လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပြည်ထောင်စုဝန်ကြီးများ အထူးဖိတ်ကြားထားသော ဧည့်သည်တော်မျာ းအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ တောင်သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းတင်သွင်းခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိဝေဒနာ များစွာခံစားနေရမှုကို အထူးအစီအစဉ်အဖြစ် ကုသပေးရန် အဆိုအပေါ် ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား အာရောဂျံ ပရမံ လာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး၊ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမယ်ဆိုတဲ့ ဆိုရိုးစကားတွေရှိခဲ့သလိုပါပဲ လူရဲ့ခန္တာ ကိုယ်မှာ အာရုံငါးပါးဆိုတာရှိပါတယ်။ အဲဒီထဲက မျက်စိဟာ အာရုံငါးပါးမှာ အလွန်အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မျက်စိဟာလည်းပဲ အာရုံငါးပါးမှာ မျက်စိကျမ်းမာရေး ဟာအလွန်အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်တို့ နတ်မောက်မြို့နယ်ဟာ အပူပိုင်း ဒေသမှာ ပါဝင်ပြီးတော့ ရေရှားပါးတဲ့ နေရာများ များစွာရှိပြီးတော့ မျက်ခမ်းစပ်အပါအဝင် ရေတိမ်ရောဂါ အတွင်းတိမ်ရောဂါ အပြင်တိမ် ရောဂါ စသည့် မျက်စိရောဂါ ဝေဒနာရှင်များစွာ ရှိနေပါတယ်။ ကျွန်တော်တို့မြို့မှာ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ အလှူရှင်ကနေပြီးတော့ နတ်မောက်မြို့နယ် မျက်စိဝေဒနာရှင်များ အတွက် မျက်စိခွဲစိတ်ခြင်း၊ မျက်တွင်းမှန်ထည့်ခြင်းတို့ကို မင်းဘူးမြို့ မျက်ခမ်းစပ် ရောဂါ တိုက်ဖျက်ရေး ဌာန မျက်စိအထူးကုသမားတော် ဆရာဝန်ကြီးဒေါက်တာ အောင်ဆန်းဝင်းနှင့် မကွေးမြို့က မျက်စိအထူးကု သမားတော်ကြီးတို့က ကျွန်တော်တို့မြို့နယ်အရောက် အခမဲ့လာရောက် ခွဲစိတ်ကုသတဲ့ အစီအစဉ် ဆောင်ရွက်ခဲ့ပါတယ်။ မျက်စိဝေဒနာရှင်များ အနက် အချို့ကို ကျွန်တော်တို့နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံမှာလည်းကောင်း၊ အချို့ကို မင်းဘူးမြို့ မျက်စိကုတဲ့ဆေးရုံမှာလည်းကောင်း အခမဲ့ခွဲစိပ် ကုသခဲ့ပါတယ်။ အဲဒီကပွဲမှာ တစ်မြို့နယ် လုံးမှာရှိတဲ့ ဝေဒနာရှင်များကို ဖိတ်ခေါ်ရာမှာ မျက်စိ ဝေဒနာရှင်ပေါင်း ၃၀၀၀ကျော် လာရောက်ပြသခဲ့ ကြပါတယ်။ လူနာများဟာ များပြားလွန်းတဲ့ အတွက်ကြောင့် သတ်မှတ်ထားတဲ့ စာအုပ်များနဲ့လည်း မလောက် မျက်စဉ်းဗူးများနဲ့လည်းမလောက်ပဲ မျက်စိစမ်းသပ် စစ်ဆေးတာတောင်မှပဲ ကြွရောက်လာတဲ့ ပရိတ်သတ်တွေကို မဏ္ဍပ်အတွင်းမှာသာ ထိုင်နေကြရန် နှိုးဆော်ခဲ့ပြီးတော့ နေရာအရောက်လိုက် လံစစ်ဆေးတဲ့စနစ်ကို ကျင့်သုံးခဲ့ပြီးလုပ်ငန်း ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ရပါတယ်။ မနက် ၈နာရီက စတင်ခဲ့တဲ့ စမ်းသပ်မှုဟာ ည ၁၂နာရီ ရောက်မှ အကြမ်းဖျဉ်း ပြီးပြတ်ခဲ့တာဖြစ်ပါတယ်။ ယခုနတ်မောက်မြို့မှာ ဒီပင်္ကရာစာသင်တိုက်မှာ လည်းပဲ သီတဂူဒီပင်္ကရာ စက္ခုဒါန မျက်စိဆေးရုံ ကို ဖွင့်လှစ်ပြီးတော့ အခမဲ့ကုသပေးနေခဲ့ရာမှာ ရပ်နီးရပ်ဝေးမြို့နယ်များမှ မျက်စိဝေဒနာရှင်များစွာလာ ရောကကုသနေခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဆိုလိုတဲ့သဘောကတော့ ကျွန်တော်တို့ မြန်မာပြည် အလယ်ပိုင်းက မြို့နယ်များမှာ မျက်စိဝေဒနာရှင် များစွာရှိနေကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရုံကြည်စွာနဲ့အားကိုးစွာနဲ့ လာရောက် ကုသနေခဲ့ကြတဲ့ မျက်စိ ဝေဒနာရှင်များဟာ အလွန်များနေတဲ့ အတွက် ယခုကဲ့သို့အထူးအစီအစဉ် လိုအပ်နေတယ်ဆိုတာ သက်သေပြစရာ ဖြစ်ပါတယ်။ ဝေဒနာရှင်များစွာထဲက အဆိုးဆုံးဝေဒနာရှင် များ ချက်ချင်းဆောင်ရွက်ရမယ့် ဝေဒနာရှင်များကိုသာ ရွေးချယ်ဆောင်ရွက်ရတာဖြစ်လို့ မိမိအရွေး မခံရလို့ ဘဝင်မကျသူတွေများစွာရှိနေပါတယ်။ ဒါဟာအဆိုရှင် ဆွေးနွေးသွားတဲ့ အပူပိုင်းဒေသရဲ့ အခက်အခဲပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို မျက်စိဝေဒနာ ပြသလို့ ဦးရေများပြားနေခြင်း ဟာလည်း အလကားရလို့ လာရောက်တိုးခွေ့နေခြင်း မဟုတ်ပါပဲ မိမိဆေးမကုသနိုင်လို့ မျက်စိရောဂါ ကုသဖို့ရာ အခက်အခဲရှိနေလို့သာ ဖြစ်ကြပါတယ်။ ဒါ့ကြောင့်အခုလို အထူးအစီအစဉ်ကို အပူပိုင်း ဒေသမှာရှိတဲ့ မြို့နယ်တိုင်းမှာ ဆောင်ရွက်ပေးပါလို့ ကျွန်တော့်အနေနဲ့ အထူးအကြံပြု အပ်ပါတယ်။ ဒါကြောင့် အဆိုရှင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း တင်သွင်းတဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသရှိပြည်သူများ မျက်စိဝေဒနာ များစွာခံစားရမှုကို အထူးအစီအစဉ် အဖြစ် ကုသပေးရန်အဆိုဟာ လူနတ်ဗြမ္ဗာ အားလုံးသာဓုခေါ်တဲ့ လုပ်ငန်းဖြစ်ပါသဖြင့် အလေးအနက် ထောက်ခံပါကြောင်းတင်ပြရင်း နိဂုံချုပ်ပါ တယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင် ပါတယ်။
