တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်စေရန် အတွက် ဝိုင်းဝန်း ကူညီထောက်မရေး အဆိုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့ သဝဏ်လွှာ ပေးပို့သွားမည်

ဥက္ကဋ္ဌ။  ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့ လွှတ်တော်က တရားရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက် ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း ဦးစွာတင်ပြလိုပါတယ်။ ဒီအမှုကိစ္စ မည်သို့ ဖြစ်ပွားသည်၊ မည့်သို့ စီရင်ဆုံးဖြတ်သည် မိမိတို့လွှတ်တော်မှ မသိပါ။ သို့ရာတွင် တရားရေး မဏ္ဍိုင်ဖြောင့်မတ် မှန်ကန်ရေး ဝိုင်းဝန်း ထောက်မတ်ပေးဖို့ အဆိုနဲ့ ပတ်သတ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးတင်ဝင်း ကောလင်း မဲဆန္ဒနယ်က တင်ပြချက် အပေါ်မူတည်ပြီးတော့ ယခုကဲ့သို့ ရှင်းလင်းတင်ပြရတဲ့ အနေအထား ရောက်ရှိ လာခြင်းဖြစ်သည်။ ဒါသည်ပင် ကျွန်တော်တို့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ၊ လွှတ်တော် ကိုယ်စားလှယ် များရဲ့ ဂုဏ်သိက္ခာအတွက် ဆောင်ရွက်ရင်း တစ်ဖက်က တရားရေး စီရင်တဲ့ နေရာမှာ မှန်မှန်ကန်ကန် ဖြစ်စေရေး အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ သက်ရောက်တာ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးချက် များကို ကျွန်တော်တို့ ကြားနာတဲ့အခါမှာ တရားရေး မဏ္ဍိုင်ဖြောင့်မတ် ကြံ့ခိုင်စေရန်အတွက် အထောက်ပြုပေးဖို့ ဆိုရင် တရားစီရင်ရေးအဖွဲ့အစည်းများ ၊ တရားစွဲ အဖွဲ့အစည်းများ ဖြစ်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အောက်မှာရှိ သော ရဲ၊ စ သုံးလုံး ၊ နောက် စီအိုင်ဒီ စသော အဖွဲ့အစည်းများ သက်သေများ၊ သက်သေများ ဆိုတဲ့ နေရာမှာ  အမှုခင်း ပေါ်မူတည်ပြီးတော့ ဆရာဝန်များသည် ပင်လျှင် သက်သေ ထွက်ဆိုချက်များပေးရတာ ရှိပါတယ်။ သက်သေများ နောက် ရှေ့နေ၊ ရှေ့ရပ်များ ဆက်စပ် အကြောင်းအခြင်းအရာကို ဖော်ထုတ်တဲ့ ပုဂ္ဂိုလ်များဟာ တရားရေးမဏ္ဍိုင် တည့်မတ် ကြံ့ခိုင်ဖို့အတွက် လိုအပ်မှာ ဖြစ်ကြောင်းလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ မိမိတို့ နိုင်ငံသူ နိုင်ငံသားများအနေနဲ့ ဥပဒေ၊ ဥပဒေနဲ့ ပတ်သတ်တဲ့ အနက်အဓိပ္ပါယ် အကြောင်းအရာများကိုလည်း နားလည်ဖို့ လိုအပ်ပါတယ်။

ဒီနေ့တရားစီရင်ရေးမှာ တရားရေးမဏ္ဍိုင်ဖြောင့်မတ် မှန်ကန်ရေးဟာလည်း ဥပဒေကို တတ်ကျွမ်းနားလည်တဲ့ ပြည်သူအများအပြား ရှိမယ်ဆိုရင် ဒီလောက်မဏ္ဍိုင် တိမ်းစောင်းနိုင်မယ့် အနေအထား မဖြစ်ပေါ်နိုင်ကြောင်း ကိုလည်း အားလုံးသုံးသပ်လို့ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာကို ကျွန်တော်တို့ လွှတ်တော်ထဲ သယ်လာပြီး အဖြေရှာတဲ့အခါမှာတော့ ပြဿနာ အဖြေရှာနိုင်ဖို့ နည်းလမ်း တွေလည်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီဟာသည် သက်ဆိုင်ရာ တရားသူကြီးများ တရားရေး အဖွဲ့အစည်းများက ဆုံးဖြတ် ဆောင်ရွက်ရမည့် ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ လွှတ်တော်အနေနဲ့လည်း လွှမ်းမိုး ဆုံးဖြတ် ဆောင်ရွက်နိုင်စွမ်း မရှိပါဘူး။ တာဝန်လည်းမရှိပါဘူး။ ဒါ့ကြောင့်မို့လို့ မိမိ လွှတ်တော်၊ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ လိုအပ်မှာကတော့ ဒီဖြစ်စဉ်အကြောင်းအရာ ကိုကျွန်တော်တို့ ဒီလိုသိရှိရတယ်။ တွေ့ရှိရတယ်။ ဒီအပေါ်ကိုမူတည်ပြီးတော့ နိုင်ငံတော်သမ္မတ အနေနဲ့ သုံးသပ်ပြီး ဒီအမှုကိစ္စကို နိုင်ငံတော် သမ္မတမှာ ရှိတဲ့အခွင့်အာဏာ သုံးပြီးတော့ ဆောင်ရွက်နိုင်ဖို့အတွက် သမ္မတဆီကို သဝဏ်လွှာပို့ ပါတယ်။ ထိုနည်းတူစွာပဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုလည်း လွှတ်တော် အတွင်းမှာ မိမိတို့သိမြင် ကြားနာခဲ့ရတဲ့ အချက်များကို အတိုချုပ်ရေးပြီးတော့ ပို့မှာဖြစ်ပါတယ်။ ဒီအပေါ်မူတည် ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ သုံးသပ်ပြီး ဆောင်ရွက်သွားဖို့အတွက် မိမိတို့လွှတ်တော်က တိုက်တွန်းကြောင်း သဝဏ်လွှာပို့မှာ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးတင်ပြလိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျွန်တော်တို့တွေ အချိန်တွေ အများကြီးပေးရပါတယ်။ လုပ်အားတွေ အများကြီး ထည့်ရပါတယ်။ အချိန်ပေးလုပ်အားထည့် စေတနာထား စီရင်မှုဟာ တရားရေး မဏ္ဍိုင် ပိုမိုကြံ့ခိုင်ဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ အတွက် များစွာ အထောက်အကူပြုတယ် ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံနဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို မှန်မှန်ကန်ကန် လွှတ်တော်များက ဆောင်ရွက်ပေး နေတယ်ဆိုတဲ့ အသိ၊ နိုင်ငံနဲ့ နိုင်ငံသားများမှာ သိရှိပြီး လိုအပ်တဲ့ကိစ္စများ ရှိလို့ရှိရင်လည်း လွှတ်တော်ကိုယ် စားလှယ်များမှတဆင့် ကျွန်တော်တို့ လွှတ်တော်ကို တင်ပြဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ စပြီးတော့ အခြေပြု အဆိုတင်သွင်းခဲ့တဲ့ သူရဦးအောင်ကို တင်သွင်းတဲ့ တရားရေး မဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်စေရန် အတွက် ဝိုင်းဝန်းကူညီ ထောက်မရေး အဆိုနဲ့ စပ်လျဉ်းပြီး ကျွန်တော်တို့ လွှတ်တော်ကတော့ ဒီဖြစ်စဉ်ဖြစ်ရပ် အကြောင်းအရာများကို နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ သဝဏ်လွှာပေးပို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

Standard (Image)