ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ကန့်ဘလူမဲဆန္ဒနယ်မှ ဒေါက်တာချမ်းငြိမ်း တင်သွင်းတဲ့ အဆိုနဲ့ ပတ်သတ်လို့ ကျွန်တော်အပိုင်း ၃ ပိုင်းခွဲပြီးတော့ အတိုချုပ်ရှင်းလင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) အနေနဲ့ အဆိုမှာပါတဲ့ မြန်မာနိုင်ငံတိုင်းရင်းသားများရဲ့ သမိုင်းမှတ်တမ်းစွယ်စုံကျမ်း ထားရှိရန် ပြုစုထားရှိရေးကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း စုပေါင်း နေထိုင်ကြတဲ့ တိုင်းရင်းသား ၁၃၅ မျိုးရှိ တယ်ဆိုပေမယ့် မျိုးနွယ်စုတူတာများကို ကျွန်တော်တို့ စုစည်းလိုက်မယ်ဆိုရင် မျိုးနွယ်စုရင် ၈ မျိုးသာ တွေ့ရှိရမှာဖြစ်ပါတယ်။ သို့ပါသော်လည်း ရာဇဝင်သမိုင်းများကို လေ့လာသုတေသန ပြုမှတ်တမ်းတင် ထားရှိခြင်း ခံရတာနဲ့ ကျောင်းများမှာ သင်ကြားပေးခြင်းခံရတာက မြန်မာတိုင်းရင်းသားများရဲ့ ရာဇဝင်သမိုင်း သာရာနှုန်းပြည့်နီးပါးဖြစ်ပြီး ကျန်တိုင်းရင်းသားများရဲ့ သမိုင်းတွေဟာ မပါသလောက်ဖြစ်နေတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ မျက်မှောက်ကာလ စာသင်ကျောင်းမှာသင်ကြားရတဲ့ သင်ရိုးပါသမိုင်းသင်ခန်းစာများမှာ ဗမာတိုင်း ရင်းသားများနှင့် ထိစပ်ဆက်ဆံမှုများခဲ့တဲ့ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားများရဲ့ သမိုင်း အနည်းအကျဉ်းပါဝင် ကြတယ်ဆိုပေမယ့် စေ့စပ်သေချာ သုတေသနပြုမှတ်တမ်းတင်ထားတဲ့ သမိုင်းမှန်မှာ နည်းပါးပြီးတော့ အဲဒီ တိုင်းရင်းသားများရဲ့ တကယ့်သမိုင်းအမှန်များနှင့် ချွတ်ချော်လွဲမှားမှုများ၊ တိုင်းရင်းသားအချင်းချင်း သံသယတွေပင် အထင်အမြင်လွဲမှားစေနိုင်သော အရေးအသားများ ပါဝင်နေတာကို လေ့လာတွေ့ရှိရပါတယ်။ ထိုနည်းတူစွာ ပြင်ပစာပေတွေမှာ ရေးသားတဲ့ သမိုင်းကြောင်းတွေမှာလည်း သမိုင်းကြောင်းအလွဲတွေ ရေးသား မှုများကို တွေ့မြင်ဖတ်ရှုရတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ရင်ထဲမှာ နာလိုခံခက် ဖြစ်ရမယ့် ထိခိုက်ခံစားမှုများကို အဲဒီစာရေးသူများ သမိုင်းမှတ်တမ်းတင်သူများက စာနာထောက်ထားသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဥပမာအားဖြင့် ဖော်ပြရမယ်ဆိုရင် နယ်ခဲျ့ အင်္ဂလိပ်ခေတ်က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးတဲ့အခါမှာ ကွဲပြားနေတဲ့ ရှမ်းပြည်စော်ဘွားနယ် ၄၆ နယ် ကို ပြန်လည်ဖွဲ့စည်းပြီးတော့ Federated Shan States Council ဖွဲ့စည်းပေးခဲ့ရာမှာ ၎င်းကို ရှမ်းပဒေသရာဇ် ကောင်စီလို့ခေါ်ကြောင်း၊ Federated ကိုပဒေသရာဇ်ကိုဆိုပြီး အသံလှယ်ရေးခဲ့တာမျိုး ၊ ပေါင်းစည်းခြင်းလို့ အဓိပါ္ပယ်ရတဲ့ Federal ဆိုတဲ့စကားလုံးကို ခွဲထွက်ရေးလို့ အဓိပါ္ပယ်အမှတ်မှားအောင် အတင်းသွတ်သွင်း သင်ကြားပေးခဲ့တာမျိုး၊ နောက် ၁၉၆၁ ခုနှစ် ဇွန် ၈ ရက်ကနေ ပြီးတော့ ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့အထိ ရှမ်းပြည်နယ်က ဦးဆောင်တဲ့ပြည်နယ်များညီညွတ်ရေးအဖွဲ့က ပြုစုတင်သွင်းတဲ့ အခြေခံဥပဒေပြင်ဆင်ရေးမူကို ထုတ်ဖော်မပြ အမှောင်ချပြီးတော့ ဖယ်ဒရယ်မူ (ခွဲထွက်ရေးမူ ) အဖြစ် စသည်ဖြင့် ဖြစ်ရပ်မှန်ဖော်ပြခြင်းမပြုဘဲ ဇွတ်အတင်းအမြင်စောင်းအောင် အတိတ်ကာလက ဖော်ပြရေး သားခဲ့တာမျိုးတွေအပြင် အငြိမ်းစားဗိုလ်ချုပ် လှမြင့်ဆွေ ရေးသားတဲ့ တပ်မတော်သား ဂုဏ်ရည်ဆိုတဲ့ စာအုပ်မှာ ရှမ်းတိုင်းရင်းသားတွေရဲ့ အထင်ကရ သမိုင်းဝင်မြို့ဟောင်း စယ်လန့်ကို အဝေးရောက်မြို့ဝန်များ၏ ဆင်စခန်း ဖြစ်၍ ဆင်လန်ရွာဟုခေါ်ကြောင်း စသည် စသဖြင့် သမိုင်းကြောင်း အလွဲအရေးအသားတွေသာ များစွာ တွေ့ရှိရပါတယ်။ ရှမ်းတိုင်းရင်းသားတွေနဲ့ ဆက်သွယ်တဲ့ သမိုင်းကြောင်းတွေမှာသာ ဒီလိုတွေ့ရတာမဟုတ်ပဲနဲ့ တခြား အခြား အခြားသော တိုင်းရင်းသားများရဲ့ သမိုင်းကြောင်းအလွဲများ မှတ်တမ်းတင် ထားရှိမှုများကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ထိုမျှမက ပြည်ထောင်စု တိုင်းရင်းသားတိုင်း အသေးစိတ်သိသင့် သိထိုက်တဲ့ ပင်လုံစာချုပ်ကဲ့သို့သော သမိုင်းဝင်စာချုပ်စာတမ်းများ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုမပြိုကွဲ ရေးအတွက် ရည်ရွယ်ပြဋ္ဌာန်းချက်များဖြစ်ကြတဲ့ တိုင်းရင်းသားများ သိသင့်သိထိုက်တဲ့ ပုဒ်မ ၂၀၁ ကနေ ၂၀၆ အဆင့်ဆင့် ပြဋ္ဌာန်းချက်များကို မျိုးဆက်သစ်များ မသိရှိရလေအောင် စာပေအမှောင်ချထားခြင်းတို့ကိုလည်း ကျွန်တော်တို့ ကာလကြာရှည်စွာ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ထိုသို့တိုင်းရင်းသားများနှင့် အခြားတိုင်းတစ်ပါး တွေက ရေးသားတဲ့ သမိုင်းအမှန်မှတ်တမ်းများနှင့် ကွဲလွဲနေခြင်း မပြည့်မစုံခြင်း ထိန်ချန်ခြင်း ၊ ကျော်လွှားသွား ခြင်း၊ အဓိပါ္ပယ်ကောက်လွဲမှားစေခြင်း စတဲ့ ရေးသားဖော်ပြချက်တွေကြောင့် တိုင်းရင်းသားအချင်းချင်း နားလည် မှုလွဲမှားနိုင်သလို တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား များရဲ့ သမိုင်းအမှန်ကို တိုင်းရင်းသားသမိုင်းပညာရှင်များပါဝင်တဲ့ သုတေသနအဖွဲ့ ဖွဲ့စည်းပြီးတော့ ရှာဖွေ ဖော်ထုတ်မှတ်တမ်းတင် ရေးသားသင့်ပါကြောင်း တင်ပြလိုပါတယ်။
ဒါ့အပြင် သမိုင်းမှတ်တမ်းများကို မှတ်တမ်း စွယ်စုံကျမ်းရေးသားတင်ပြထားရုံနဲ့ မလုံလောက်နိုင်ဘူးလို့ ထင်မြင်ယူဆပါတယ်။ ဗမာတိုင်းရင်းသားများရဲ့ သမိုင်းဝင်နေရာဒေသများ အဆောက်အဦးများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ထားသလို အခြားတိုင်းရင်းသားများရဲ့ သမိုင်းဝင်နယ်မြေများ အဆောက်အဦးများကို လည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးမှသာလျှင် တိုင်းရင်းသားများရဲ့ ရင်မှာ သာတူညီမျှမှုရှိတယ်လို့ ခံစားရမှာဖြစ်ပါတယ်။ ရခိုင်မြောက်ဦးဒေသမှာ ရထားလမ်းဖောက်ဖို့အတွက် ရှေးဟောင်းသမိုင်းဝင် သာသနိက အဆောက်အဦးများ ဖျက်ဆီးခံရတာမျိုး၊ ရှမ်းတို့ရဲ့ မြို့တော်ဟောင်း စယ်လန့် မြို့ကျုံးဟောင်းတစ်လျှောက်မှာ စုစည်းရွာတွေကို အိမ်မြေနေရာ ချထားပေးတဲ့ အတွက်ကြောင့်မို့လို့ ကျုံးဟောင်း ဖျက်ဆီးခံရတာမျိုး၊ စော်ဘွားဟော်တွေ ဖြိုချ ဖျက်ဆီးခံရတာမျိုးဟာ တိုင်းရင်းသားတွေရဲ့ သမိုင်းတန်ဖိုးကို အလေးမထားရာ ရောက်တယ်လို့ ရင်ထဲမှာ ထိခိုက်ခံစားရစေပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား- အပိုင်း ၂ အနေနဲ့ တင်ပြဆွေးနွေးလိုတာကတော့ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုမှတ်တမ်း ပြုစုထားရှိရေးကိစ္စဖြစ်ပါတယ်။ ဒီခေတ်ဒီကာလမှာ မြန်မာဆိုတဲ့ စကားလုံးကို ကျွန်တော် တို့ ပြည်ထောင်စုသား အားလုံးက တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့စကားလုံးအဖြစ် အဓိပ္ပါယ်ဖွင့်ဆို သုံးနှုန်းနေကြပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဆိုကရေးတီး ပြိုင်ပွဲများကိုလည်း ကျင်းပလာခဲ့တာ ၁၉ ကြိမ်မြောက် ရောက်ရှိတော့မှာဖြစ်ပါတယ်။ သို့သော်ထိုပြိုင်ပွဲတွေဟာ ဗမာ့ဆိုကရေးတီးကိုသာ ဖော်ထုတ်တင်ပြတဲ့ ပြိုင်ပွဲတွေဖြစ်ပြီးတော့ တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ပြိုင်ပွဲဝင်စေတာကြောင့် အခြားတိုင်းရင်းသားများနဲ့ ဆို၊ က၊ ရေး ၊ တီး သုခုမ အနုပညာများကို ဖယ်ဖျောက်ဝါးမြိုခံနေတယ်လို့ ခံစားရစေပါတယ်။ ဒါ့အပြင် ရုပ်ရှင်၊ ဗီဒီယို ဇာတ်သဘင်တွေမှာ လူကြမ်းတွေက ရှမ်းဘောင်းဘီဝတ်ပြီးတော့ ကြမ်းကြရမ်းကြ ပြတဲ့အခါမှာ ကြည့်မြင် ကြည့်ရူကြတဲ့ ကလေးတွေက ရှမ်းဘောင်ဘီ ဝတ်တဲ့သူတိုင်းကို လူဆိုးလို့ စိတ်ထဲမှာ စွဲမှတ်ယူသွား စေတာမျိုးဟာ တိုင်းရင်းသားယဉ်ကျေးမှုကို အရုပ်ဆိုး အကျည်းတန်စေပါတယ်။ ယဉ်ကျေးမှုကို မှတ်တမ်းတင် ရမယ်ဆိုရာမှာ ဆို၊ က၊ ရေး၊ တီး အနုပညာတွေသာမက နေ့စဉ်လူမှုဘဝ၊ ဓလေ့ထုံးတမ်းစဉ်လာ၊ ရိုးရာ ဓာမတတ် စီရင်ဆုံးဖြတ်ကြပုံကိုလည်း စာပေနဲ့ မှတ်တမ်းတင် ကျမ်းပြုထားရှိဖို့ လိုအပ်သလို အခြား သတင်း အချက်အလက် ဖြန့်ချီရေးနည်းလမ်းများဖြင့်လည်း တိုင်းရင်းသားလူမျိုးများအကြားသိရှိ နားလည်ရလေအောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သို့မှသာ တိုင်းရင်းသားအချင်းချင်း ထိတွေ့ဆက်ဆံမှုမှာ အထောက်အကူပြု နိုင်မှာဖြစ်တယ်လို့ ထင်မြင်ယူဆပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ။ အပိုင်း (၃) အနေနဲ့ တင်ပြဆွေးနွေး လိုတာကတော့ တိုင်းရင်းသားများ၏ စာပေအရေးကိစ္စပဲဖြစ်ပါတယ်။ လူမျိုး၊ တစ်မျိုး အဓွန့်ရှည်ကြာ တည်တံ ခိုင်မြဲရေးဟာ ဌင်းရဲ့ စာပေပေါ်များစွာ တည်မှီနေတယ်လို့ ထင်မြင်ပါတယ်။ စာပေဟာ ဘာသာစကားကို ထိန်းသိမ်းကာကွယ် ပေးတဲ့အရာ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုုးရဲ့ နေထိုင်ဝတ်စား ပြောဆိုမှု ဓလေ့စရိုက်အမူအကျင့်တွေဟာ ခေတ်စနစ်ပတ်ဝန်းကျင်ကြောင့် ဘယ်လောက်ပဲ ပြောင်းသွားပါစေ သူရဲ့စာပေက သူ့လူမျိုးရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုများအကြောင်းကို အစဉ်သက်သေ ထူပေးနေမှာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုး အသီးသီးရဲ့ စာပေများကိုလည်း စုစည်းမှတ်တမ်းတင်ပေးရမှာဖြစ်သလို တိုင်းရင်းသား မိမိတို့ စာပေသင်ကြားခွင့် ရရှိအောင်လည်း ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားဘာသာ စကား၊ စာပေတွေကို ပညာသင်ကြားရေးမှာ တွဲဖက်အသုံးပြု သင်ကြားစေခြင်းအားဖြင့် မူလတန်း ကျောင်းနေအရွယ် ကလေးတွေက ဒုတိယ ဘာသာစကားသင်ယူ တတ်မြောက်မှုမှာ လည်းကောင်း၊ ဏ ကျောင်းသင်ဘာသာရပ် နားလည် တတ်ကျွမ်းမှုမှာလည်းကောင်း ပိုမိုရရှိနိုင်ကြောင်းကို အိမ်နီးချင်းနိုင်ငံများ အာဆီယံနိုင်ငံများရဲ့ မူလတန်းပညာ သင်ကြားရေးကို လေ့လာကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ လေ့လာသိရှိရပါတယ်။
လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျ။ အမှန်တကယ်အားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ(၂၂) ပုဒ်မခွဲ (က) (ခ) အရ နိုင်ငံတော် တိုင်းရင်းသားများ အားလုံးရဲ့ စကားစာပေ၊ အနုပညာယဉ်ကျေးမှု များ တိုးတက်ဖြစ်ထွန်းစေရန် နဲ့ စည်းလုံးညီညွှတ်ရေး ရိုင်းပင်ကူညီရေးတို့ တိုးတက် ဖြစ်ထွန်းစေအောင်၊ ကူညီ စောင်ရွက်ပေးရမယ့် ပြဋ္ဌာန်းချက်နဲ့ တာဝန်များရှိ သလို ပုဒ် (၃၅၄) ပုဒ်မခွဲ (ဃ)အရလည်း စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများကို တိုင်းရင်းသားတိုင်း လွှတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး ဖြစ်ပါတယ်။ အဓိက လိုအပ် ချက်ကတော့ ဥပဒေပါ ပြဋ္ဌာန်းချက်များကို တိုင်းရင်းသားများ အားလုံး အပြည့်အ၀ ရရှိခံစားနိုင်ရေးကို အလေး ပေးဆောင်ရွက် ပေးဖို့သာ လိုအပ်နေပါတယ်။ ဒီကွက်လပ်ကို ဖြည့်ဆည်းဖို့အတွက် ကန့်ဘလူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးချမ်းငြိမ်း တင်သွင်းတဲ့ အဆိုအတိုင်း ဆောင်ရွက်ပေးဖို့က လည်း လိုအပ်ချက်တစ်ရပ်ဖြစ်ပါကြောင်း ထို့အပြင် သက်ဆိုရင်ရာ တိုင်းရင်းသားသမိုင်းရှင်များ၊ စာပေ အနုပညာရှင်များ စုပေါင်းပါဝင်တဲ့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီးတော့ အချိန်ကာလ သတ်မှတ်ချက်တစ်ခု သတ်မှတ်၍ စုပေါင်းဆောင်ရွက်ပေးသင့်ပါကြောင်း မိမိရဲ့အတွေးအမြင်ကို ဆွေးနွေးတင်ပြအပ်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
