ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်း မှ မြန်မာနိုင်ငံနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်း စွယ်စုံကျမ်းပြုစု ထားရှိရေး အဆိုကို ရှင်းလင်း ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ ခင်ဗျား။ ကျွန်တော့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ  ချမ်းငြိမ်းရဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားများရဲ့သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံများနှင့် ပတ်သက်ပြီး မှတ်တမ်းစွယ်စုံကြမ်း ပြုစုထားရှိရေး အဆိုနှင် ပတ်သက်ပြီး လက်ရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည်‌့ အစီအစဉ်များကို တင်ပြသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီး ခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ (က) မှာ နိုင်ငံတော်သည်‌့ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားများရဲ့သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံ များနှင့်ပတ်သက်ပြီး မှတ်တမ်းများ ပြုစုထားရှိရေးဟာ ကျွန်တော်တို့ အားလုံး အလေးထားဆောင်ရွက် ရမည့်လုပ်ငန်းလည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းနှင့် ပတ်သက်ပြီး ယခင်အစိုးရ အဆက်ဆက်ကလည်း ဆောင်ရွက်ခဲ့ကြတာကိုတွေ့ရပါတယ်။ တော်လှန်ရေးကောင်စီ လက်ထက်ကလည်း ၁၉၆၄ ခုနှစ်မှာ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များနှင့် မော်လမြိုင် ကောလိပ်တို့ကို ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများရဲ့ ယဉ်ကျေးမှုနှင်‌့ ပတ်သက်သော စာတမ်းများကိုပြုစုရန် တာဝန်ပေးခဲ့တဲ့ အတွက် ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း ကွင်းဆင်လေ့လာမှု များပြုလုပ်ခဲ့ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရှမ်းလူမျိုးများ အတွက် တိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံ စာအုပ်များကို ၁၉၆၇ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့တာကိုတွေ့ရပါတယ်။ လက်ရှိအချိန်မှာ လည်း ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနဌာန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှာလည်း တိုင်းရင်းသားရေးရာ အဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု များရဲ့သမိုင်း၊ ဓလေ့ထုံးတမ်းများ၊ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာ ပွဲတော်များ၊ အနုသုခုမများနှင့် ပတ်သက်ပြီး မှတ်တမ်း မှတ်ရာများ စုဆောင်းလေ့လာခြင်း၊ မှတ်တမ်းတင်ခြင်း၊ သုတေသနပြုခြင်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များရဲ့ မနုဿဗေဒ ဌာန၊ ရှေးဟောင်း သုတေသနာ ဌာနများမှာလည်း ဘွဲ့ကြို/ဘွဲ့လွန်သုတေသနစာတမ်းများ သတ်မှတ်ပြီး စဉ်ဆက်မပြတ် သုတေသန ပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ်။ အလားတူပဲ တိုင်းရင်းသား လူမျိုး အသီးသီးရဲ့ ယဉ်ကျေးမှုအဖွဲ့များကလည်း မိမိတို့လူမျိုးအလိုက် ရိုးရာဓလေ့ထုံစံ များကို စုစည်း မှတ်တမ်းတင်မှုများ ပြုလုပ်လျက် ရှိကြောင်း လေ့လာသိရှိရပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော်ရှိပါတယ်။ အချို့ တိုင်းရင်းသားလူမျိုးစုများမှာ တိုင်းရင်းသား လူမျိုးစုကြီး အတွင်းမှာ ဘာသာစကားအရ အနည်းငယ် ကွဲပြားနေသောလူမျိုးစုများဖြစ်ခြင်း၊ မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းထောင်ချီပြီး အတူတကွယှဉ်တွဲ နေထိုင်ခဲ့ခြင်းကြောင့် အချို့ရာသီ ပွဲတော်များ၊ လူမှုရေး အခမ်းအနားများ၊ ရိုးရာ ဓလေ့များရောနှော ယှက်နွယ်နေခြင်းများလည်းရှိပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားအားလုံးရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများ ကိုပြုစုရာမှာ အငြင်းပွားမှုများ၊ သဘောထားကွဲလွဲမှုများကို ရှောင်ရှားနိုင်ရန်အတွက် အဖွဲ့တစ်ဖွဲ့၊ ဌာန တစ်ခုတည်းက တာဝန်ယူ ဆောင်ရွက်မည်‌့အစား သုတေသီပညာရှင်များ၊ တိုင်းရင်းသားခေါင်းဆောင် များ၊ တိုင်းရင်းသား အသီးသီးရဲ့ တိုင်းရင်းသားစာပေးနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ အခြားကျွမ်းကျင်သူ ပညာရှင်များပါ ပူးပေါင်း ဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်။ အဲ့ဒီလို ပြုစုရာမှာလည်း တိုင်းရင်းသား လူမျိုးစုတစ်ခုချင်းအတွက် သမိုင်းကြောင်း၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ပြည်စုံစွာစုစည်းပြီး မြန်မာနိုင်ငံ တိုင်းရင်းသားများ မှတ်တမ်းစွယ်စုံကြမ်းအတွဲ  ၁၊ ၂၊ ၃ စသည်ဖြင့် ပြုစုဖို့ လိုအပ်တယ်လို့လည်း ထင်မြင်ယူဆပါတယ်။ အထက်ပါအချက်များအရ ဒီလုပ်ငန်းဟာ ကြီးမားကျယ်ပြန့်ပြီး အချိန်၊ ရန်ပုံငွေနှင့် လူ့စွမ်းအား အရင်းအမြစ် များစွာ လိုအပ်မယ့် လုပ်ငန်းလည်းဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသား အဆင့်ကော်မရှင် တစ်ရပ်ဖွဲ့စည်းဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။ အဆိုပါကော်မရှင်တွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီး ဌာနတို့မှ အဖွဲ့ဝင်များဖြင့် ထည့်သွင်း ဖွဲ့စည်းသွာပါမယ်။ အဆိုပါ အမျိုးသားအဆင်‌့ ကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ယူ၍ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြပြီး။ မြန်မာနိုင်ငံ တိုင်းရင်းသားများ ၏သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ မှတ်တမ်းစွယ်စုံကြမ်းပြုစုထာရှိရေးကို ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

Standard (Image)