မြန်မာနိုင်ငံနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်း စွယ်စုံကျမ်းပြုစု ထားရှိရေး အဆိုကို ဦးစောသိန်းအောင်က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်ကတော့ လှိုင်းဘွဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းအောင်ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ စတုတ္ထပုံမှန် အစည်းအဝေး ၁-၈-၂၀၁၂ ရက်နေ့အတွင်းက ကန့်ဘလူမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာချမ်းငြိမ်းရဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားများရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်တဲ့အဆိုကို ထောက်ခံ ဆွေးနွေးမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ္ဘာပေါ်တွင် တည်ရှိကြတဲ့ လူသားများရဲ့ မျိုးနွယ်စုများဟာ မိမိတို့ရဲ့ ရွေ့ရှားဆင်းသက်လာရာ တောတောင်ရေမြေ သဘာဝဝန်းကျင်နဲ့ လိုက်လျော်ညီထွေတဲ့ သမိုင်းစဉ်၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများ အသီးသီးရှိကြပါတယ်။ ထို့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများမှာလည်း ၎င်းနဲ့သက်ဆိုင်တဲ့ သမိုင်းစဉ် ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံတမ်းကိုယ်ဆီ ရှိခဲ့ကြွပီးဖြစ်ပါတယ်။ ရှေးပဝေသဏီ ဘိုးဘေဘီဘင်လက်ထက်က လက်ဆင့် ကမ်းသယ်ဆောင်လာခဲ့ကြတဲ့ အစဉ်အလာရှိခဲ့တယ်။ စာပေအက္ခရာမပေါ်ခင်ကပင် တိုင်းရင်းသားရဲ့ မိမိတို့ရဲ့ဘိုးဘွားမှတစ်ဆင့် တေးကဗျာလင်္ကာများကို နှုတ်တိုက် အာဂုံဆောင်ပြီး မျိုးဆက်တစ်ခုကနေ တစ်ခု နောင်မျိုးဆက်သစ်ဆီကိုလက်ဆင့်ကမ်း သယ်ဆောင်ထိန်းသိမ်းသမှု ပြုလာခဲ့ကြပါတယ်။ အတီး၊ အမှုတ်၊ အကအခုန်များဖြင့်လည်း လက်ဆင့်ကမ်းသယ်ယူကာ နောင်ရင်း တိုင်းရင်းဆွေဘောများ မိမိတို့၏ယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်း လာခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ရဲ့ တိုင်းရင်းဆွေစစ် နောင်ဆွေချစ်များဟာ မိမိတို့ယဉ်ကျေးမှုကို မိမိတို့သမိုင်းစဉ် တစ်လျှောက် မျိုးချစ်စိတ်ဓာတ် အရင်းခံပြီးတော့ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ရာမှာ ရှေးဘိုးဘေဘင် လက်ထက်က ယဉ်ကျေးမှုထိန်းသိမ်းမှုတွင် တည်တည်ငြိမ်ငြိမ် ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို သက်သက်ပြောင်းလဲ လာပြီးဖြစ်တဲ့ Global ခေတ်ကြီးမှာတော့ တိုင်းရင်းပြည်ဖွား နောင်ကြီးများဟာ ရှေးဘိုးဘေး ခေတ်ကလို မိမိတို့ရဲ့ ယဉ်ကျေးမှုများကို တည်ငြိမ်စွာ ဆက်လက် ထိန်းသိမ်းမှုပြုရာမှာ စိန်ခေါ်မှုတွေအမျိုးမျိုး တွေ့ဆုံရတဲ့အတွက် ခက်ခဲမှုတွေများစွာ ရင်ဆိုင်ရပါတယ်။ စားဝတ်နေမှု အခက်အခဲကြောင့် လည်းကောင်း၊ မိမိတို့ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေ ကိုစွန့်ခွာပြီး တစ်ရပ်တစ်ကျေး သို့မဟုတ် တစ်မြေရပ်ခြားသို့ စီးပွားရှာ ထွက်ရခြင်းကြောင့် လည်းကောင်း၊ တိုင်းတစ်ပါးယဉ်ကျေးမှု သို့မဟုတ် သရုပ်ပျက်ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက် လာမှုကြောင့်လည်းကောင်း လက်ရှိတိုင်းရင်းဆွေဖော် နောင်ညီတော်တို့ရဲ့ ယဉ်ကျေးမှု ထုံးတမ်း ဓလေ့များဟာ တစ်ဆတစ်ဆလျော့ပါး မှေးမှိန်စပြုနေပါပြီး။ အဲ့ဒီလိုဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းများ၏ ယဉ်ကျေးမှု ထုံးတမ်းဓလေ့ပျောက်ဆုံးမည်ဖြစ်တဲ့အတွက်ကြောင့် မီးနီအချက်ပြလိုက် ခြင်းပင်ဖြစ်နေပါပြီး။ ဤသို့သော အနေအထားမျိုးမှာ ကျွန်တော်တို့ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ထုံးတမ်းဓလေ့ကို သတိကြီးစွာ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းမြှင့်တင်ရန် အထူးလိုအပ်နေပြီး ဖြစ်ပါတယ်။ သမိုင်းအရ ယဉ်ကျေးမှုအစဉ်အလာကြီးခဲ့တဲ့ ပျူအမျိုးသားရဲ့ ခမ်းနားထည်ဝါသော မိမိတို့၏ ယဉ်ကျေးမှုအက၊ အခုန်များကို တရုပ်ပြည်ကို ခန့်ခန့်ထည်ထည်ဂုဏ်သိက္ခာရှိရှိ သွားရောက်တင်ဆက်နိုင်ပြီး တရုတ်များပင် ချီးကျူး သြဘာထောပနာ ပြုခဲ့ရခြင်းခံ ခဲ့ရပါတယ်။ အဲ့ဒီလို အစဉ်အလာကြီးမားခဲ့တဲ့ မျိုးနွယ်ကြီးများပင် မိမိတို့ယဉ်ကျေးမှုသာမက မျိုးနွယ်စုတစ်ခုလုံးပင် ပျောက်ဆုံးပါလျှင် ယခုခေတ်ရှိ ကိုယ့်တိုင်းရင်းသားယဉ်ကျေးမှု၊ ကိုယ်လူမျိုး၊ ကိုယ့်မျိုးနွယ်စုများဟာ Global ခေတ်ကြီးမှာ အချိန်မရွေး ပျောက်ဆုံးနိုင်ကြောင်း သတိချပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ သာဓကအနေနဲ့ ကျွန်တော်တို့ပျောက်ဆုံရတဲ့ ကရင်အမျိုးသားယဉ်ကျေးမှုထဲက ယဉ်ကျေးမှု ပျောက်ဆုံးပုံနည်းနည်းတင်ပြလိုပါတယ်။ ယနေ့ရေပန်းစားလျက်ရှိတဲ့ အများနှစ်သက်ကြတဲ့ ကရင် အမျိုးသားရဲ့ ဒုံးအကဟာ ယခင်ဒုံးအကထက် ဝ.၁ ရာခိုင်နှုန်းခန့်သာရှိပါတယ်။ ရှေးယခင် ကရင် အမျိုးသားများရဲ့ မိမိဆင်းသက်လာရာ ရေမြေ၊ အနေအထားအရ တောတောင်တွေမှာ နေလာခဲ့ကြတဲ့ အတွက်ကြောင့်မို့လို့ ၎င်းတို့ရဲ့ မှီခိုရာဒေသတွေမှာ ရှိကြတဲ့ သားရဲတိရစ္ဆာန်တွေအသွားအလာ၊ အနေ အထိုင် အပြုအမူဟန်အမှုအရာတွေကို လေ့လာပြီး သားရဲတိရစ္ဆာန်ရဲ့သဘာဝကို အနုပညာအဖြစ် ပြန်လည်ဖန်တီးခဲ့ကြပါတယ်။ ဥပမအားဖြင့် သမင်ဒုံး၊ ကျားဒုံး၊ ဆင်ဖြူတော်ဒုံး၊ ကျွဲဒုံး၊ မျောက်ဒုံး၊ မိကျောင်းဒုံးတွေဟာ ယခုခေတ်တုန်းက ၁၅ မိနစ်လို နာရီဝက်ကပြခဲ့တဲ့ ဒုံးမဟုတ်ဘဲ ဇာတ်ဟန်ခင်းကျင်းပြီး ညလုံးပေါက် ကပြနိုင်တဲ့ ဇာတ်သဘြင်ဖစ်ပါတယ်။ ဒီဇာတ်သဘင်ဆောင်သော ဒုံးအကယခုမရှိတော့ပါ။ ပျောက်ဆုံးနေပါပြီ။ အဲဒါ ထိန်းသိမ်းမြှင့်တင်ဖော်ထုတ်မှုမရှိတဲ့အတွက် ကြောင့် ပျောက်ဆုံးရခြင်းဖြစ်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ကရင်ရိုးရာတေးလင်္ကာမှာဆိုရင် ညလုံးပေါက်သီဆိုရတဲ့ လင်္ကာတွေ၊ ကဗျာတွေရှိပါတယ်။ အဲဒါကတော့ သြပွဲပါ။ အဲဒီ သြပွဲမှာ အမျိုးသား၊ အမျိုးသမီးတွေဆုံကြတယ်။ အဲဒီမှာ ချစ်ကြည်ရင်းနှီးပြီးတော့ သူတို့ အဲဒီကစ မေတ္တာမျှ လာပြီးတော့ အမျိုးသားက အမျိုးသမီးအိမ်ကို ၃ နှစ်သာသွားလာပြီးတော့ လယ်လုပ်ကိုင်တဲ့ မိဘတွေ လည်း သွန်သင်ပေးတယ်။ ဆုံးမပေးတယ်။ အဲဒါကြောင့် သူတို့က အချစ်တည်မြဲလာခဲ့ကြတယ်။ အခု ခေတ်မှာတော့ အဲဒီသြပွဲတွေ မရှိတဲ့အတွက် အင်မတန်မှ လေးစားစရာကောင်းလှတဲ့ ဂန္ဒဝင်မြောက်တဲ့ ဂီတ၊ လင်္ကာတွေမရှိတဲ့ အတွက် အခုခေတ်မှာ တော်တော် ပျက်ဆီးနေကြပါတယ်။ ကောင်းမွန်တဲ့ ထိန်းကျောင်းမှုတွေ ပျောက်ဆုံး နေတာကြောင့် အခုခေတ် လူငယ် မောင်မယ်တွေဟာ Global ခေတ်ရဲ့ ကျေးဇူး မိဘမျက်ကွယ်မှာ ဆိုင်ကယ်တစ်စီးမှာ နှစ်ယောက်အတူ အရှက်ကင်းမဲ့စွာ တွဲစီးနေကြပါပြီ။ ပွဲလယ်ခေါင်မှာ စားသောက်ဆိုင်ရှေ့မှာ နှစ်ယောက်အတူ ဘီယာတွေ ဇိမ်ပြေနပြေ သောက်နေကြပါပြီ။ ဟီရိသြတ္တပ္ပ တရားတွေ မရှိတော့ပါဘူး။ အဲဒါသည်လည်းပဲ အရင်တုန်းက အဆင်အလာကြီးတဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင် ဖော်ထုတ်စွမ်းဆောင်မှု မရှိတဲ့အတွက် အဲဒီလိုဖြစ်ရခြင်းဖြစ်ပါတယ်။ အဲဒီတော့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကောင်းပျောက်ဆုံးလို့ ကောင်းမွန်တဲ့ နည်းညွှန်းလမ်းပြ မရှိတဲ့အတွက် ယနေ့ ခေတ်လူငယ်တွေဟာ ခုတွေ့၊ ခုချစ်၊ ခုမုန်း၊ ခုပစ် ယုံလွယ်ချစ်လွယ်၊ မုန်းလွယ်၊ ကွဲလွယ်ကြတာွဖစ်လို့ စလယ်ဝင်မမဲခင်က လင်မယားတွေ သမရိုးကျဖြစ်စဉ်တစ်ခုလို ဖြစ်နေပါပြီ။ ဒီတင်မက အစစအရာရာ အဆင်ခြေကြတော့တဲ့ အတွက် အိမ်ထောင်ရေးမှာပျော်သလို လက်ခံကြပြီး မိန်းမ တစ်ယောက်မှာ လင်သုံးလေးဆက်၊ ယောက်ျားတစ်ယောက်မှာ မိန်းမသုံးလေးဆက်နဲ့ မော်ဒန် စတိုင်လိုအမှားကို အမှန်ထင်လက်ခံကြလို့ လူငယ်တွေရဲ့ အိမ်ထောင်ရေးဟာ သပွတ်အူလို ရှုတ်ထွေးကုန်ပါပြီ။ ဒီသုံးလေးဆက် အိမ်ထောင်စုက ပေါက်ဖွားလာခဲ့တဲ့ ကလေးများအနေနဲ့ အနာဂတ် ခေါင်းဆောင်အဖြစ် မွေးထုတ်လို့ရပါဦးမှာလားခင်ဗျား။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ အခုတင်ပြချက်များဟာ တန်ဖိုးကြီးမားလှတဲ့ ဂန္ဓဝင်ရှေးရိုးရာ ယဉ်ကျေးမှု ပျောက်ကွယ်သွားခြင်းနှင့် ယနေ့လူငယ်တို့ရဲ့ ဆက်စပ်ပုံကို မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ ဆွေးနွေးသလို ကျန်တဲ့ ညီအစ်ကိုမောင်နှမ တိုင်းရင်းသားများမှာလည်းပဲ မိမိတို့ရှုထောင့်မှ မိမိတို့ယဉ်ကျေးမှု ရိုးရာဓလေ့ ပျောက်ကွယ်ခြင်း၊ ပျောက်လုနီးပါးဖြစ်ခြင်း မိမိတို့ လူမျိုးနွယ်စု အတွက် လွန်စွာထိတ်လန့် ဖွယ်ဖြစ်ပုံကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြန်မာ့ တိုင်းရင်းသားများ အစဉ်အလာကောင်းခဲ့တဲ့ ရိုးရာယဉ်ကျေးမှု နောက်ထပ်ဆက်လက် မကွယ်ပျော်စေဖို့ စေတနာဖြင့် အဆိုတင်သွင်းတဲ့ ကန့်ဘလူ မဲဆန္ဒနယ်က ဒေါက်တာချမ်းငြိမ်းရဲ့ အဆိုကိုလေးနက်စွာ ထောက်ခံရင်း ဆွေးနွေးချက်ကို အဆုံးသတ် အပ်ပါသည်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

Standard (Image)