ဦးအောင်ကြိုင် (ညောင်ဦး မဲဆန္ဒနယ်) က မြန်မာနိုင်ငံနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်း စွယ်စုံကျမ်းပြုစု ထားရှိရေး အဆိုကို ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော် ကြီးများ မင်္ဂလာအပေါင်းနှင့် ခညောင်းပါ စေကြောင်း ဆုတောင်းမေတ္တာပို့သဂါရဝပြုနှုတ်ခွန်းဆက်သ အပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြိုင် ဖြစ်ပါတယ်။ ကျွန်တော်က ၁-၈-၂၀၁၂ ရက်နေ့က စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူ မဲဆန္ဒနယ်မှ ဒေါက်တာချမ်းငြိမ်း၏ တိုင်းရင်းသားများ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ စာပေစသည်တို့ကို မြန်မာ့စွယ်စုံကျမ်းကဲ့သို့ ပြုစုမှတ်တမ်းတင်ထားရှိရေးအဆိုနှင့် ပတ်သက်ပြီးတော့ ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ် တည်ဘုရားအချို့တို့မှာ လူမျိုး ၁၀၁ ပါးပုံများကို နံရံဆေးရေးပန်းချီများမှာ တွေ့ရှိ ရပါသည်။ ဥပမာပြောရရင် စစ်ကိုင်းတိုင်း ရွာ သစ်ကြီးရှိ လောင်းမော်ဦးဘုရား၊ ပခုက္ကူမြောက် ဆင်ကျိုးရွှေဂူဘုရားအနီးရှိ ရှင်ပင်ပွင့်လန်းဘုရား၊ မင်းဘူးမြို့ ဝပ်ကြီးဂူဘုရား နံရံဆေးရေးပန်းချီ၊ စစ်ကိုင်းတိုင်း အနိမ်‌့ဒေသရှိ ဘုရားအမှတ် ၆၉၊ ဆားလင်းကြီး မုံရွေး(၂)ဘုရားများတွင် လေ့လာတွေ့ရှိ နိုင်ပါတယ်။ အဲဒီလို လူမျိုးများ အမည်နှင့်တကွရှိသော်လည်း အချို့ ပျူကမ်းရံတို့မှာ ရောနှောသွား သဖြင့် ပျောက်ကွယ်သွားပြီး ဖြစ်ပါတယ်။ ပျူစစ်လျှင် မြန်မာဟူ၍ ဆိုရိုးစကား ပျူသား ပျူးသမီးဟု ဆိုရိုးစကားရှိခဲ့ပြီး မြန်မာနှင့် ရောနှောပျောက်ကွယ်သွားပြီး ယခုအခါမှာ ပျူစာနှင့်ပျူအက္ခရာတို့ ပါရှိ ပြီး ပျူကျောက်စာများသာ ကျန်ရစ်ပါသည်။ သက်လူများကတော့ ရခိုင်ပြည်မြောက်ပိုင်းများမှာ ရှိနေပါ သေးတယ်။ ပခုက္ကူခရိုင် ပခန်းကြီး မြောက်ဘက်ရှိ သက်ရွာဆိုတာ ရှိပါတယ်။ မင်းဘူးခရိုင် ရွှေစက်တော် ဘုရားသွားလမ်းဘေးရှိ သက်ရွာဆိုတာရှိပါတယ်။ ပျူလူမျိုးတို့ရဲ့ ပုံစံကိုမူ ရွှေဘိုခရိုင် ပျူမြို့တော်တစ်ခုဖြစ်သော ဟန်လင်းပျူမြို့ဟောင်းမှ တွေ့ရှိသည့် ကျောက်ချပ်မှ လောကနာထနတ် ဘုရားကို ပူဇော်ရှိခိုးနေဟန် လူရုပ် ၅၈ ရုပ်မှာ ခေါင်းပေါင်းကြီးများနှင့် ပေါင်းထားသည့်ကို တွေ့ရှိရပါ သည်။ တဖန် ပြည်မြို့အနီးရှိ သရေခေတ္တရာပျူမြို့ဟောင်းအမှတ် (၈) ကုန်းမှ တွေ့ရှိတဲ့ ပျူတူရိယာ တီးမှုတ်နေသူ ကခြေသည်နှင့် လူရွှင်တော်ပုံတို့ကို လေ့လာရခြင်းအားဖြင့် သူတို့ခေတ်က ဝတ်စား ဆင်ယင်ထုံးဖွဲ့မှုကို သိရပါတယ်။ ပုဂံမြို့ တုရင်တောင် အရှေ့ဘက်ရှိ ကူရွာခေါ် ပျူရွာမှလည်း ပျူလူမျိုးများ ယနေ့အထိ ဆက်တိုက်နေထိုင်လာကြသည်ကို လေ့လာရခြင်းအားဖြင့် ပျူစစ်လျှင် မြန်မာ ဟူသော ဆိုရိုးစကားအတိုင်း မြန်မာပုံများ ဖြစ်ကုန်ကြပါတယ်။ သို့ပါ၍ ကြာလျှင် လက်ရှိတိုင်းရင်းသား များရဲ့ ဓလေ့ထုံးစံ၊ စာပေ၊ ယဉ်ကျေးမှုများ အဓွန့်ရှည်စွာ တည်တံ့နေစေရန်အတွက်လည်းကောင်း၊ နောင်လာနောက်သားများ လေ့လာခွင့်ရရှိစေရန်အတွက်လည်းကောင်း၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ အဓိပ္ပာယ်ဖော်ပြချက် များပါဝင်သော စာပေများ၊ ယင်းတို့၏ ဓလေ့ထုံးစံများကို မှတ်တမ်းအဖြစ် ကျန်ရစ်စေရန်အတွက် လည်းကောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ အသေးစိတ်မှတ်တမ်းများကို စွယ်စုံကျမ်းအဖြစ် ပြုစုသင့်ပါကြောင်း ထောက်ခံဆွေးနွေးအပ်ပါတယ်။ ဖြစ်နိုင်လျှင် အခြားနိုင်ငံများမှ လည်း လေ့လာသိရှိနိုင်ရန် အလို့ငှာ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် ပြုစုသင့်ပါ ကြောင်း အကြံပြုဆွေးနွေးတင်ပြအပ်ပါတယ်ခင်ဗျား။ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်မှာ ပြည်တွင်းပြည်ပ ဧည့်သည်များ လေ့လာနိုင်ရန် အချို့တိုင်းရင်းသားများအတွက် ပြည်နယ်တိုင်းဒေသဆိုင်ရာ ပြတိုက်များရှိပြီး ဖြစ်ပါတယ်။ သို့ရာတွင် တစ်စုတစ်ဝေးတည်း တစ်အုပ်တည်း လေ့လာနိုင်ရန် စွယ်စုံကျမ်းကဲ့သို့ အပြည့်အစုံ ကျမ်းတစ်စောင် ရှိသင့်နေပြီ ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် အချို့တိုင်းရင်းသားလူမျိုးများသည် မှတ်တမ်းတင်ရန် ကျန်ရှနေပါသေးသည်။ ဥပမာ စိတ်ဝင်စားဖွယ်ကောင်းသော ထရုန်လူမျိုး၊ မြန်မာ ပစ်ဂမီ လူပုလေးများမှာ မြန်မာပြည် မြောက်ဖျားမှာ ရှိနေပါသေးတယ်။ လူဦးရေ အတော်နည်းသွားပါတယ်။ တဖန် ရှမ်းပြည်နယ်တွင် ရှေး မြန်မာကြီးများကဲ့သို့ အရပ်မြင့်သော အိန်းလူမျိုးများလည်းရှိကြောင်း သိရပါတယ်။ ၎င်းကျန်ရှိနေသော အရပ်မြင့်၊ အရပ်ပုဖြစ်သော တိုင်းရင်းသားများမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေ၍ ၎င်းတို့ကို လည်း အဆိုပါ စွယ်စုံကျမ်းတွင် အသေးစိတ် မှတ်တမ်းတင်သင့်ပါကြောင်းလည်း တင်ပြအပ်ပါတယ်။ သို့ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမဲဆန္ဒနယ်မှ ဒေါက်တာ ချမ်းငြိမ်း၏ တိုင်းရင်းသားလူမျိုး များ၏ စာပေ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းစွယ်စုံကျမ်းကြီးတစ်ခု ပြုစုသင့်ကြောင်း အဆိုကို လေးလေးနက်နက်ထောက်ခံဆွေးနွေးအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါ တယ်ခင်ဗျား။

Standard (Image)