မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ ကို ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူက ဖတ်ကြားရှင်းလင်းခြင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၅၄ နည်းဥပဒေခွဲ(ခ)အရ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့ စိစစ်တွေ့ရှိမှု အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရန် ဖိတ်ခေါ် ပါတယ်။

ဦးခင်မောင်ရွှေ (အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း  လေးစားစွာ ဂါရဝပြုအပ်ပါ တယ်။ ကျွန်တော်ကတော့ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးခင်မောင်ရွှေ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ စိစစ်တွေ့ရှိချက် အစီရင်ခံစာ အား ဥပဒေကြမ်းကော်မတီရဲ့ ကိုယ်စား ဖတ်ကြားတင်ပြသွားမှာ ဖြစ်ပါတယ်။

၁။       မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို အထက်ရည်ညွှန်းပါစာများဖြင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆွေးနွေးနိုင်ပါရန် ပေးပို့လာပါသည်။

၂။      မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအား နိုင်ငံတော်၏ စီးပွားရေးဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ ပြောင်းလဲလာသော ခေတ်စနစ်နှင့်လိုက်လျောညီထွေရှိစေရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် မြန်မာနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ စီးပွားရေးအဆောက်အအုံကို ကောင်းစွာပြောင်းလဲရန်၊ ပြည်သူများအတွက် အလုပ်အကိုင်နေရာသစ်များ ပေါများစွာ ပေါ်ပေါက်လာစေရန်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုနှင့် အတူ နိုင်ငံတော်၏ ဒေသအနှံ့အပြားတွင် အခြေခံအဆောက်အအုံများ ပေါ်ပေါက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ရေးဆွဲ ပြုစုထားကြောင်း ဖော်ပြထားပါသည်။

၃။      နိုင်ငံတော်၏ ပြောင်းလဲကျင့်သုံးနေသော စီးပွားရေးစနစ်နှင့်အညီ ပြည်သူ့လွှတ်တော်မှ ပြန်လည်စိစစ် အတည်ပြုပြီးဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အတူ နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများ လုပ်ကိုင်နိုင်ခွင့် ရရှိစေရန် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေ အလျှင်အမြန်ထုတ်ပြန်နိုင်ရန် လိုအပ်လျက်ရှိပါသည်။ နိုင်ငံတကာ ဥပဒေများ၌ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတို့အား ဥပဒေတစ်ခုတည်း ဖြင့်သာ တစ်ပေါင်း တစ်စည်းတည်း ပြဋ္ဌာန်းထားကြောင်း လေ့လာတွေ့ရှိရပါသည်။ နောင်တွင် မိမိတို့ နိုင်ငံ၌လည်း လိုအပ် လာပါက ယင်းဥပဒေနှစ်ခုအား တစ်ပေါင်းတစ်စည်းတည်း ပြဋ္ဌာန်းနိုင်ရေးကို ရည်ရွယ်၍ ဆောင်ရွက်ခဲ့ ကြပါသည်။

၄။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ယင်းဥပဒေကြမ်းအား  လေ့လာစိစစ်နိုင်ရန် ၁၇-၈-၂၀၁၂ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ၂၀-၈-၂၀၁၂ ရက်နေ့တွင် ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့မှ တာဝန်ရှိသူများနှင့်လည်း ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ ကြပါသည်။

၅။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ စိစစ်ခဲ့ပါသည်။    

၆။       မူလဥပဒေကြမ်းတွင် အခန်း (၂၁)ခန်း အပိုဒ် ၄၉ ပိုဒ်ပါရှိပြီး လေ့လာစိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          (၁)     ဥပဒေခေါင်းစီးတွင် ပါရှိသော ၁၃၇၃ ခုနှစ်အစား ၁၃၇၄ ခုနှစ်ဟု ပြင်ဆင်ပါသည်။

          (၂)     အပိုဒ် ၂ အပိုဒ်ခွဲ (ဃ)အား ပိုမိုပြည့်စုံစေရန်အတွက် မူလအဆိုပြုချက်၏ နောက်တွင် ဤဥပဒေအလို့ငှာ ယင်းစကားရပ်တွင် ပြည်တွင်းသုံးငွေ၊ နိုင်ငံခြားငွေတို့ဖြင့် ဖွဲ့စည်း သော စီးပွားရေးအဖွဲ့အစည်းများလည်း ပါဝင်သည်ဟု ဖြည့်စွက်ပါသည်။ 

          (၃)     အပိုဒ် ၂ အပိုဒ်ခွဲ (င)အား အထက်ပါ အပိုဒ်ခွဲ (ဃ)နှင့် ညီညွတ်စေရန်  ဤဥပဒေ အလို့ငှာ ယင်းစကားရပ်တွင် နိုင်ငံခြားရင်းနှီးငွေဖြင့်သာ ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်းများလည်း ပါဝင်သည်ဟု ဖြည့်စွက်ပါသည်။

          (၄)     အပိုဒ် ၂ အပိုဒ်ခွဲ (ဆ) ၏ မူလအဆိုပြုချက်တွင်ပါရှိသော ကမကထပြုသူက ရည်ရွယ် ထားသောဆိုသည့် စကားရပ်အစား ရင်းနှီးမြှုပ်နှံလိုသူကဟု ရေးထုံးနှင့်ညီညွတ်စေ ရန်ပြင်ဆင်ပါသည်။

          (၅)     အပိုဒ် ၂ အပိုဒ်ခွဲ(ဇ)အား အရေးအသားကျစ်လစ်စေရန်အတွက် သဘောတူခွင့်ပြုချက် ကို ဖော်ပြသည့်အမိန့်ဟူသော စကားရပ်အစား သဘောတူခွင့်ပြုသည့် အမိန့်ဟု ပြင်ဆင်ပါသည်။

          (၆)     အပိုဒ် ၂ အပိုဒ်ခွဲ (ဌ) တွင် ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ စကားရပ်အစား ပိုမို ရှင်းလင်း ပြည့်စုံစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုရာတွင် နိုင်ငံတော်နယ်နိမိတ်အတွင်းဟု ပြင်ဆင် ဖြည့်စွက်ပါသည်။

          (၇)     အပိုဒ် ၂ အပိုဒ်ခွဲ (ဌ) အပိုဒ်ခွဲငယ် (၄) တွင်ပါရှိသော စတော့(ခ်)များဟူသည့် စကား ရပ်အား ပိုမိုသိသာထင်ရှားစေရန် စတော့(ခ်)များ (Stock)ဖြင့် ပြင်ဆင်ပါသည်။

          (၈)     အပိုဒ် ၂ အပိုဒ်ခွဲ (ဍ) တွင် ပါရှိသော မြေငှားခဆိုသည့် စကားရပ်ကို ရှေ့နောက် ဆီလျော်မှုရှိစေရန်အတွက် မြေငှားရမ်းခဟု ပြင်ဆင်ပါသည်။

          (၉)     အပိုဒ် ၂ အပိုဒ်ခွဲ (ဎ) တွင် ပါရှိသော B.O.T ဆိုသည့် စကားရပ်အစား နားလည် သဘောပေါက်စေရန်အတွက် ဘီ.အို.တီ (B.O.T) Build-Operate-Transfer ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်ပါသည်။

          (၁၀)    အပိုဒ် ၂ အပိုဒ်ခွဲ (ဏ) တွင်ပါရှိသော B.O.O ဆိုသည့် စကားရပ်အစား နားလည် သဘောပေါက်စေရန်အတွက် ဘီ.အို.အို (B.O.O) Build-Own-Operate ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်ပါသည်။

          (၁၁)    အပိုဒ် ၈ အပိုဒ်ခွဲ (ဂ)တွင်ပါရှိသော  B.O.T စနစ်၊ B.O.O စနစ် ဆိုသည့် စကားရပ် တို့အား မြန်မာစာအရေးအသားဖြင့် ဘီ.အို.တီ၊ ဘီ.အို.အို စနစ်ဟု ပြင်ဆင်ပါသည်။

          (၁၂)    အပိုဒ် ၈ အပိုဒ်ခွဲ (ဃ) ကို ရှေ့နောက်အထားအသို မှန်ကန်စေရန်နှင့် ရေးထုံးနှင့် ညီညွတ်စေရန် လုပ်ငန်းဆိုင်ရာ ပဋိညာဉ်စာချုပ်ပါ ဥပဒေနှင့်ညီညွတ်သောစနစ် တစ်ခု ခုဖြင့် ဆောင်ရွက်ခြင်းဟု ပြင်ဆင်ပါသည်။

          (၁၃)    အပိုဒ် ၉ အပိုဒ်ခွဲ (ခ) အဆိုပြုပြဋ္ဌာန်းချက်အား အရေးအသားကျစ်လစ်စေရန်အတွက် ပုဒ်မခွဲ (က)အရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်ရာတွင် ပဋိညာဉ်စာချုပ်ပါ သက်တမ်းမကုန်ဆုံးမီ လုပ်ငန်းရပ်စဲခွင့် ရရှိ၍ဖြစ်စေ၊ လုပ်ငန်းပြီးဆုံး၍ ဖြစ်စေ စာရင်း ရှင်းလင်းဖျက်သိမ်းရာတွင် နိုင်ငံတော်၏ ဥပဒေများနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ရမည်ဟူသော စကားရပ်ဖြင့် ပြင်ဆင်ပါသည်။

          (၁၄)    အပိုဒ် ၁၀ ပါ မူလပြဋ္ဌာန်းချက်ရှိ အဖွဲ့အစည်းများဟူသော စကားရပ် ၏နောက်တွင် စီးပွားရေးနယ်ပယ်အသီးသီးရှိ ကျွမ်းကျင်သူများထဲမှဟူသော စကားရပ်ကို ထပ်မံ ဖြည့်စွက်ပါသည်။

          (၁၅)    နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များ၏ ခံစားခွင့်များကို ထည့်သွင်း ပေးရန်လိုအပ်သဖြင့် အပိုဒ် ၁၀ အပိုဒ်ခွဲ(ခ) အဖြစ် နိုင်ငံဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဌာနက ခွင့်ပြုသောလစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများကို ခံစားခွင့်ရှိသည်ဟု အသစ် ဖြည့်စွက်ပါသည်။

          (၁၆)    အပိုဒ် ၁၁ မူလအဆိုပြုချက်တွင် ပါရှိသော ယုံကြည်စိတ်ချမှုဆိုသည့် စကားရပ်အစား ပိုမိုတိကျစေရန်အတွက် ယုံကြည်စိတ်ချရမှုဟု ပြင်ဆင်ပါသည်။

          (၁၇)    အပိုဒ် ၁၁ အပိုဒ်ခွဲ (ဃ)အား ပြည့်စုံရှင်းလင်းမှုရှိစေရန်အတွက် နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော နိုင်ငံသားတို့၏ အဆိုပြုချက်များကို ဘီ.အို.အို စနစ် ပေါ်တွင် အခြေခံစဉ်းစား ဆောင်ရွက်ခြင်းဟု ပြင်ဆင်ပါသည်။

          (၁၈)    အပိုဒ် ၁၁ အပိုဒ်ခွဲ(င)ပါ ၆ လ အား ဂဏန်း ၆ နေရာတွင် စာဖြင့် ခြောက်လဟု ပြင်ဆင် ပါသည်။

         (၁၉)    အပိုဒ် ၁၁ အပိုဒ်ခွဲ(ဆ)အား အထားအသိုမှန်ကန်စေရန်အတွက် ဤဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ပမာဏနှင့်လုပ်ငန်း သက်တမ်းတို့ကိုသတ်မှတ်ခြင်းနှင့် ပြောင်းလဲသတ်မှတ်ခြင်းဟု ပြင်ဆင် ပါသည်။  

          (၂၀)    အပိုဒ် ၁၁ အပိုဒ်ခွဲ (ဈ)တွင် မူလအဆိုပြုချက်၊  အပိုဒ်ခွဲအစ၌ မိမိငှားရမ်းခွင့် သို့မဟုတ်ကိုဖြည့်စွက်ပြီး ပိုမိုပြည့်စုံစေရန်အတွက် တွင်းထွက်နှင့် ရတနာသိုက်တို့ကို ဖြည့်စွက်ပါသည်။

          (၂၁)    အပိုဒ် ၁၁ အပိုဒ်ခွဲ (ည)၏ အောက်တွင် အပိုဒ်ခွဲ (ဋ)အဖြစ် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန်မလိုသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သတ်မှတ်ပေးခြင်းဟု အသစ်ဖြည့်စွက်ပါသည်။

          (၂၂)    မူလအပိုဒ် ၂၃ အား အခန်းခေါင်းစဉ်နှင့် ညီညွတ်မှုရှိစေရန် အတွက် အပိုဒ် ၁၁ အပိုဒ်ခွဲ (ဌ) အဖြစ် ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အလုပ် လုပ်ကိုင်သည့် နိုင်ငံခြားသားများသည် နိုင်ငံတော်ကထုတ်ပေးသော အလုပ်လုပ်ခွင့် လက်မှတ်၊ ပြည်တွင်းနေထိုင်ခွင့်လက်မှတ်ရရှိရေးအတွက် ကော်မရှင်က ကူညီ ဆောင်ရွက်ပေးရမည်ဟု ပြောင်းရွှေ့ပြင်ဆင်ပါသည်။

          (၂၃)    အပိုဒ် ၁၂ အပိုဒ်ခွဲ(ဂ)ပါ မူလပြဋ္ဌာန်းချက်အား ပိုမိုပြည့်စုံစေရန်အတွက်  သက်ဆိုင်ရာတို့က လျှောက်ထားလာလျှင် ပဋိညာဉ်စာချုပ်ပါ သက်တမ်း သို့မဟုတ် သဘောတူညီချက်ကို တိုးမြှင့်ရန်ဖြစ်စေ၊ လျှော့ပေါ့ရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေလိုအပ်ပါက ဤဥပဒေနှင့် အညီ ခွင့်ပြုခြင်းဟု ပြင်ဆင်ပါသည်။ 

          (၂၄)    အပိုဒ် ၁၂ အပိုဒ်ခွဲ (ဃ)ပါ မူလပြဋ္ဌာန်းချက်အား အရေးအသားကျစ်လစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံသူထံမှ လိုအပ်သည့် အချက်အလက် အထောက်အထား များကို တင်ပြရန် တောင်းဆိုခြင်းဟု ပြင်ဆင်ပါသည်။

          (၂၅)    အပိုဒ် ၁၂ အပိုဒ်ခွဲ(င)အား အရေးအသားကျစ်လစ်စေရန်နှင့် တိကျမှု ရှိစေရန် အတွက် ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့်ရရှိရန် ကော်မရှင်သို့ တင်သွင်းသော အဆိုပြုချက်  သို့မဟုတ် ခွင့်ပြုမိန့်ပါစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း ခိုင်လုံသောအထောက်အထားများ ပေါ်ပေါက်လျှင် လုပ်ငန်းကို ရပ်ဆိုင်းထားသည် အထိ အမိန့်တစ်စုံတစ်ရာချမှတ်ခြင်းဟု ပြင်ဆင်ပါသည်။

          (၂၆)    အပိုဒ် ၁၂ အပိုဒ်ခွဲ (စ) မူလပြဋ္ဌာန်းချက်ပါ ကမကထပြုသူ သို့မဟုတ်ဟူသည့် စကားရပ်ကို ပယ်ဖျက်ပါသည်။

          (၂၇)    အပိုဒ် ၁၃ မူလပြဋ္ဌာန်းချက်၌ မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဟူသော စကားရပ်ကို ဖြည့်စွက်ပါသည်။ 

          (၂၈)    မူလအပိုဒ် ၁၉ အား အခန်းခေါင်းစဉ်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အပိုဒ် ၁၅ အပိုဒ်ခွဲ (ဂ)အဖြစ် ကော်မရှင်က ထုတ်ပေးသော ခွင့်ပြုမိန့်ကိုရရှိပါက သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် လိုအပ်သော ပဋိညာဉ်စာချုပ် ချုပ်ဆို၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ထောင်ခြင်းဟု ပြင်ဆင်ပါသည်။

          (၂၉)    မူလအပိုဒ် ၁၅ အပိုဒ်ခွဲ (ဂ)ရှိ တည်ဆဲဥပဒေနှင့်အညီ စကားရပ်အစား ရေးထုံးနှင့် ညီညွတ်စေရန်အတွက်  ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်ဟု ပြင်ဆင်ပါသည်။

          (၃၀)    အပိုဒ် ၁၅ အပိုဒ်ခွဲ (ဃ)တွင် ပြဋ္ဌာန်းပြီး အပိုဒ်များနှင့် ညီညွတ်စေရန်အတွက် ရတနာသိုက် ဟူသောစကားရပ်ကို ဖြည့်စွက်ပါသည်။ 

          (၃၁)    အပိုဒ် ၁၅ အပိုဒ်ခွဲ (င) မူလပြဋ္ဌာန်းချက်အား ပိုမို ပြည့်စုံမှုရှိစေရန်အတွက် ညစ်ညမ်းမှု စကားရပ်၏ နောက်တွင် ပျက်စီးမှုဟူသောစကားရပ်ကို ထပ်မံ ဖြည့်စွက်ပါသည်။ 

          (၃၂)    မူလ အပိုဒ် ၂၁ အား အခန်းခေါင်းစဉ်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အပိုဒ် ၁၅ အပိုဒ်ခွဲ (ဆ) အဖြစ်  ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် လုပ်ငန်းတစ်ခုခုတွင် သတ်မှတ်သော အာမခံအမျိုးအစားများကို ထားရှိခြင်းဟု အသစ်ဖြည့်စွက်ပါသည်။

          (၃၃)    အပိုဒ် ၁၆ အပိုဒ်ခွဲ (င) ပါ တစ်စိတ်တစ်ဒေသဆိုသည့် စကားရပ်အား အချို့ဟုသော စကားရပ်ဖြင့် ပြင်ဆင်ပါသည်။ 

          (၃၄)    အပိုဒ် ၁၆ အပိုဒ်ခွဲ (ဆ) ပါ B.O.O စနစ်ဆိုသည့် စကားရပ်အား ရှေ့နောက်ညီညွတ် စေရန်အတွက်  ဘီ.အို.အို ဟု ပြင်ဆင်ပါသည်။

          (၃၅)    အပိုဒ် ၁၆ အပိုဒ်ခွဲ (ည)တွင် ပါရှိသော လွှတ်တော်အရပ်ရပ်ဆိုသည့် စကားရပ်သည် မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

          (၃၆)    အပိုဒ် ၁၆ အပိုဒ်ခွဲ (ဍ)အား အရေးအသားကျစ်လစ်၍ တိကျမှုရှိစေရန်အတွက် ကော်မရှင်၏ ထောက်ခံချက်၊ အတည်ပြုချက်များဖြင့် ပြည်တွင်း၊ ပြည်ပဘဏ်ချေး ငွေများ ရယူနိုင်ရန်အလို့ငှာ ရယူခွင့်ရှိခြင်းဟု ပြင်ဆင်ပါသည်။

          (၃၇)    မူလအပိုဒ် ၁၇ ပြဋ္ဌာန်းချက်ပါ သို့မဟုတ် ကမကထပြုသူ စကားရပ်သည် ထည့်သွင်းရန် မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

          (၃၈)    မူလအပိုဒ် ၁၈ အပိုဒ်ခွဲ(ခ)ပါ ပြဋ္ဌာန်းချက်အား အပိုဒ် ၁၈ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် ၂ အဖြစ် အဆိုပြုချက်ကို လက်ခံပါက ခွင့်ပြုမိန့်ကို ရက်ပေါင်း ၉၀ အတွင်း ထုတ်ပေး ရမည်ဟု ပြင်ဆင်ပါသည်။

          (၃၉)    မူလအပိုဒ် ၁၈ အပိုဒ်ခွဲ(ဂ)ပါ ပြဋ္ဌာန်းချက်အား အပိုဒ် ၁၈ အပိုဒ်ခွဲ(ခ) အဖြစ်       အထက်တွင် ပြဋ္ဌာန်းထားသော စကားရပ်အား ဤဥပဒေတွင်ဟုလည်းကောင်း၊ ဥပဒေ အရဟူသော စကားရပ်အား တာဝန်ဝတ္တရား ပျက်ကွက်မှုဖြင့်ဟူသော စကားရပ်များဖြင့် အသီးသီး အစားထိုးပါသည်။

          (၄၀)    အပိုဒ် ၂၄ အပိုဒ်ခွဲ (က)ပါ မူလပြဋ္ဌာန်းချက်များမှ  နိုင်ငံတော်မှအထူးလိုအပ်ချက်အရ ဆောင်ရွက်သော စကားရပ်ကို မလိုအပ်၍ ပယ်ဖျက်ပြီး၊ အပိုဒ်ခွဲ (ခ)ပါ ပုဒ်မခွဲ(က)အရ ဟူသော စကားရပ်အစား ပုဒ်မခွဲ (က)ပါဟု ပြင်ဆင်ပြီး အပိုဒ်ခွဲ (င)ရှိ ပုဒ်မခွဲ (က)ပါ ဟူသောစကားရပ်အစား ပုဒ်မခွဲ(က)အရဟုပြင်ဆင်ပါသည်။

          (၄၁)    အပိုဒ် ၂၄ အပိုဒ်ခွဲ (ဆ)ပါ မူလပြဋ္ဌာန်းချက်ရှိ ငါးနှစ် စကားရပ်အစား သုံးနှစ်ဟု ပြင်ဆင်ပါသည်။

          (၄၂)    အပိုဒ် ၂၄ အပိုဒ်ခွဲ (ဈ)ပါ စက်ကိရိယာခွန်ကိုဖြစ်စေဟူသော စကားရပ်အစား စက်ကိရိယာ အခွန်ဟု ပြင်ဆင်ပါသည်။

          (၄၃)    အပိုဒ် ၂၇ အား ရှင်းလင်းပြည့်စုံမှုရှိစေရန်အတွက် ရင်းနှီးမြှုပ်နှံသူ၏ မတည်ငွေရင်း တွင် နိုင်ငံခြားချေးငွေများပါရှိခဲ့ပါက ၎င်းချေးငွေကို သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာဘဏ်သို့ ပြန်လည်ပေးဆပ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့က အာမခံ သည်ဟု ပြင်ဆင်ပါသည်။

          (၄၄)    မူလအပိုဒ် ၂၉ ပါ ရင်းနှီးမြှုပ်နှံသူအား အမှန်လိုအပ်သည့် မြေငှားရမ်းခွင့်ကာလ သို့မဟုတ် စကားရပ်၏ နောက်တွင်  နိုင်ငံတော်မှ မြေငှားရမ်းခွင့်ရရှိသော ရင်းနှီးမြှုပ်နှံ သူအားဟု ပြင်ဆင်ပြီး နှစ် ၅၀ အစား နှစ် ၆၀ဟု ပြင်ဆင်ပါသည်။

          (၄၅)    အပိုဒ် ၃၂ မူလပြဋ္ဌာန်းအား အရေးအသား ရှင်းလင်းကျစ်လစ်စေရန်အတွက် ကော်မရှင်သည် အစိုးရဌာန၊ အဖွဲ့အစည်းပိုင် မြေငှားရမ်းခနှုန်းထားများနှင့်စပ်လျဉ်း ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ ပြင်ဆင် သတ်မှတ်ပေးနိုင်သည်ဟု ပြင်ဆင်ပါသည်။

          (၄၆)    ဒေသခံ တိုင်းရင်းသားများအား အထူးဦးစားပေးသည့်အနေဖြင့် ကော်မရှင်သည် နယ်စပ်မျဉ်းမှ ၁၀ မိုင်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဒေသခံ တိုင်းရင်းသားများကိုသာ အထူးအစီအစဉ်ဖြင့် ဦးစားပေးလုပ်ကိုင်ခွင့် သတ်မှတ်ပေး ရမည်။ ဒေသခံတိုင်းရင်းသားများ မလုပ်ကိုင်နိုင်ပါက  နိုင်ငံသားများအား လုပ်ကိုင်ခွင့် ပြုရမည်ဟု အသစ်ထပ်မံ ဖြည့်စွက်ပါသည်။

          (၄၇)    အပိုဒ် ၃၇ ပါ ကျပ်ငွေဟူသော စကားရပ်အစား မြန်မာကျပ်ငွေဟု ပြင်ဆင်ပါသည်။

          (၄၈)    အပိုဒ် ၄၂ အား ပိုမိုပြည့်စုံစေရန်အတွက် ကိုယ်ပိုင်အရင်းအနှီးရှိကြောင်း သို့မဟုတ် ဟူသော စကားရပ်အား ထပ်မံဖြည့်စွက်ပါသည်။

          (၄၉)    အပိုဒ် ၄၅ တွင် ဥပဒေပါစာသားပြည့်စုံစေရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုသည့် စကားရပ်အား ဖြည့်စွက်ပြီး ဥပဒေအမှတ် ၄/၄၉ အစား  ဥပဒေအမှတ် ၄/၉၄ ဟု ပြင်ဆင်ပါသည်။

          (၅၀)    အပိုဒ် ၄၆ ပါ မူလပြဋ္ဌာန်းချက်ရှိ ဤဥပဒေဖြင့် ရုပ်သိမ်းမည့် စကားရပ်အား ပယ်ဖျက်ပြီး၊ ဥပဒေ အမှတ် ၄/၄၉ အစား ဥပဒေအမှတ် ၄/၉၄ဟု ပြင်ဆင်ပါသည်။

          (၅၁)    ပြည်သူ့လွှတ်တော်မှအတည်ပြုပြီးဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှင့် ဆီလျော်မှုရှိစေရန်အတွက် - 

အပိုဒ် ၄၀။       တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။

အပိုဒ် ၄၁။       ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း သို့ ပြုစုတင်ပြသော အဆိုပြုချက်နှင့်အတူ ပူးတွဲပါစာရင်း ဇယားများ၊ စာချုပ်စာတမ်း အထောက်အထားများ၊ ငွေရေးကြေးရေးများ၊ အလုပ်သမားခန့်ထားရေးဆိုင်ရာ အထောက်အထားများ စသည်တို့ကို တမင်မမှန်မကန် ဖော်ပြကြောင်း သို့မဟုတ် ထိမ်ချန်ကြောင်းခိုင်လုံသော သက်သေ အထောက်အထားများ ပေါ်ပေါက်လျှင် ပြစ်မှု ကြောင်းအရ အရေးယူခြင်းခံရမည်။

အပိုဒ် ၄၂။       ဤဥပဒေကအပ်နှင်းသော လုပ်ပိုင်ခွင့်အရ ကော်မရှင်ကချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ် အတည် ဖြစ်သည်။

အပိုဒ် ၄၃။       ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုး ဖြင့် ဆောင်ရွက်ကြောင်း သက်သေအထောက်အထား ခိုင်လုံသည့် ကိစ္စတစ်ရပ်ရပ် အတွက် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ ကော်မတီ သို့မဟုတ် အဖွဲ့ငယ်၏ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ နိုင်ငံဝန်ထမ်းတစ်ဦးဦးကိုဖြစ်စေ၊ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူ ခြင်းမရှိစေရဟု အသစ်ထပ်မံ ဖြည့်စွက်ပါသည်။

          (၅၂)    အပိုဒ် ၄၇ အပိုဒ်ခွဲ (က)ပါ ရက်ပေါင်း ၆၀ အား ရက်ပေါင်း ၉၀ ဟု ပြင်ဆင်ပြီး အပိုဒ်ခွဲ(ခ)အား ဥပဒေရေးထုံးနှင့် ညီညွတ်စေရန်အတွက် ကော်မရှင်သည် လိုအပ် သော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်ဟု ပြင်ဆင် ပါသည်။

          (၅၃)    မူလအပိုဒ် ၄၉ အား ဥပဒေရေးထုံးနှင့် ညီညွတ်စေရန်အတွက် အပိုဒ် ၄၅ အဖြစ် နေရာ ပြောင်းရွှေ့ပြီး ဤဥပဒေကို ပြဋ္ဌာန်းပြီးနောက် လိုအပ်သောနည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ ပြဋ္ဌာန်းခြင်း မပြုနိုင်သေးမီကာလအတွင်း ဤဥပဒေနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၄/၉၄) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား ဆက်လက်ကျင့်သုံးနိုင်သည်ဟု ပြင်ဆင်ပါ သည်။

          (၅၄)    မူလပြဋ္ဌာန်းချက်ပါ အပိုဒ် ၂ အပိုဒ်ခွဲ (စ)၊ အပိုဒ် ၈ အပိုဒ်ခွဲ(င)၊ အခန်း(၁၃) ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန်မလိုသည့် လုပ်ငန်းများ၊ အပိုဒ် ၃၁ အခန်း (၁၉) ပြစ်မှုနှင့် ပြစ်ဒဏ်များအား မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

၇။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ပေးပို့လာသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း အား ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ နှင့် အညီ အတည်ပြု နိုင်ပါရန် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံး ကျေးဇူးတင်ပါတယ်။

Standard (Image)