မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းများ ပြုစုထားရှိရေး ” အဆိုကို ဦးကျော်သီဟ(ပြင်ဦးလွင်မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် အပေါင်းတို့ခင်ဗျား။ ကျွန်တော်က ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦးကျော်သီဟ ဖြစ်ပါတယ်။ ဒေါက်တာချမ်းငြိမ်းရဲ့အဆိုကို ကျွန်တော်ဆွေးနွေးဖို့ပြင်ဆင်ထားခဲ့ပါတယ်။ ဒီအဆိုကို ထောက်ခံတာ၊ ကန့်ကွက်တာဆိုတာထက် အကုန်လုံးကလည်း ထောက်ခံမယ်ဆိုတာ ကျွန်တော် သိပြီးသားဖြစ်ပါတယ်။ ဒါထောက်လည်း ထောက်ခံရမယ် မြန်မာနိုင်ငံတိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေရဲ့စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးစံတွေဆိုတာ အင်မတန်အရေးကြီးပါတယ်။ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်သူတိုင်းက ဒါကိုပြင်ဆင်ပြီး တော့မှ စာအုပ်စာတမ်းတွေ ရေးခဲ့တယ်။ မှတ်တမ်းတွေရေးခဲ့တယ်။ စွယ်စုံကြမ်းတွေပြုစုခဲ့တယ်ဆိုတာ လည်း သမိုင်းအထောက်အထားအရရှာဖွေပြီးဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာကို ကျွန်တော် တော်တော်များများပြင်ဆင်ခဲ့ပါတယ်။ လွှတ်တော်မှာ ဒီလိုအကြောင်းအရာတစ်ခုကို အခလိုအဆိုမျိုးကို ကျေကျေလည်လည်ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ရောက်နေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များမှာ အထောက်အထား စာအုပ်စာတမ်း အင်မတန် အရေးကြီးပါတယ်။ လိုလည်းလိုအပ်ပါတယ်။ အဲ့ဒီ အတွက် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ စာရွက်စာတမ်းတွေကို လေ့လာနိုင်ဖို့အတွက် ဒီကနေပြီးတော့မှ တက္ကသိုလ်စာကြည်‌့တိုက်ကြီးတွေမှာ ကျွန်တော်တို့ ကြည့်ခဲ့ရသလိုမျိုးပဲ စာကြည်‌့တိုက်တွေ၊ စာအုပ်စာတမ်းတွေလေ့လာဖတ်ရှုခွင့် ကျွန်တော်တို့ အခွင့် အရေးတွေအများကြီးလိုအပ်ပါတယ်။ အဲ့ဒီအတွက်လည်းပဲ ကြုံတုန်းတင်ပြတာပါ။ ဒီနေ့ ကျွန်တော် ပြင်ဆင်ထားတဲ့ ဟာတွေကိုလည်း အပြည့်အစုံပြောစရာမလိုတော့ပါဘူး။ ကျွန်တော်ထောက်ခံဆွေးနွေး မယ့်နေရာမှာ ဥက္ကဋ္ဌကြီးနေရာကနေပြီးတော့မှ ကျွန်တော်တို့ကို ပြည်ထောင်စုဝန်ကြီးဌာန အလိုက်ကနေပြီးတော့မှ ဘာတွေလုပ်ခဲ့တယ်။ ဘာတွေဆက်လုပ်မယ် ဆိုတာကို အတိအလင်းပြောသွား တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဘက်ကနေပြီးတော့မှ ဒါကိုဆက်ပြီးထောက်ခံပြီးတော့မှာ ပြောနေ စရာ၊ ကန့်ကွက်စရာ ဘာအကြောင်းမှမရှိပါဘူး။ မဟုတ်လည်းပဲ ကျွန်တော်တို့ဘက်ကနေ ဒါကို လုပ်သင့်ပါတယ်။ လုပ်ရမှာပါ။ မှတ်တမ်းနှင်‌့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကျမ်းတွေနှင့်ပတ်သက်လို့ပဲဖြစ်ဖြစ် ဘယ်နှစ်စောင် ဘယ်လောက်ပဲထွက်ထွက် ဘယ်လောက်အရေအတွက်ပဲထွက်ထွက် တန်ဖိုးရှိပါတယ်။ အရေးကြီးပါတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်ထောက်ခံဆွေးနွေးမလို့ဖြစ်ပါတယ်။ သို့သော် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေဘက်ကနေ ဒီလိုလာရောက်ဆွေးနွေးတယ်။ ဒီလိုလုပ်မယ်ဆိုတာကို ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က အဆိုတစ်ခုအနေနဲ့တင်ပြဆွေးနွေးစရာမလိုဘဲနဲ့ လုပ်လို့ရနေရဲ့ သားနဲ့ ကျွန်တော်တို့ ဒီနေရာမှာဆွေးနွေးရတာကတော့ အချိန်လည်းကုန်ပါတယ်။ လူတွေလည်းပဲ အချိန်တွေကုန်ပြီးတော့မှာ အလုပ်တွေပျက်ပါတယ်။ ဒီလိုဆွေးနွေးတဲ့ကိစ္စမှာ တကယ်တမ်း လိုအပ်တဲ့ ဒီကနေပြီးတော့မှ ပြဋ္ဌာန်းပြီးတော့မှ လုပ်သင့်တဲ့အလုပ်မျိုးကို ပိုပြီးတော့လုပ်သင့်ပါတယ်။ မဟုတ်လည်းပဲ နဂိုက ဝန်ကြီးဌာနက အင်မတန်ကောင်းတဲ့ အလုပ်ကိုလုပ်နေပါတယ်။ သူတို့ဆက်ပြီး တော့လည်းလုပ်ပါ့မယ်။ အဲ့ဒီလုပ်တဲ့နေရာမှာ ဝန်ကြီးဌာနတွေ၊ အစီအစဉ်တွေအင်မတန်လည်း ကောင်းပါတယ်။ အနည်းငယ်ပဲဖြည်‌့စွက်အကြံပြုဆွေးနွေးချင်ပါတယ်။ အခု ပညာရေးဝန်ကြီးဌာနရော၊ ယဉ်ကျေးမှုဝန်ကြီးဌာရော အကုန်လုံးပူးပေါင်းပြီးတော့မှ ကော်မရှင်ဖွဲ့ပြီးတော့မှ မြန်မာနိုင်ငံတိုင်းရင်း သားများရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို မှတ်တမ်းတွေအနေနဲ့ ပြုစုမယ်လို့ပြောပါတယ်။ အစောတုန်းက ဦးမောင်ညို ပြောသလိုပဲ။ ဒီနေရာမှာ စွယ်စုံကျမ်းကျန်ခဲ့တယ် ဆိုတဲ့ဟာလည်းပဲ အဆိုရှင် ပထမဆွေးနွေးတုန်းက စွယ်စုံကျမ်းဆိုတဲ့ စကားလုံးပါပါတယ်။ ကျွန်တော်တောင်မှစိတ်ပူပါ တယ်။ စွယ်စုံကျမ်းဆိုတဲ့ စကားလုံးကျန်ခဲ့တဲ့အခါမှာ ဒီအဆိုများဘာလို့ပါလိမ့်ဆိုတဲ့ သံသယဖြစ်ပါတယ်။ သို့သော် ဒီနေ့ ဒီအချိန်မှာတော့ ရှင်းပါတယ်။ စွယ်စုံကျမ်းရော၊ မှတ်တမ်းတွေနဲ့ရော တကယ့်ကို ခန့်ခန့် ထည်ထည်နဲ့ ဒီလိုအချိန်အတွင်းမှာ ကြိုးစားပြီးတော့ အလုပ်လုပ်မယ်လို့ သိရပါတယ်။ ကျွန်တော် မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနမှာ ကျောင်းဆရာအနေနဲ့ ၅ နှစ် အလုပ်လုပ်ခဲ့ဘူးပါတယ်။ ဒါကြောင့်မို့လို့ တက္ကသိုလ်မှာ သမိုင်းဌာနမှာ လူမျိုးစုတွေအလိုက် တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကျမ်းတွေကို ပါမောက္ခတွေကနေပြီးတော့မှ ကြီးကြပ်ပြီးတော့မှ ကျမ်းတွေအများကြီးပြုစုခဲ့ဘူးပါ တယ်။ အဲ့ဒီကျမ်းတွေကိုပြုစုထားတာကြောင့်မို့လို့ ကျွန်တော်တို့ ပြုစုပြီးသားမျိုးစုတှေနဲ့ သုတေသန ကျမ်းစာအုပ်တွေကို အဓိကပြုစုပြီးတော့မှာ တက္ကသိုလ် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်အသီးသီးက သမိုင်းဌာန၊ မနုဿဗေဒဌာန၊ မြန်မာစာဌာန၊ ရှေးဟောင်းသုတေသနဌာန ဆိုတဲ့ ရှေ‌းဟောင်းနှင်‌့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖွေဖော်ထုတ်ပြီးတော့မှ ဆရာဆရာမတွေ နှင့်အတူ တိုင်းရင်းသားခေါင်းဆောင်အကြီးအကဲတွေ၊ ရှေ့မီနောက်မီ တိုင်းရင်းသားအကြီးအကဲတွေ နှင့် အပါအဝင် ပင်စင်စား ဒေသအသီးသီးကို ရောက်ရှိနေတဲ့လူကြီးတွေ စုပေါင်းပြီးတော့မှ ဒီလိုကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံတိုင်းရင်းသားများရဲ့စွယ်စုံကျမ်းတွေ၊ မှတ်တမ်းတွေရေးထိုးဖို့အတွက် အင်မတန်လိုလားပါတယ်။ အဲ့ဒီနေရာအတွက်လည်း အခုလိုနယ်ပယ်အစုံ၊ ကဏ္ဍအသီးသီးအစုံစုံ ကနေပြီးတော့ လူတွေပါပြီးတော့မှသေချာဆွေးနွေးဖို့လိုပါတယ်။ အခုနောက်ဆုံးအနေနဲပြောချင်တာ ကတော့ အခုချိန်မှာ IT ခေတ်မှာ ခေတ်မီတဲ့ကင်မရာတွေ၊ ရုပ်သေဓာတ်ပုံတွေ၊ ဗွီဒီယိုမှတ်တမ်းတွေ အများကြီးပဲပြင်ဆင်ပြီးတော့မှ သွားလို့ရပါတယ်။ အခုဟာက တကယ်တမ်းတက္ကသိုလ်ပညာရှင်၊ သိပ္ပံနည်းကျသုတေသန Research တွေကို ပီပီပြင်ပြင်လုပ်နိုင်တဲ့ ဆရာဆရာမတွေ အများကြီးရှိပါတယ်။ အဲ့ဒီလူတွေနဲ့ပူးပေါင်းပြီးတော့မှ ပြန်ကြားရေး ခေတ်မီနည်းပညာတွေနှင့် ပူးပေါင်းမယ်ဆိုရင် ခန့်ခန့်ထည်ထည်နဲ့ ဒီလက်ထက်အတွင်းမှာ မှတ်တမ်းတွေကိုပိုပြီးတော့မှ ရယူနိုင်တယ်ဆိုတဲ့ အကြောင်းကိုပြောကြားရင်းနဲ့ နိဂုံးချုပ်ပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Standard (Image)