လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ထီးလင်း မဲဆန္ဒနယ်မှ ဦးခင်မောင်ဌေးဖြစ်ပါတယ်။ အဆိုကိုထောက်ခံ ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျား။ လူမျိုးတစ်မျိုးမှာ ဘာသာ၊ စာပေသည် အလွန်အရေးကြီးပါတယ်။ ဘာသာစကားဆိုတာ လူမျိုးမပျောက်ကွယ်ဖို့အတွက် အသက်တမျှ ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ ဒါကြောင့် မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်တယ်ဆိုတဲ့ စကားရှိပါတယ်။ အရှင်းဆုံး ဥပမာအနေဖြင့် မြန်မာ တိုင်းရင်းသားအချင်းချင်း တူနှစ်ကိုယ် မေတ္တာမျှလို့က လေးရလာရင်း အမျိုးကိုချစ်တဲ့ ကိုမျိုးချစ် ကလေးများ ဖြစ်လာမှာမလွဲပါဘူး။ မြန်မာတိုင်းရင်းသားနဲ့ တိုင်းတစ်ပါးသား သွေးနှောရင် အမျိုး မစစ်သောလူမျိုးများဖြစ်ပြီး မျိုးရိုးတိမ်ကောမှုနှင့်အတူ ယဉ်ကျေးမှုဓလေ့များ ကွယ်ပျောက်ဖို့ အလွန်နီးတဲ့အတွက် မျိုးချစ်လူငယ်များ မျိုးချစ်စိတ်ရှိသူ လူတစ်ဦးအနေနဲ့ အမျိုးပျောက်မှာ စိုးကြောက် ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းဖို့ လူတိုင်းမှာ တာဝန်ရှိကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် နှိုးဆော်လိုက်ရပါတယ်ခင်ဗျား။
လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ယောဒေသရှိ ယောတောင်သား လူမျိုးစုအကြောင်း အနည်းငယ်ရှင်းပြခွင့်ပြပါခင်ဗျား။ ရှေးက ယောကို ဆောမြို့၊ ယောမြို့၊ လောင်းရှည်မြို့၊ ထီလင်းမြို့ဟူသော ယောလေးမြို့ဖြင့် ဗုဒ္ဓဘာသာ ကိုကိုးကွယ်ခဲ့ ကြပါတယ်။ တစ်ဖန် တောင်သားအစ ပုပ္ပားကလို့ဆိုခဲ့ပါတယ်။ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းဒုတိယတွဲ စာမျက်နှာ ၁၉ ၌ တောင်သားလူမျိုးများ ဆင်းသက်လာပုံ လေ့လာမိပါတယ်ခင်ဗျား။ ဗမာ၊ ပျူ၊ ကန်းယန်၊ တောင်သား၊ တောင်သူ၊ ယော၊ ရခိုင်စသည်တို့သည် မျိုးနွယ်တူများဖြစ်ကြောင်း လေ့လာမိပါတယ်။ ယနေ့တိုင်း ထီလင်းမြို့နယ်၌ ၂၃ ရွာ၊ ဆောမြို့နယ်၌ ၁၂ ရွာ၊ ဂန့်ဂေါခရိုင်၌ ၃ ရွာရှိပြီး လူဦးရေ ၃၀၀၀၀ ကျော်ရှိပြီး စာစကားရှိပြီး လက်ရေးစာသား မရှိဘူးဖြစ်ပါတယ်။ တောင်သားစကာနဲ့ ထမင်းစားရအောင်ဆိုရင် တောင်သားစကားဖြင့် သာသောရီလို့ခေါ်ပြီး ယောစကားနဲ့ဆိုရင် ထမန်းစား ရအောင်လို့ပြောပါတယ်။ ရေကိုတော တွီလို့ခေါ်ပါတယ်ခင်ဗျား။ အဲ့ဒီစကားကိုလည်း ကျွန်တော်တို့ တောင်သားလူမျိုးများ ထိန်းသိမ်း စောင့်ရှောက်သွားရမှာ ဖြစ်ပါတယ်ခင်ဗျား။ ဒါကြောင့်မှတ်တမ်းများ ပြုစုတဲ့အခါမှာ သက်ဆိုင်ရာတိုင်းရင်းသား မျိုးနွယ်စုများက ပါဝင်သင့်ကြောင်း အဆိုပြုပါတယ်ခင်ဗျား။
လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုခေတ်ဟာ မီဒီယာခေတ်ဖြစ်လို့ တိုင်းတစ်ပါးမှ ယဉ်ကျေးမှု များဝင်ရောက်လွှမ်းမိုးလာခြင်းကို တွေ့မြင်နေရဆဲဖြစ်ပါတယ်။ သမိုင်းနှင့် ဓလေ့ထုံးစံများမပျောက် ပျက်ရအောင် မိမိတို့အမျိုးကို မိမိထိန်းသိမ်းခြင်း၊ မျိုးချစ်စိတ်ဓာတ်ကိုယ်ခံအားကောင်းအောင် သက်ဆိုင်ရာ ကျောင်းများ၌ တိုင်းရင်းသားစာပေးများကိုသင်ကြားပေးခြင်း၊ အမျိုးသားစာရိတ္တ ပညာများကို ထိရောက်အောင် သင်ကြားခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ တိမ်ကောစပြုနေသော လူမျိုးစုများ၏ ယဉ်ကျေးမှုများကို လေ့လာဖော်ထုတ်ခြင်း၊ မှတ်တမ်းတင်ခြင်းဖြင့် သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ၊ ကိုယ်စားလှယ်များမှ ပူပေါင်းဆောင်ရွက်ခြင်းဖြင့် ယဉ်ကျေးမှုများကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။
လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေ နဲ့ ယနေ့အချိန်အခါဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တိုင်းရင်းသားတို့ ညီညာဖြဖြစုပေါင်း၍ လျှောက်လှမ်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒေါက်တာ ချမ်းငြိမ်း၊ ကန့်ဘလူမဲဆန္ဒနယ်ရဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားများရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံများနှင့်ပတ်သက်၍ မှတ်တမ်းများ ပြုစုထားရှိရေး အဆိုကိုလေးနက်စွာဖြင့် လှိုက်လှဲစွာဖြင့် ထောက်ခံအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
