လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော့်ကတော့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပေါခင်ဖြစ်ပါတယ်။ ၉-၈-၂၀၁၂ ရက်နေ့က ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၂၃) ရက်မြောက်နေ့မှာ တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း တင်ပြသွားတဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်း ဒေသမှာရှိတဲ့ ပြည်သူများ မျက်စိဝေဒနာများစွာ ခံစားနေရပါတယ်။ အဲဒါကို အထူးအစီအစြဉ်ဖင့် ကုသ ပေးရန်အဆိုကို ထောက်ခံတင်ပြ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ စောစောက ဆွေးနွေးသွားတဲ့ ပညာရှင် ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ နောက် တစ်ခြားကိုယ်စားလှယ် ၂ နှစ်ယောက် တင်ပြသွားတဲ့ဟာတွေက တော်တော်လေး ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်လောင်း ဖြည့်စွက်ဖို့ရာတောင်မှ တော်တော် အချက်အလက်ရှာယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကြိုးစားပြီးတော့ ရှာဖွေပါမယ်။ တင်ပြပါမယ်ခင်ဗျား။
အဆိုရှင်တင်ပြသွားသလို ကျွန်တော်တို့ မြန်မာပြည်အလယ်ပိုင်းဟာ အပူပိုင်းဒေသ ဖြစ်ပါတယ်။ မိုးနည်းရပ်ဝန်းဒေသလို့လည်း ပထဝီဝင်အရ ခေါ်ဆိုကြတာလည်းရှိပါတယ်။ အလွန်ယဉ်ပါတယ်။ အခေါ်အဝေါ် အသုံးအနှုန်းလေးက ဒါပေမယ့် ကျွန်တော်တို့ ဒေသရဲ့ ပကတိ ကြမ်းတမ်းလှတဲ့ ရာသီဥတုအခြေအနေကိုတော့ ဖော်ပြနိုင်ခြင်းမရှိပါဘူး။ မှန်ပါတယ်။ ကျွန်တော်တို့ ဒေသဟာ အပူပိုင်းဒေသ၊ မိုးနည်းရပ်ဝန်းဒေသ၊ မိုးနည်းရေရှားဒေသ ဒီထက်ပြီးခြုံကြည့်ရရင် မိုးခေါင် ရေရှားဒေသ ဒါကြောင့် နှစ်စဉ်ပျမ်းမျှမိုးရေချိန်ဟာ ၄၀ လက်မအောက်မှာရှိပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီမှာတင် လက်မ ၂၅ နှင့် ၃၀ ကြားလောက်မှာပဲရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အရပ်ဒေသဟာ နေပူပူဖုန်ထူပါတယ်။ ဒါကြောင့်လည်း တခြားဒေသတွေ နဲ့စာရင် ကျွန်တော်တို့အရပ်ဒေသဟာ မျက်စိရောဂါဖြစ်ပွားမှုနှုန်းပိုပြီးတော့ များပြားတယ်လို့ ပြောကြပါတယ်။ ဒီထဲမှာ ကျွန်တော်တို့ အဖြစ်အများဆုံးကတော့ မျက်ခမ်းစပ်ရောဂါနဲ့ မျက်စိတိမ်စွဲတဲ့ရောဂါ ဖြစ်ပါတယ်။ မျက်ခမ်းစပ်ရောဂါကတော့ ကျွန်တော်တို့ ကျောင်းသားဘဝငယ်စဉ်တုန်းက ကြားဖူးပါတယ်။ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေးဆိုတဲ့ အစီအစဉ်နဲ့ ဖိဖိစီးစီးဆောင်ရွက်တာ ကျွန်တော်တို့ ကြားခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ဒီအချိန်အခါမှာဆိုလို့ရှိရင် မြန်မာပြည်အလယ်ပိုင်းဒေသမှာ မျက်ခမ်းစပ်ရောဂါဟာ မရှိသလောက်ကို နည်းပါးသွားပါတယ်။ လုံးလုံးတော့ မပပျောက်သေးပါဘူး။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မျက်စိတိမ်စွဲရောဂါဟာ ကမ္ဘာတစ် လွှားဖြစ်ပွားလျက်ရှိပါတယ်။ ကျွန်တော်တို့ ၂၀၀၉ ခုနှစ် စာရင်းဇယားအရ ကမ္ဘာလူဦးရေ ၃၈ သန်း ဟာ မျက်စိတိမ်ရောဂါကြောင့် မျက်စိကွယ်နေပါတယ်။ လူဦးရေ သန်း ၁၁၀ ဟာဆိုလို့ရှိရင်လည်း အဲဒီ တိမ်ရောဂါကြောင့် မျက်စိအမြင်အာရုံချို့ယွင်းတဲ့ရောဂါဖြစ်နေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လည်း စောစောကတင်ပြခဲ့သလို မျက်ခမ်းစပ်ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်ပေမယ့် မျက်စိတိမ်စွဲတဲ့ ရောဂါဝေဒနာဟာ ရှေ့တန်းရောက်လာပါတယ်။ အတွင်းတိမ်၊ ရေတိမ်၊ အစရှိတဲ့ မျက်စိတိမ်အမျိုးမျိုး ဟာ ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှုကြောင့်လည်းကောင်း အသက်အရွယ်ကြီးရင့်လာမှုကြောင့်လည်းကောင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အသက်အရွယ်ကြောင့်ဖြစ်လာတာ ဆိုလို့ရှိရင် အမေရိကန်နိုင်ငံမှာဆိုရင် မျက်စိတိမ်စွဲရောဂါအဖြစ်နှုန်းဟာ အသက် ၅၂ နှစ်နဲ့ ၆၄ နှစ် ကြားမှာဆိုရင် ၄၂ ရာခိုင်နှုန်းရှိတာကို သိရပါတယ်။ နောက်အသက် ၆၅ နှစ်နဲ့ ၇၄ နှစ်ကြားမှာဆိုလို့ ရှိရင် ၆၀ ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။ နောက်အသက် ၇၅ နှစ်နဲ့ ၈၅ နှစ်ကြားမှာဆိုလို့ ရှိရင် ၉၁ ရာခိုင်နှုန်းထိရှိတယ်လို့သိရပါတယ်။ ဒါအသက်အရွယ်ကြီးရင့်မှုကြောင့် ဘယ်လိုမှတားဆီး ကာကွယ်လို့မရတဲ့ မျက်စိတိမ်ရောဂါဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ မြန်မာပြည်မှာလည်း မျက်စိရောဂါဖြစ်တာထက် အကြောင်းအရင်းတွေကတော့ (၁) ရာသီဥတု (၂) နေထိုင်စားသောက်မှု၊ (၃) အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်ပါတယ်။ ဒီထဲမှာ ရာသီဥတုနှင့် အသက်အရွယ်ကြီးရင့်တာကို တော့ ကာကွယ်ဖို့ခဲရင်းပါတယ်။ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နေထိုင်မှု၊ စားသောက်မှု၊ ဒါတွေနဲ့ပတ်သက်လို့တော့ ရှောင်လွှဲလို့ရမယ်။ ကာကွယ်လို့ရမယ့် နည်းလမ်းတွေတော့ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရာသီဥတုနှင့်ပတ်သက်လို့ ကျွန်တော်တို့အစိုးရက ကိုးခရိုင် စိမ်းလန်းစိုပြေရေးဆိုပြီးတော့ စီမံချက်နဲ့လုပ်ဆောင်ပါတယ်။ အတန်အသင့်အောင်မြင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဒေသရဲ့ ရာသီဥတုကိုတော့ ပြောင်းလဲသွားနိုင်စရာ မရှိပါဘူးခင်ဗျား။ နောက် ကျွန်တော်တို့ဒေသဟာ အဲဒီလို စိမ်းလန်းစိုပြေမှုလုပ်ပေမယ့် နေဟာပူမြဲပါ။ ဖုန်ဟာထူဆဲပါ။ ဒါကြောင့်လည်း မျက်စိဝေဒနာတွေဟာ ဖြစ်မြဲဖြစ်ထရှိပါတယ်။ လက်ရှိအားဖြင့် အစိုးရကဆောင်ရွက်လျက်ရှိတဲ့ ကျေးလက်ရေရရှိရေးဟာ စီမံကိန်းဟာဆိုလို့ရှိရင် တိုးချဲ့ပြီးတော့ ဆောင်ရွက်ဖို့သင့်ပါတယ်။ ဘာကြောင့်ဆိုလို့ရှိရင် ကျွန်တော်တို့ရပ်ဟာ ရာသီဥတုပြင်းထန်တယ်။ မိုးနဲတယ်။ ရေရှားတယ်။ ဒါကြောင့် မျက်စိ ရောဂါတွေဖြစ်တယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းပါးတယ်။ ဒါကြောင့် ကျေးလက် ရေရရှိရေး စီမံကိန်းကိုသာ တိုးချဲ့ဆောင်ရွက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ရေကြောင့် ဖြစ်ပေါ် လာတဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုနည်းလို့ဖြစ်တဲ့အကြောင်းအရင်းတွေကို ကျွန်တော်တို့က အထိုက် အလျောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ နေပူထဲထွက်တဲ့အခါမှာ ခေါင်းဆောင်းဖို့ နေကာမျက်မှန်တပ်ဖို့ အစရှိတဲ့ အချက်အလက်တွေကိုလည်း ဒါကျွန်တော်တို့ ပြည်သူ လူထုကိုအသိပေး ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့က မျက်စိရောဂါကာကွယ်မှုကိုတော့ အထိုက် အလျောက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျား။ ဒီနေ့ ကျွန်တော်တို့ ကာကွယ်ရေးအပိုင်းပါ။ ကုသမှု အပိုင်းကို ကျွန်တော်တို့ စဉ်းစားကြမယ်ဆိုရင် ရေတိုရေရှည်စဉ်းစားကြမှာဖြစ်ပါတယ်။ ယခင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကဆိုရင် သက်ဆိုင်ရာတွေပေါ့။ ကျန်းမာရေးဌာနကနေ ဦးစီးပြီးတော့ သက်ဆိုင်ရာ သမားတော်ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ ဆေးဝန်ထမ်းအစုအဖွဲ့တွေနဲ့ နယ်လှည့်ဆင်း ပြီးတော့ကုသကြတာကို ကျွန်တော်တို့ မှတ်မိပါသေးတယ်။ နောက်တဖန် ကျွန်တော်တို့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာလည်း နယ်လှည့် ကွင်းဆင်းပြီးတော့ ကုသမှုကိုလည်း ပြုလုပ်ခဲ့တာ မှတ်မိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဒေသမှာဆိုလို့ရှိရင် ဝန်ကြီးတချို့က စေတနာရှင်တွေနဲ့၊ ကုသိုလ်ရှင်တွေနဲ့ ပေါင်းပြီးတော့ မျက်စိခွဲစိတ်ကုသမှုကိုလည်း လုံးဝဥဿုံ တာဝန်ယူ ဆောင်ရွက်သွားတာကိုလည်း ကျွန်တော်တို့ မှတ်မိပါသေးတယ်။ နောက်တစ်ဖန် ယခု အစိုးရလက်ထက်မှာလည်း ၂၀၁၁ ခုကဆိုရင် ကျွန်တော်တို့ အစိုးရဝန်ကြီးဌာနများ၊ သက်ဆိုင်သူများ၊ ပြည်တွင်း NGO တွေ၊ INGO နဲ့ ပြည်တွင်း နက်ဖြူ တို့ပူးပေါင်းပြီး မြို့ရော၊ နယ်ပါကွင်းဆင်းပြီး မျက်စိခွဲစိတ်မှုပေါင်း ၃၁ ကြိမ်ပြုလုပ်ခဲ့တယ် လို့လည်း ကျွန်တော်သိရပါတယ်။ အဲဒီတော့ ပြန်ကြည့်မယ် ဆိုလို့ရှိရင် တိမ်ဖြစ်လာပြီ တိမ်ဖြစ်လာပြီ ဆိုလို့ရှိရင် ကျွန်တော်တို့သိတာ မျက်စဉ်းခပ်ယုံနဲ့မရပါဘူး။ ဆေးမီးတိုနဲ့လည်း ကုလို့မရပါဘူး။ တိမ်ဖြစ်ပြီးဆိုလို့ရှိရင် ခွဲကိုခွဲရပါမယ်။ အချိန်မီမခွဲနိုင်ရင် မျက်စိကွယ် တတ်ပါတယ်။ ဒီအသိကိုတော့ ပြည်သူကိုလည်းပေးဖို့လိုပါတယ်။ နောက်တစ်ခါ တိမ်ဟာ ဘယ်အဆင့်မှာပဲဖြစ်ဖြစ် ခွဲလို့ရပါတယ်။ ဒါပေမယ့် ရင့်မှခွဲတာပိုကောင်းပါတယ်။ ဆရာဝန်အများစုကလည်း ရင့်မှခွဲလေ့ရှိပါတယ်။ ခွဲပြန်လည်း ကျွမ်းကျင်မှုလိုပါတယ်။ မကျွမ်းကျင်လို့ရှိရင် မျက်စိထဲပိုးဝင်တတ်ပါတယ်။ အဲဒီမှာ တစ်ခါ ဘာသိရလဲ ဆိုရင် အစဉ်မသင့်လို့ရှိရှင်၊ ကံမကောင်းအကြောင်းမလှလို့ရှိရင် မျက်စိတစ်လုံးလုံး ထုတ်ပစ်ရတတ်ပါ တယ်။ အဲဒါဟာဆိုလို့ရှိရင် လူအယောက် ၁၀၀၀ မှာ တစ်ယောက်နှုန်း ဖြစ်တတ်တယ်လို့ သိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ မျက်စိတိမ်စွဲပြီးဆိုရင် ခွဲကိုခွဲရမယ်ဆိုတဲ့အသိ မှတ်သားရပါမယ်။ အများ အားဖြင့် ဒီမှာဖြစ်နေတာတွေက ပြည်သူတွေက ဘယ်အချိန်မှာ ခွဲရမယ်မသိဘူး။ ဗဟုသုတနည်းပါး တယ်။ နောက်တစ်ခါ သိပြန်ရင်လည်း အခက်အခဲတစ်ခုက ငွေရေးကြေးရေး၊ ငွေးရေးကြေးရေး အခက်အခဲက တော်တော်ကိုကြီးမားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တကယ်တိမ်လာမယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုတင်ပြီးတော့ကာကွယ်နိုင်မလဲ ဒါကို ကျွန်တော်တို့ စဉ်းစားကြရပါမယ်။ နောက် ရေရှည်မှာ ဆောင်ရွက်ကြမလဲ။ ဒါကိုလည်း ကျွန်တော်တို့ စဉ်းစားကြရပါမယ်။ ကျွန်တော့်အနေနဲ့ နောက်ဆုံးတင်ပြအကြံပြုလိုတာကကတော့ (၁) မြန်မာအလယ်ပိုင်းဒေသ စိမ်းလန်း ရေးစီမံချက်ကို တိုးချဲ့ရန် (၂) ကျေးလက်ရေးရရှိရေးစီမံကိန်းတိုးချဲ့ရန် (၃) မျက်စိကာကွယ် စောင့်ရှောက်ရေးပညာပေးအစီအစဉ်ကို လူထုလူတန်းစားအလွှာအသီးသီးတွင် ပြန့်နှံ့ရန် (၄) ကျေးရွာ နှင့်ကျောင်းမျက်စိကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းကို အချိန်မှန်မှန် ကွင်းဆင်းဆောင်ရွက်ရန် ဒါလည်း အရေးကြီးပါတယ်ခင်ဗျား။ (၅) ကျောင်းတွေမှာ တတ်နိုင်သမျှအချိန်ယူပြီးတော့ သူတို့ရဲ့မျက်စိ ရောဂါကို ကြိုတင်စစ်ဆေးပေးနိုင်မယ်ဆိုရင် ကြီးမားတဲ့ရောဂါတွေဖြစ်လာနိုင်မှုကို ကာကွယ်နိုင်မှာ ွဖစ်ပါတယ်ခင်ဗျား။ နောက် ကျွန်တော်တို့ လိုအပ်ပါက ကျေးလက်ဆေးပေးခန်းအထိ ကွင်းဆင်းကုသပေးရန် (၆) နယ်လှည့်မျက်စိတိမ်ရောဂါခွဲစိတ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် စောစောက ကျွန်တော်ပြောသလိုပေါ့။ အရင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကလည်း နယ်လှည့် ဆေးကုသမှုတွေလုပ်ခဲ့တယ်။ ပြီးခဲ့တဲ့အစိုးရမှာလည်း လုပ်ခဲ့တယ်။ ယခုအစိုးရမှာလည်း လုပ်ခဲ့တယ်။ ရှေ့ဆက်လက်ပြီးလည်း ဒီစီမံတွေ ဆက်လက်ဆောင်ရွက်သွားဖို့လည်း အရေးကြီးပါတယ်။ (၇) အောက်ခြေစေတနာရှင်ကျန်းမာရေးလုပ်သားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသား NGO များကို Primary Eye case Tranary ပေးရန်လိုပါတယ်။ (၈) ဆရာဝန်များကို အရေးပေါ် မျက်စိ ကုသရေးနဲ့ စောင့်ရှောက်ရေးသင်တန်းများပေးရန် ဒါကတော့ ဆရာဝန်တိုင်း၊ ဆရာဝန်တိုင်းဟာ ဘာသာစုံတော် တာမဟုတ်ပါဘူး။ ဘာသာစုံတတ်သိတာမဟုတ်ပါဘူး။ သူ့ Feel နဲ့သူ တော်ကြတာပါ။ ဒါပေမယ့် အခြေခံမူအားဖြင့်တော့ မျက်စိကုသမှုအရေးပေါ်လေးကိုတော့ သင်ကြားပေးသင့်တယ်လို့ထင်ပါတယ် ခင်ဗျား။ (၉) တန်ဖိုးနည်းပြီး အစွမ်းထက်တဲ့ မျက်စဉ်းများထုတ်လုပ်ရန် အရင် တစ်ထွာစိုက်ကလင်း ဆိုတဲ့ ဆေးကြားဖူးပါတယ်။ မျက်ခမ်းစပ်ရောဂါအတွက် အင်မတန်အသုံးတဲ့တယ်လို့ သိခဲ့ရပါတယ်။ ဒီနေ့ ဒီဆေးဟာဖြင့် ကျွန်တော်တို့မြန်မာပြည်မှာ တော်တော်ရှားနေတယ်လို့သိရပါတယ်။ အဲဒီလို တန်ဖိုးနည်းပြီးအစွမ်းထက်တဲ့ မျက်စဉ်းများကိုလည်း ထုတ်လုပ်ရေးဘက်ကိုစဉ်းစားသင့်ပါတယ်။ (၁၀) မြန်မာပြည်အလယ်ပိုင်း အပူပိုင်းမိုးနည်းရပ်ဝန်းဒေသရှိ ခရိုင်မြို့ကြီးတိုင်း၌ မျက်စိအထူးကုဆေးရုံး ဒေသကြီးများ ဖွင့်လှစ်နိုင်ရေးလည်းစဉ်းစားသင့်ပါတယ်။ စဉ်းစားသင့်ပါတယ်လို့ ကျွန်တော်ပြောချင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဘတ်ဂျက်အွခေအနေအရပေါ့။ ငွေရေး ကြေးရေးအရ ဒီပေါ်မှာကြည့်ပြီးတော့ ခရိုင်မြို့ကြီးတိုင်းမှာ မျက်စိအထူးကုဆေးရုံကြီးများ ဖွင့်သာရေး စဉ်းစားသင့်ပါတယ်။ (၁၁) ငွေကြေးအခက်အခဲရှိတဲ့ မျက်စိဝေဒနာရှင်များဟာ အလင်းတံခါးဖွင့်ပေ မယ့် အလှူရှင်များကို မီဒီယာများတစ်ဆင့်တိုက်တွန်းနိုးဆော်ရန် စသည်တို့ဖြစ်ပါတယ်။ ဒီ ၁၁ ချက်ကို အကြံပြုတင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့ မြန်မာပြည်အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသမှာ ဒီနှစ် အခါတိုင်းထက် ပိုပြီးမိုးခေါင်ပါတယ်။ မိုးဦးသီးနှံတွေမရကြပါဘူး။ နောက်ပိုင်း မိုးနှောင်းကာလ သီးနှံတွေလည်း မရေရာပါဘူး။ သေချာတာကတော့ မျက်စိဝေဒနာရှင် အများစုဟာ ဆေးကုသခံယူဖို့ ငွေကြေးအလွန်ခက်ခဲမှာဖြစ်ပါတယ်။ ဒီဝေဒနာရှင်တွေရဲ့ အခက်အခဲကို ဘယ်သူဖေးကူပမယ်လဲ ဆိုတာ မျှော်တွေးရင်း တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ အဆိုကို အကြံပြု ဆွေးနွေး ထောက်ခံအပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
