မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အစီရင်ခံစာ တင်သွင်းခြင်း

ဥက္ကဋ္ဌ။     ။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၄ နည်းဥပဒေခွဲ (က) အရ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို တင်သွင်းရန် ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအား ဥပဒေကြမ်း တင်သွင်းရန် ဖိတ်ခေါ်ပါတယ်။

ဦးတင်မောင်ဦး (စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ)။    ။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု အဆင့် တက်ရောက် လာကြတဲ့ ပြည်ထောင်စု အဆင့်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ အားလုံးမင်္ဂလာပါ။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်အရ ကျွန်တော် အတွင်းရေးမှူးဖြစ်တဲ့ မုံရွာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက အစီရင်ခံစာကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပထမတင်သွင်းရခြင်းရဲ့ ရည်ရွယ်ချက်တွေ ကို အတိုချုပ်ရှင်းလင်း တင်ပြသွားပါမယ်။ ကျွန်တော်တို့ ဒီဥပဒေဟာ မြန်မာနိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှု ဥပဒေကြမ်းကို ပေါ်ပေါက်လာအောင် ရည်ရွယ်ထားတဲ့ အကြောင်းကတော့ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်တဲ့ဥပဒေတစ်ခုဖြစ်တဲ့အတွက် အလျှင်အမြန်ပေါ်ပေါက်လာ အောင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နည်းပညာ၊ ငွေကြေး၊ ဈေးကွက် ပိတ်ဆို့တားဆီးမှုများကြောင့် နောက်ကျကျန်ရစ်ခဲ့တဲ့ နိုင်ငံတော်ရဲ့စီးပွားရေးအခြေအနေကို ပြောင်းလဲမြှင့်တင်ဖို့ရာ အင်အားကြီး နိုင်ငံများက ပိတ်ဆို့ထားတဲ့ဟာ ကျွန်တော်တို့ နိုင်ငံမှာ အလူးအလဲခံနေရပါတယ်ခင်ဗျား။ ဒီလိုကိစ္စ မျိုးမှာ နည်းပညာလည်း နောက်ကျခဲ့ပါတယ်။ ငွေကြေးအားဖြင့်လည်း ပိတ်ဆို့မှုများကြားထဲမှာ ဖြစ်တဲ့ အတွက် နိုင်ငံတကာက လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံချင်ပေမယ့် အကြပ်အတည်းအနှောင်အဖွဲ့ များကြားထဲက ကျွန်တော်တို့ နိုင်ငံဟာ စီးပွားရေးကို အလွန်ရုန်းကန်နေရတဲ့အတွက် အလွန်နောက်ကျ နေတာကို အလျှင်အမြန် ပြောင်းလဲလို့တဲ့ ရည်ရွယ်ချက်လည်း ပါရှိပြီးတော့ ဒီနေ့တင်ပြခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်အနေဖြင့် ကောင်းမွန်တဲ့ နိုင်ငံရေးအဆောက်အအုံ ပြောင်းလဲနိုင်မှုနှင့် ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ ကျင့်စဉ်များနှင့် အလွန်ကောင်းမွန်တဲ့ နိုင်ငံရေးအဆောက်အအုံ ပြောင်းလဲနေပါပြီ။ ဒါနဲ့ လိုက်လျော ညီထွေမယ့် စီးပွားရေး အဆောက်အအုံလည်းပဲ လိုအပ်လာတဲ့ အတွက် ဒီအဆိုကိုတင်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ရဲ့ ကြွယ်ဝသော သယံဇာတ ပစ္စည်းများကို ဖော်ထုတ်ရမယ်။ ဖော်ထုတ်တဲ့ အခါမှာ လည်းပဲ ပြည်သူများ လောက်ငှစွာ သုံးစွဲခံစားနိုင် ကြရန်နှင့် အဲဒါကို ဦးစားပေးပြီးတော့ ပိုလျှံတဲ့ သယံဇာတတွေကို ပြည်ပပို့ကုန် တိုးမြှင့်လုပ်ကိုင်ခြင်းများ ပြည်သူတို့အတွက် လုပ်ငန်းကိုင်ခန်း အလုပ် နေရာသစ်များ ပေါ်ပေါက်လာရန် ရည်ရွယ်ပြီးတော့ ဒီဥပဒေကို တင်သွင်းခြင်း ဖြစ်ပါတယ်။ အလားတူပဲ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတော်ရဲ့ ဒေသအနှံအပြားမှာ အခြေခံ အဆောက်အအုံများ ပေါ်ပေါက်လာစေရန် Indicater Industrity တွေ ပေါ်ပေါက်လာအောင် ရည်ရွယ် ပြီးတော့ ဒီဥပဒေရေးဆွဲခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်သည်‌့ နိုင်ငံသားများပိုင် စီးပွားရေးလုပ်ငန်းများ စီးပွားရေးအခြေခံဥပဒေမှာ လည်း ပါပြီးသား ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး လုပ်ငန်းများဟာ နိုင်ငံသားများလက်ဝယ်တွင် ရှိရေးတို့ကို ဦးတည်ပြီးတော့ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ် ပြီးတော့ ဒီလိုရည်ရွယ်ချက်များနှင့် စီးပွားရေးနှင့်ကုန်သွယ်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဒီဥပဒေကို တင်သွင်းခြင်းဖြစ်တဲ့အကြောင်း ပဏာမ တင်ပြလို ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရေးဆွဲဖို့ရာ အကြောင်းပေါ်ပေါက်လာတဲ့ ဟာကိုလည်း မလွဲမသွေဒီနေရာမှာတင်ပြဖို့ အကြောင်းရှိပါတယ်။ ကျွန်တော်တို့ အမေရိကန်နှင့် EU တို့ကနေ စီးပွားရေးပိတ်ဆို့မှု အဆုံးသတ်ပယ်ဖျက်ခြင်းမရှိသေးတဲ့ ကာလမှာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုဖြေလျော့လာတဲ့အချိန်မျိုးမှာ တည်ဆဲနိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပိုကောင်းအောင်ဆိုပြီးတော့ ပြည်ထောင်စုအစိုးရဘက်ကနေပြီးတော့ ဥပဒေ ကြမ်းအသစ်ပြင်ဆင်တင်ပြလာတဲ့အခါမှာ တိုင်းရင်းသားပြည်သူတို့က မြန်မာနိုင်ငံသားများ ရင်းနှီး မြှုပ်နှံမှု ဥပဒေကိုလည်း  ရချင်ပါပြီ။ စောလျင်စွာ မြင်ချင်ပါပြီ။ တွေ့ချင်ပါပြီဆိုတဲ့ အကြောင်းတွေကို ပြည်သူ့အသံ လွှတ်တော်အသံ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးဦးဆောင်တဲ့ သက်ဆိုင်ရာ ကော်မတီများဟာ အနယ်နယ်အရပ်ရပ်ကို အကြိမ်ကြိမ်အခါခါသွားပြီးတော့ ဒီအသံတွေ ကို နားထောင်တဲ့အခါမှာ မြန်မာနိုင်ငံသားများဟာ သူတို့ စိုးရိမ်တဲ့အသံတွေ ထွက်လာတာကို တွေ့ရှိ ခဲ့ကြရပါတယ်။ ဒါနဲ့အတူပဲ စိုးရိမ်တဲ့အသံတွေကို ဆောင်ရွက်ဖို့ရန်အတွက် လွှတ်တော်မှာ တာဝန်ရှိ သလို လွှတ်တော်က တာဝန်ပေးထားတဲ့ ကော်မတီမှာ တာဝန်ရှိတဲ့အတွက် ဒီဟာတွေဟာ ဒီဥပဒေကြမ်း ရေးဆွဲဖို့ ပေါ်ပေါက်လာတဲ့အကြောင်း ပဏာမ တင်ပြလိုပါတယ်။ ဒီမှာ နောက်တစ်ခုက ဘာတွေ့လဲ ဆိုတော့ International မှာ လေ့လာလိုက်တဲ့အခါမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေဟာ သီးသန့်ထုတ်ထားခြင်းမရှိဘဲနှင့် တစ်ဆက်တည်းဖော်ပြလျက်ရှိကြောင်း လည်း လေ့လာသုံးသပ် တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လုပ်ငန်းရှင်တွေဟာ တစ်ခြား နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ်ပေါက်လာပြီး သူတို့က အရင်ထွက်သွားလို့ရှိရင်တော့ဖြင့် ကျွန်တော်တို့ နိုင်ငံသားတွေက နောက်ကျတော့မယ်လို့ စိုးရိမ်စိတ်တွေ တစ်ခါတည်း အတူတူ ထွက်ချင်လည်း ထွက်ပေးပါဆိုတဲ့ ဆန္ဒများကို ဥက္ကဋ္ဌကြီးနှင့်တကွ ကော်မတီဝင်များအားလုံး ဒီအသံကို ပြည်သူဆီက ကြားခဲ့ကြပါတယ်။ ဒါဟာလည်းပဲ ရေးဆွဲဖို့ ပေါ်ပေါက်လာတဲ့ အဓိက အကြောင်းအရင်း ဖြစ်ကြောင်း တင်ပြလိုပါတယ်ခင်ဗျား။ အခြားတစ်ခုကတော့ ကာလအရ နိုင်ငံခြားသား အရင်းအနှီး များ ဝင်ရောက်လာတော့မယ့် အချိန်နှင့်တစ်ပြေးညီကာလမှာ နိုင်ငံသားများဟာ အရင်တုန်းက ရည်မှန်းပြီးတော့ လုပ်ခွင့်မရခဲ့တဲ့လုပ်ငန်းတွေကို အခုအချိန်အခါမှာ လုပ်ဆောင်ခွင့်ရရှိဖို့ အသင့်ပြု ထားတဲ့ ဥပဒေ၊ အဲဒီဥပဒေအရ လုပ်ကိုင်ခွင့် အမိန့်ရထားတဲ့ အဆင့်ဆင့်သော နိုင်ငံသားများဟာ အဆင်သင့်ရောက်နေရန် အလွန်အရေးကြီးသော ကာလဖြစ်နေတယ်။ ကျွန်တော်တို့က လက်ဦးအောင် လည်း လုပ်ရပါမယ်။ နိုင်ငံသား၏ လုပ်နိုင်တဲ့အခွင့်အလမ်းတွေကို ပြဋ္ဌာန်းနိုင်တဲ့ ဒီဥပဒေမရှိတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေဟာ နောက်ကျမှာဆိုတဲ့ ကာလအရ၊ လိုအပ်ချက်အရ ဒီဥပဒေက ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သုံးသပ်ချက်အနေနဲ့ တင်ပြရမယ်ဆိုရင် စောစောကပြောတဲ့ အမေရိကန်နှင့် EU က ပိတ်ဆို့ထားတဲ့ ပိတ်ဆို့မှုတားမြစ်မှု အမျိုးမျိုးကြားထဲ ကနေပြီး နိုင်ငံသားတွေ ဟာ လုပ်ငန်းရှင်အများ SME, SMI တွေဟာ အကုန်လုံးက ရုန်းကန်လှုပ်ရှားပြီးတော့ ဒီအချိန်အထိ မရှင်သန်ဘဲနှင့် ရပ်တည်နေရတဲ့ကာလဖြစ်ပါတယ်။ အခုလိုမျိုးပွင့်လင်း လွတ်လပ်ချိန်လေးကျမှ သက်တောင့်သက်သာလေးလာမယ့် နိုင်ငံတကာ ကော်ပို့ရေးရှင်းကြီးများ၊ လုပ်ငန်းရှင်များရဲ့ ဘက်ပေါင်းစုံအင်အားတောင့်တင်းမှုအောက်မှာ ကျွန်တော်တို့ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု အဖွဲ့တွေ ဟာ ပြိုကွဲမသွားစေရေးနှင့် ရရှိပြီးသော ရသင့်ရထိုက်သော လုပ်ငန်းများ ပျောက်ဆုံးမသွားစေရန် ကိုလည်း ရည်ရွယ်ပြီးတော့ ဒီဥပဒေကို အလျှင်အမြန် ပြဋ္ဌာန်းနိုင်ခြင်းဖြင့် အကျိုးသက်ရောက်မှု ရှိနေ ကြောင်း ကျွန်တော်တို့ ကော်မတီက သုံးသပ်ရရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၃၆၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၇၇ နည်းဥပဒေခွဲ(က)နှင့် (စ)၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၈ တို့နှင့်အညီ ဤမြန်မာနိုင်ငံသား များ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်ကို တင်သွင်းအပ်ပါတယ်။

Standard (Image)