လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ် ခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ပထအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာချမ်းငြိမ်းနဲ့ မြန်မာနိုင်ငံနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းစွယ်စုံကျမ်း ပြုစုထားရှိရေး အဆိုကို အပြုသဘော ဖြင့် ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ဤအဆိုဟာ အမိမြန်မာနိုင်ငံအတွက် ရော၊ မြန်မာနိုင်ငံ တိုင်းရင်းသား အာလုံးအတွက်ပါ အလွန်တန်ဖိုးရှိတဲ့ အဆိုဖြစ်ပါတယ်လို့ ကျွန်တော့် အနေနဲ့ မြင်ပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားများရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်း များနှင့်ပတ်သက်၍ မှတ်တမ်းစွယ်စုံကျမ်းပြုစုထားရှိမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးများ ဖြစ်ပေါ် စေမယ်လို့မြင်ပါတယ်။ (၁) နိုင်ငံခြားတိုင်းပြည်များ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အပေါ် ပိုမို စိတ်ဝင်စားမှုရှိလာပြီး နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြင့်တက်စေခြင်း၊ (၂) မြန်မာနိုင်ငံတိုင်းရင်းသား များရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများ ကို ကျန်အခြားတိုင်းရင်းသားများ သိရှိနားလည် ကြသဖြင့် ရှောင်ရန်၊ ဆောင်ရန်နှင့် နားလည်မှုများ ပိုမိုရရှိကာ မြန်မာတိုင်းရင်းသားအချင်းချင်း ပိုမို ချစ်ခင်သွေးစည်းမှုရရှိစေခြင်း၊ (၃) ပြည်သူမြန်မာတိုင်းရင်းသားများ ပီတိဝမ်းသာကျေနပ်မှုဖြစ်ပေါ် စေခြင်း၊ (၄) နိုင်ငံခြားဝင်ငွေ FE ကို တစ်ဖက်တစ်လမ်းမှ ရရှိစေခြင်းစတဲ့အကျိုးကျေးဇူးများဖြစ်ပေါ် စေမှာဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ မှတ်တမ်းစွယ်စုံကျမ်း ပြုစုတဲ့နေရာမှာ အလွန်အရေးကြီးလှပါတယ်။ အတိမ်းအစောင်းနဲ့ အမှားအယွင်းမရှိအောင် အချိန်ယူ ပြီးတော့ ကချင်တိုင်းရင်းသားများ အတွက်ဆိုရင် ကချင်တိုင်းရင်းသား သမိုင်းပညာရှင်နဲ့ စာပေ၊ ယဉ်ကျေးမှုပညာရှင်များ၊ မွန်တိုင်းရင်းသားများ အတွက်ဆိုရင် မွန်တိုင်းရင်းသား သမိုင်းပညာရှင်နဲ့ စာပေ၊ ယဉ်ကျေးမှုပညာရှင်များ အစရှိတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားများအလိုက် သမိုင်းပညာရှင်နှင့် စာပေယဉ်ကျေးမှု ပညာရှင်များ ပါဝင်တဲ့ စွယ်စုံကျမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့များ ဖွဲ့စည်း ပြီးတော့ အဆိုရှင် ကန့်ဘလူမဲဆန္ဒနယ်မှ ဒေါက်တာချမ်းငြိမ်းတင်ပြခဲ့တဲ့ တံတိုင်းအကောင်းစားနှင့် ရောင်စုံ ဓာတ်ပုံများ ထည်ဝါစွာပါရှိတဲ့ မှတ်တမ်းဓာတ်ပုံစွယ်စုံကျမ်းများကို ဖြစ်မြောက်အောင် ဆောင်ရွက်သင့်ပါကြောင်း ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်ရဲ့ မှတ်တမ်းစွယ်စုံကျမ်း ထွက်ခဲ့ပြီးဆိုရင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားဧည့်သည်များ အတွက်လည်း စိတ်ဝင်စားစွာနဲ့ ဝယ်ယူကြမှာဖြစ်တဲ့ အတွက် ကြော်ငြာတဲ့ သဘော သက်ရောက်စေပြီး နောက်ဆက်တွဲ အကျိုးဆက်များဖြင့် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံကို ပိုမိုပြီးတော့ လာရောက်လည်ပတ်ကြမှာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ နိုင်ငံခြားဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ပိုပြီးတိုးတက် ရရှိစေမှာဖြစ်ပါတယ်။ အဆိုရှင် အဆို တင်သွင်းတဲ့ မှတ်တမ်းစွယ်စုံကျမ်းရှိခဲ့ပြီဆိုရင် နိုင်ငံတော်အစိုးရမှာလည်း မြန်မာတိုင်းရင်းသားများရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများကို အသေးစိတ်သိရှိ နားလည် သဘောပေါက်ပြီး မြန်မာတိုင်းရင်းသားများ အလေးထားတဲ့ အထင်ကရနှစ်သစ်ကူး ပွဲတော်များ ဥပမာ- ကချင်နှစ်သစ်ကူး ပွဲတော်၊ ရှမ်းနှစ်သစ်ကူးပွဲတော်၊ ချင်းနှစ်သစ်ကူးပွဲတော်နှင့် ရခိုင်လှေလှော် ပြိုင်ပွဲနေ့များကို နိုင်ငံတော် အစိုးရအဖွဲ့မှ အစိုးရ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ပေးနိုင်ရန် အထောက်အကူဖြစ်စေသလို ကျောင်းသုံးမြန်မာစာ သင်ရိုးညွှန်းတမ်း ရေးဆွဲရာမှာလည်း များစွာ အထောက်အကူ ဖြစ်စေမယ်လို့ ထင်မြင်ယူဆမိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာတိုင်းရင်းသားများ အချင်းချင်း ဘာသာစကား နားလည်မှုလွဲပြီး ခိုက်ရန်ဖြစ်ပွားတဲ့ သာဓကတစ်ခုကို တင်ပြရမယ်ဆိုရင် ရုပ်ရှင်ရုံထဲကို ဝင်သွားတဲ့ ရခိုင်တိုင်းရင်းသား တစ်ဦးဟာ ဗမာတိုင်းရင်းသားကို မတော်တဆ တိုက်မိတော့ ဗမာတိုင်းရင်းသားက ဟေ့ ဘာဖြစ်လို့ တိုက်သလဲလို့ မေးတဲ့အခါမှာ ရခိုင်တိုင်းရင်းသားက မှောင်လို့ပါလို့ ဖြေရမယ့်အစား မိုက်လို့ပါဟု ရခိုင်ဘာသာဖြင့် ပြန်ဖြေတော့ နားလည်မှုလွဲပြီးတော့ ရခိုင် တိုင်းရင်းသားကို လက်သီးနဲ့ ထိုးခဲ့တဲ့ အဖြစ်မျိုး ရှိခဲ့ဖူးကြောင်း ကိုယ်စားလှယ်များ အားလုံး အသိဖြစ်ပါတယ်။ အဆိုရှင် အဆို တင်သွင်းတဲ့ မှတ်တမ်း စွယ်စုံကျမ်းမျိုး ခပ်စောစောအပိုင်းက ရှိခဲ့မယ်ဆိုရင် မြန်မာတိုင်းရင်းသားများ အချင်းချင်း နားလည်မှုလွဲပြီး ပဋိပက္ခဖြစ်ရတဲ့အဖြစ်မျိုးမှ ရှောင်လွဲစေနိုင်မှာ မုချဧကန်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဥက္ကဋ္ဌကြီးခင်ဗျား။ ကန့်ဘလူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာချမ်းငြိမ်းရဲ့ မြန်မာ နိုင်ငံသားများရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းစွှယ်စုံကျမ်းဖြည့်စွက်ထားရှိရေးအဆိုကို လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးနက်စွာထောက်ခံပါကြောင်း ဆွေးနွေးရင်း နိဂုံးချုပ် အပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင် ပါတယ်။
