည်တည်တဲ့ရပ်တည်နိုင်အောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြမယ်ဆိုရင်ဖြင့် စစ်မှန်တဲ့ ခိုင်မာတဲ့ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီတည်ဆောက်ရေးအတွက် များစွာအထောက်အကူပြုလိမ့်မယ်ဟု ယုံကြည်ပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ကိုတော့ ထိန်းသိမ်းပြီး အဲဒီသဘာ၀ ပတ်ဝန်းကျင်မှာ ပေါက်ဖွားနေ ထိုင်ကြတဲ့ တိုင်းရင်းသားများ ပျောက်ကွယ် သွားမယ်ဆိုရင် သဘောဝကို ထိန်းသိမ်းရကျိုးနပ်မယ် မထင်ပါဘူး။ အင်းလေဒေသ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကြိုးစားကြပေမယ့် အင်းလေဒေသက တိုင်းရင်းသားယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားမယ်ဆိုရင် သဟဇာတဖြစ်မယ် မထင်ပါဘူး။ တိုင်းရင်းသား တွေဟာ မိမိသမိုင်း၊ မိမိယဉ်ကျေးမှု၊ မိမိကိုယ်ပိုင် လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လုပ်ဆောင် မယ့် တာဝန်နှင့် ဝတ္တရားများကို ဆောင်ရွက်ရာမှာ အုပ်ချူပ်ရေး ယန္တရားက အဟန့်အတားမဖြစ်ဖို့က အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားများရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံများကို မှတ်တမ်းစွယ်စုံ ကျမ်းပြုစုရေးအဆိုဟာ ပိုတန်ဖိုးကြီးတဲ့ ပစ္စည်းများ မြေကြီးထဲ မရောက်ခင် ကာကွယ်ထိန်းသိမ်းရေး အတွက် များစွာအထေက်အကူဖြစ်စေတဲ့ အတွက် ဌင်းကို အဆိုကို တင်သွင်းသူ ဒေါက်တာချမ်းငြိမ်းအား အထူး ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဌင်းအဆိုအား လေးလေးနက်နက်နဲ့ ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်
