ချစ်ခင် လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြား၍ တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများ ကျန်းမား၊ ချမ်းသာကြပြီး ကြံတိုင်အောင် ဆောင်တိုင်း မြောက်ကြပါစေလို့ မေတ္တာပို့သ ဂါဝရပြုအပ်ပါတယ်။
ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၃) ရက်မြောကနေ့က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း တင်သွင်းသွားတဲ့ "မြန်မာပြည်အလယ်ပိုင်း၊ အပိုင်းဒေသရှိ ပြည်သူအများစုဟာ မျက်စိနာဝေဒနာများစွာ ခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန်" အဆိုသည် ၇၀% သော ကျေးလက်နေပြည်သူများ၏ ဘဝကို စာနာနားလည်သော ခံစားမှုအပြည့်အဝနဲ့ တင်သွင်းသွားခဲ့ခြင်းဖြစ်၍ ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော့် မဲဆန္ဒရှင် ပြည်သူများနေထိုင်တဲ့ မြင်းခြံ ဒေသဟာ မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေးရှားဒေသဖြစ်သလို ရွှေကိုမလို ရေးကိုသာလိုတယ်လို့ တချိန်က ပြောမတ် ပြုခဲ့ကြပါတယ်။ နေပူဖုန်ထူဒေသ ဖြစ်သောကြောင့် နေရောင်ခြည်ရဲ့ဒဏ်၊ မျက်စိထဲမှာ ဖုန်တွေဝင်တဲ့ ဒဏ်တွေကြောင့် မျက်စိဝေဒနာရှင်တွေ အထူးများပြားသလို ို Aging Process လို့ခေါ်တဲ့ အသက်အရွယ် (၄၀) ကျော်လာရင် အတွင်းတိမ်ကြောင့် အမြင်အားလျော့နည်းလာပြီး တဖြည်းဖြည်းနဲ့ လုံးဝ မမြင်ရတဲ့ အခြေအနေတွေ ရောက်ရှိသွားတတ်တယ်လို့ လေ့လာ စုံးစမ်း သိရှိရပါတယ်။ ရေတိမ်ရောဂါနှင့် နေထိုင်မှုမသန့်ရှင်းလို့ မျက်စိ၊ မျက်ခမ်းစပ် ဝေဒနာရှင်တွေလည်း ရှိနေပါသေးတယ်။ ခုန ဆရာကြီး ဦးကျော်မြင့် ဆွေးနွေးသွားသလို လုံးဝတော့ မရှိတော့ဘူးဆိုတာတော့ မဖြစ်နိုင်သေးပါဘူး။ အဲတော့ ကျွန်တော်တို့ ဒီမျက်ခမ်းစပ်တွေအပြင် ကျွန်တော်တို့ ဒီနေ့ တိုးတက်လာတဲ့ အခြေအနေမှာ အလုပ်ရုံတွေ၊ မော်တော်ကားတွေ များပြားလာတဲ့အတွက်ကြောင့် မတော်တဆ မော်တော်ကား Accident တွေကြောင့်လည်း ဒီမျက်စိခိုက်မိတဲ့ ဝေဒနာရှင်တွေလည်းတဖြည်းဖြည်း များပြားလာတာကို တွေ့ရပါတယ်။ အဲတော့ ကျွန်တော်တို့ ကျန်းမာရေးမှာ ဆိုရိုးတစ်ခုရှိပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ အဆိုရှင် ထောက်ပြသွားသလို ကျွန်တော်တို့ ဒေသဟာ လယ်ယာစိုက်ပျိုးရေးအတွက် မှီခိုအားထားနေရဆဲမို့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနှင့် အတူ ဒီနှစ်မှာ ကပ်ဆိုးသဖွယ် အောက်မြန်မာပြည်မှာ ရေတွေ ကြီးပြီးတော့ စိုက်ပျိုးရေးတွေ ပျက်နေသော်လည်းပဲ ကျွန်တော်တို့ရဲ့ ဒေသ မန္တလေးတိုင်း စစ်ကိုင်းတိုင်းဒေသများမှာ မိုးဦးရာသီ မိုးလုံးဝမရွာပဲနဲ့ နှမ်း၊ မြေပဲ၊ ပဲစဉ်းငုံ မယ်မယ်ရရ စိုက်ပျိုးနိုင်ခဲ့မှု မရှိလို့ ထမင်းစားဖို့တောင်မှ မနည်း လုံပမ်းနေရချိန်မှာ မကျွေးမဖြစ် ကျေးဇူးရှင်ခိုင်နွားတွေရဲ့အစာကိုလည်း အဝေးတလံကနေပြီးတော့ မနည်းရှာကြံကျွေးမွေးနေရချိန်မှာ ကာကွယ်၊ ကုသဖို့ ဆိုတာဝေလာဝေး ၊အိမ်မက်သဖွယ် ဖြစ်နေမှာမလွဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဒေသရဲ့ တောင်သူဦးကြီးတွေကတော့ ပြောစမတ်ပြုတာလေး ကျွန်တော် မှတ်သားခဲ့ရပါတယ်။ ဒီလို ဝါကြီးထပ်တဲ့နှစ်တွေမှာ မိုးခေါင်ရေးကြီးတာတွေဖြစ်တတ်တယ်။ သို့သော် မလျော့သော စွဲနဲ့ ဆက်ပြီးတော့ ဘဝရပ်တည်ကြရမှာပဲ။ အဲတော့ မိုးလယ်ကာလ ရောက်လာတဲ့အချိန်မှာတော့ အနည်းအကျဉ်း မိုးရွာလာပြီဖြစ်လို့ မှီရာသီးနှံနဲ့ ထမင်းစားဖို့ စိုက်ပျိုးပြီးတော့ လုံးပန်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခုနက ကျွန်တော်တင်ပြခဲ့တဲ့ ကာကွယ်ကုသဖို့တို့၊ မျက်စိဝေဒနာကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကုသဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ကျွန်တော်အလေးထားတင်ပြလိုပါတယ်။ အဲတော့ ကျွန်တော်တို့ ဒေသအနေနဲ့ကတော့ ကမ္ဘာဦးကာလက ပုဂ္ဂိုလ်များ နေနဲ့ လကို မျော်မှန်းတမ်းတနေသလို ကျွန်တော်တို့ ဒေသက ပုဂ္ဂိုလ်များ မျော်လင့်နေတာကတော့ ကယ်တင်ရှင်များဖြစ်တဲ့ နိုင်ငံတော်အစိုးရ၊ ကျန်မာရေးဝန်ကြီးဌာနမှာ ထမ်းဆောင်နေတဲ့ ပါမောက္ခကြီးများနှင့် အငြိမ်းစားစေတနာရှင် ပါမောက္ခ ဆရာကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြု ဆရာ၊ ဆရာမကြီးများနဲ့ ငွေကြေးပြည့်စုံပြီး " ပေး၍ မကုန်၊ လှူ၍ မခမ်း"၊ "များများလှူရင် များများပြန်ရမယ်" လို့ အသိခံယူချက်ရှိသူ သူဌေးသူကြွယ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ ပူးပေါင်းပြီး မြင်းခြံဒေသအရောက် ယခင် (၃၀.၁၁.၂၀၀၇) များကလို အခမဲ့ ခွဲစိတ်ကုသပေးမဲ့ အဖွဲ့ကိုပဲ မျော်လင့်လျက်ရှိကြောင်း လွှတ်တော်မှတဆင့် နိုင်ငံတော်နဲ့ သူဌေး၊ သူကြွယ်ကြီးများ၊ အဖွဲ့အစည်းများသို့ တင်ပြလိုပါတယ်။
ကျွန်တော်တို့မြင်းခြံခရိုင်မှာ လူဦးရေ (၁,၇၁၅,၆၀၆) ဦးနဲ့ မြို့နယ် လူဦးရေ (၃၂၀,၀၅၉) ဦး ရှိပါတယ်။ ခရိုင်အဆင့်ဆေးရုံမှာ မျက်စိခွဲစိတ် အထူးကုဆရာဝန် (၁) ဦးနှင့် မျက်ခမ်းစပ် ကာကွယ်ရေးနဲ့ မျက်မမြင် ကာကွယ်ရေး (Campaign) အထူးကုဆရာဝန်ပဲ (၁)ဦး ရှိပါတယ်။ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ် ဆေးရုံများမှာတော့ မျက်စိအထူးကုဆရာဝန်နဲ့ ခွဲစိတ်ခန်းမရှိပါဘူး။ ဒါကြောင့် ဒီ နွားထိုးတို့ ငါန်းဇွန်တို့ တောင်သာတို့ကနေပြီးတော့ မျက်စိတစ်စုံတစုံတရာ ဖြစ်ရင် မိုင် (၂၀) ဝေးတဲ့ မြင်းခြံခရိုင် ဆေးရုံကို လာကြရပါတယ်။ ဒါကြောင့် သွားရေး၊ လာရေး စရိတ်တွေ မကုန်သင့်ပဲနဲ့ ကုန်ကျမှုတွေရှိတယ် ထို့အပြင်လူနာတစ်ဦးအနေနဲ့ အစောနက ဒေါက်တာနေလင်း တင်ပြသွားသလို မျက်စိတစ်လုံး ခွဲရမယ် စိပ်ရမယ်ဆိုရင် ဆေးရုံးက အခမဲ့ လုပ်ဆောင်ပေးသော်လည်းပဲ ဒီ မှန်ဘီလူးဝယ်တာတို့ မျက်စဉ်း ခပ်တာတို့ဟာ တကယ်ဆို လူနာတစ်ဦးဟာ ၅၀,၀၀၀ သောင်းကနေ ၁၀၀,၀၀၀ သိန်းကြားရှိမှ ဒီမျက်စိအလင်းဟာ ပြန်မြင်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်းမတတ်နိုင်ပါဘူး။ ဒါကြောင့် ဒီခရိုင်ဆေးရုံမှာလည်းပဲ လူဦးရေး ၃၀၀,၀၀၀ သိန်းကျော်မှာ ဆရာဝန် (၂) ယောက်ပဲ ရှိတဲ့အတွက် ဝန်နဲ့အား လေးနဲ့မျှား၊ မမျှမတ ဖြစ်လျက်ရှိကြောင်းကိုလည်း တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီးကို တင်ပြလိုပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ပြန်လည်သုံးသပ်ပြီးတော့ မျက်စိအထူးကု ဆရာဝန်များ ယခုထက် ပိုမိုမွေးထုတ်ကာ ကုတင် (၅၀) ဆန့် မြို့နယ်ဆေးရုံတိုင်းမှာ မျက်စိအထူးကု ဆရာဝန် (၁)ဦးနှင့် မျက်စိခွဲစိတ်ခန်း (၁)ခု ထားနိုင်ရေး ရေရှည်စီမံချက်ချ ဆောင်ရွက်သွားသင့်ကြောင်းလည်း တပါတည်း အကြံပြုတင်ပြလိုပါတယ်။
ကျွန်တော်တို့ မြင်းခြံဒေသဖွား မြန်မာပြည်ရဲ့ ပထမဆုံး တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး ဦးဝိစိတ္တာရာဘိဝ့သရဲ့ ကျောင်းတိုက် "မင်းကျောင်း" သာသနာ့နယ်မြေမှာ ဆရာတော်ဘုရားကြီးများရဲ့ သြဝါဒခံယူပြီး အလှူရှင်များ စုပေါင်းဆောက်လုပ် လှူဒါန်းတဲ့ "ကုသိုလ်ဖြစ် အခမဲ့ ဆန္ဒတော်ပြည့် အာယုပါလ" ဆေးခန်းမှာ ကျွမ်းကျင်သူများရဲ့ အကူအညီ၊ အကြံပြုချက်နဲ့ မျက်စိခွဲစိတ်ခန်းတစ်ခု တည်ဆောက်ခဲ့ပြီး အခမဲ့ ခွဲစိတ်ကုသပေးမယ့် အစီအစဉ် ဆောင်ရွက်လျက်ရှိကြောင်း လည်း အလျဉ်းသင့်လို့ တင်ပြလိုပါတယ်။ ရေရှည်ရပ်တည်နိုင်ဘို့ နိုင်ငံတော်အစိုးရနှင့် အလှူရှင်များရဲ့ ပံ့ပိုးကူညီပေးမှုလည်း လိုအပ်ကြောင်းတင်ပြအပ်ပါတယ်။ လယ်သူလယ်သားများရဲ့ ကျန်းမာရေး ကိစ္စအဝဝကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုလိမ့်မယ်လို့ မျော်မှန်းပြီး စုပေါင်းအားနဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်သည် Knowledge Age ပညာခေတ်ဖြစ်ပါတယ်။ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးမှသာလျှင် တိုင်းပြည်ကြွယ်ဝ ချမ်းသာလာမှာ ဖြစ်ပါတယ်။ မျက်စိအလင်း အားနည်းရင် ပညာကို သင်အံ ကျက်မှတ် လေ့လာနိုင်စွမ်း ရှိဖို့ဟာ အခက်အခဲရှိမှာ ဖြစ်ပါတယ်။ မျက်စိကျန်းမာရေးကောင်းဖို့ အထူးအရေးကြီးလှပါတယ်။ ဒါကြောင့် အစိုးရနဲ့ လွှတ်တော်ကလည်း ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်များကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့် ခွင့်ပြုပေးဖို့လည်း မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။ မင်းနဲ့ ပြည်သူ ပူးပေါင်းလုပ်ဆောင်မှ အမြန်ဆုံးလိုရာခရီးကို ရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်သာ မဲဆန္ဒနယ်မှ ဦးအောင်သောင်းရဲ့ "မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသရှိ ပြည်သူများမျက်စိဝေသနာများစွာခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန်" အဆို လေးလေးနက်နက် ထောက်ခံအပ်ပါကြောင်းနှင့် နိုင်ငံတော်အစိုးရမှာလည်း အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
