လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အဆိုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၊ တောင်သာမဲဆန္ဒနယ်ရဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသမှာရှိတဲ့ ပြည်သူများ မျက်စိဝေဒနာများစွာ ခံစားရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန်ဆိုတဲ့ အစီအစဉ်ကို ကျွန်တော့်အနေနဲ့ ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပြီးတော့ အပြုသဘောဖြည့်စွက် တင်ပြချက်များဖြင့်လည်း ထည့်သွင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ ထောက်ခံဆွေးရလဲဆိုရင်တော့ ကျွန်တော်တို့ မြန်မာပြည်အလယ်ပိုင်း (Central Zone) မိုးခေါင် ရေရှား ပူပြင်း ခြောက်သွေ့တဲ့ (Central Zone) သတ်မှတ်ထားတဲ့ ဒေသမှာနေထိုင်ကြတဲ့ ပြည်သူလူထုတွေဟာ ဆင်းရဲနွမ်းပါးပြီးတော့မှ လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုမှာများစွာ နောက်ကျ အားနည်းနေတဲ့ ပြည်သူလူထုတွေ ဖြစ်ပါတယ်။ ဒီပြည်သူလူထုတွေနှင့် အတူ ဒီမျက်စိဝေဒနာရှင်များ အတွက်ကိုများစွာ အထောက်အကူပြု ကျေးဇူးပြုစေတဲ့ အဆိုတစ်ရပ် ဖြစ်တဲ့အတွက်ကြောင့် ထောက်ခံ ဆွေးနွေးရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်ရဲ့တင်ပြပါ အဆိုဟာ မြန်မာပြည်အလယ်ပိုင်း၊ တိုင်ဒေသကြီး ၄ ခု၊ မြို့နယ် ၈၂ မြို့နယ်နှင့် မှီတင်းနေထိုင် ကြတဲ့ပြည်သူလူထု ၁၈ သန်းအနက်က Unties Nation ရဲ့ဖော်ပြချက်အရ OPD Line အောက်မှာရှိတဲ့ ဆင်းရဲနွမ်းပါးသူ ၂၅ ရာခိုင်နှုန်းကို လွှမ်းခြုံ ကိုယ်စားပြုနေတဲ့ အဆိုတစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းဒေသမှာ မျက်စိကွယ်စေတဲ့ အကြောင်းအရင်းများအနက်က တစ်ခုအပါအဝင်ဖြစ်တဲ့ မျက်ခမ်းစပ် ရောဂါဖြစ်ပွားမှုဟာ ယခုလက်ရှိ အနေအထားအရ ၆ ရာခိုင်နှုန်းလောက်ရှိတယ်လို့လေ့လာသိရှိရပါ တယ်။ အဲ့ဒီ ၆ ရာခိုင်နှုန်းအနက်မှာ မျက်မမြင်ဒုက္ခိတ ဝေဒနာရှင်က ၄ ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတဲ့ အတွက်ကြောင့် အဲ့ဒီ ဝေဒနာရှင်တွေ အတွက်လည်းများစွာ အကျိုးကျေးဇူးရှိစေမှာဖြစ်ကြောင်း တင်ပြလိုပါတယ်။ အဆိုကို လေ့လာတဲ့အခါမှာ အဲ့ဒီဒေသအပူပိုင်းဇုန် မျက်စိရောဂါဖြစ်ပွားတဲ့ အခြေအနေကို ဆေးကုသမှုအလှမ်းဝေးခြင်း၊ ဆင်းရဲနွမ်းပါးမှု၊ စီးပွားရေးမဖွံ့ဖြိုးမှု၊ ကျန်းမာရေး ဗဟုသုတနည်းပါးမှု စတဲ့အချက်တွေနဲ့ အဆိုရှင်မှ ဆက်စပ်ဖော်ပြသွားတာကို တွေ့ရှိရပါတယ်။ ကျွန်တော့်အနေနဲ့ အဲ့ဒီလိုဆက်စပ်တာကို ချိတ်ဆက်တာကို ထောက်ခံတဲ့အပြင် ဖော်ပြပါလူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုနောက်ကျအားနည်းနေခြင်း၊ ရာသီဥတု အခြေအနေတွေ ပြောင်းလဲလာမှုနှင့်အတူ ကျွန်တော်တို့ မိုးခေါင်ရေရှား၊ ယခုလက်ရှိအနေအထားမှာ ပူပြင်းခြောက်သွေ့တဲ့ အနေအထား၊ ထူးခြားတဲ့ပတ်ဝန်းကျင်နဲ့ အဲ့ဒီပတ်ဝန်းကျင်ကြောင့်ပဲ သန့်ရှင်းရေး ညံ့ဖျင်းပြီးတော့မှ တစ်ကိုယ်ရေ ကျန်းမာရေးကအစ ချွတ်ခြုံကျနေတဲ့အနေအထားတွေ၊ ပတ်ဝန်းကျင်ရဲ့ ပူပြင်းခြောက်သွေ့မှု၊ သောက်ရေသုံးရေမလုံလောက်မှုဟာ မျက်စိဝေဒနာရှင်များများစွာဖြစ်ပေါ်ရခြင်းရဲ့ အဓိကအခြေခံ အကြောင်းတရားများဖြစ်တယ်ဆိုတာကို အလေးအနက်ထားပြီး တင်ပြလိုပါတယ်။ တကယ်တော့ ခုန ဆရာကြီးများ ဆွေးနွေးသွားတဲ့အတိုင်းပဲ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ကုသထိန်းချုပ် ဆောင်ရွက်လာခဲ့တာ ၁၉၆၄ ခုနှစ်ကတည်းကဖြစ်ပါတယ်။ အဲ့တုန်းက ၄၃ ရာခိုင်နှုန်း လောက်အထိရှိခဲ့တဲ့ ရောဂါဖြစ်ပါတယ်။ ယခုလက်ရှိအချိန်မှာလည်း ကျွန်တော်တို့က စီမံချက်တွေချပြီး ဆောင်ရွက်နေတဲ့အခါမှာ WHO ကနေချမှတ်ထားတဲ့ 2020 Vision ရှိပါတယ်။ Target Year ကို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၀ မှာသတ်မှတ်ထားပြီးတော့မှ မျက်စိကွယ်တဲ့ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်း အောက်လျော့ဖို့၊ မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှု ၂.၅ ရာခိုင်နှုန်းကိုလျော့ဖို့ဆိုပြီးတော့ ပြီးမြောက်ဖို့အတွက် မဟာဗျူဟာ ၃ ရပ်နှင့် Activities ၇ ခုကိုချမှတ်ပြီးဆောင်ရွက်တဲ့အခါမှာ တိုးတက်အောင်မြင် မှုတွေကတော့ လက်တွေ့အနေအထားမှာ ရှိနေတာပဲဖြစ်ပါတယ်။ သို့သော်လည်း အဆိုရှင်မှ မျက်စိ ဝေဒနာရှင်များအတွက် အထူးကုသမှု အစီအမံတစ်ရပ်ကို ဦးစားပေး အလေးအနက်ထား ဆွေးနွေးသွားတဲ့ အတွက်ကြောင့် မျက်စိဝေဒနာနှင့် ဒုက္ခိတဖြစ်ပွာမှုအခြေအနေတွေဟာ ဆက်လက်တည်ရှိနေတယ် ဆိုတာကို ရိပ်စားမိပါတယ်။ ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေး ကဏ္ဍမှာတော့ Health Promotive, Health Preventive, Creative, Rehealthprative ဆိုပြီးတော့ ကဏ္ဍကြီး ၄ ရပ်ရှိတဲ့အခါမှာ ခုနတုန်းကတော့ ဆရာကြီး ဒေါက်တာနေလင်းက နေပြီးတော့ Creative ဆိုတဲ့ ကုသမှုအပိုင်းကို ဇောင်းပေးပြီးတော့မှတင်ပြဆွေးနွေးသွားတာဖြစ်ပါတယ်။ ယခုအဆိုရှင်ရဲ့ဆွေးနွေးချက်အရဆိုလို့ရှိရင် တော့ Eye Care Service Centre လို့ခေါ်တဲ့ Centre တွေကို ထပ်ပြီးတော့ အခြေအနေပိုပြီးတော့ တိုးချဲ့ဖို့လိုမလား။ နောက်တစ်ခါလက်ရှိဆောင်ရွက်နေတဲ့ OPD Eye Service Centre တွေကို တိုးမြှင့်ဖို့လုပ်မလားဆိုတာကို ပြန်လေ့လာရပါတယ်။ နောက်တစ်ချက်က ဒီလိုတင်ပြလိုက်တဲ့အတွက် ကြောင့် Eye Assignment ဆိုတာ Community ထဲဆင်းပြီးတော့ ပြန်လုပ်ဖို့သင့်ပါတယ်လို့ ကျွန်တော့်အနေနဲ့တင်ပြလိုပါတယ်။ ကျွန်တော်တို့ ကျေးရွာနှင့် ကျောင်းတွေမှာ မျက်စိစမ်းသပ်စစ်ဆေးမှုတွေကို လက်တွေ့ဆန်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ပြီးတော့မှ ကျန်းမာရေး လုပ်သားတွေကို Eye Care Training ပေးတာတွေ ပြန်ပြီးတော့မှ စနစ်တကျရှိ/မရှိ ဒါလေးတွေ ပြန်လည် ဆန်းစစ်ရမှာပါ။ နောက်တစ်ခုက အရမ်းအရေးကြီးတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပေါ့။ ဒါတွေကို အဓိကထားပြီးတော့မှ ကျန်းမာရေးပညာပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားဖို့လည်း လိုအပ်ပါတယ်။ ၎င်းဖော်ပြပါ လုပ်ငန်းတွေဟာ ဆောင်ရွက်ဆဲလုပ်ငန်းတွေ ဖြစ်ပေမယ်လို့ ယခုထက် ပိုမိုတိုးမြှင့် လုပ်ဆောင်ဖို့ တင်ပြ လိုခြင်းဖြစ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဆက်လက် တင်ပြလိုတာကတော့ ဒီမျက်စိ ဝေဒနာရှင်တွေကို ကာကွယ်ကုသ တိုက်ဖျက်တဲ့နေရာမှာ ကုသမှုကဏ္ဍတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးဆိုတာ ခုနကလည်းဆွေးနွေးပြီး ဖြစ်ပါတယ်။ အထူးကုသမှုစီမံဆောင်ရွက်မှုကဏ္ဍ ကလည်းရှိရမှာဖြစ်ပါတယ်။ သို့သော်လည်း ခုနကတင်ပြခဲ့တဲ့ Health Promotion အပိုင်းကို Health Promotion ကတော့ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် တစ်ဦးခြင်း ကျန်းမာအောင်နေထိုင်တဲ့အလေ့အထတွေကို ပြုစုပျိုးထောင်ခြင်း Promotive အပိုင်းနှင့် Preventive အပိုင်း အဲ့ဒီနှစ်ပိုင်းကိုပဲ ကျွန်တော်တို့က အလေးအနက်ထား ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်းတင်ပြလိုပါတယ်။ ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့နိုင်ငံ ၅၀ လောက်မှာ ယခုလက်ရှိ မျက်မမြင်ဒုက္ခိက ၁.၈ သန်းရှိနေပါတယ်။ အဲ့ဒီမှာ WHO, UNICIEF, INGO တွေရဲ့ကူညီပံ့ပိုးမှုနှင့် ကုသမှုကဏ္ဍ အပြင်ကို Promotive နှင့် Preventive အဲ့ဒီနှစ်ပိုင်းကိုပဲ ဦးစားပေးကာကွယ်တိုက်ဖျက်တာ အောင်မြင်မှုရနေတယ်ဆိုတာကို အများကြီးတွေ့ရပါတယ်။ အဲ့တော့ ကျွန်တော်တို့ကတင်ပြချင်တာက တော့ Health Promotive ခုနတုန်းက ကဏ္ဍတစ်ရပ် State Level ဆိုင်တာလေးတစ်ခုရှိပါတယ် ခင်ဗျား။ အဲ့ဒါတော့ အဆက်မပြတ်ကို အဲ့ဒီ ဒေသရဲ့ (Central Zone) ပူပြင်းခြောက်သွေ့ပြီးတော့ မိုးခေါင်ရေရှားတဲ့ မြန်မာပြည်အလယ်ပိုင်းစိမ်းလန်းစိုပြေရေးလုပ်ငန်းများ Greening Test များကို ကျွန်တော်တို့ကအရှိအဟုန်နဲ့ဆက်လက်ဆောင်ရွက်ရပါမယ်။ နောက်တစ်ခုကတော့ အထူးရေးကြီးဆုံး ဖြစ်တဲ့ ကျန်းမာရေးနှင့် ညီညွတ်တဲ့ သောက်ရေ သုံးရေး လုံလောက်စွာ ရရှိနိုင်ရေး အတွက်ကိုလည်း ကျွန်တော်တို့ အထူးအလေးထားဖို့လိုပါတယ်။ နောက်တစ်ခုက ချမှတ် ဆောင်ရွက်ဆဲဖြစ်တဲ့ ဆင်းရဲမှု လျော့နည်းကျဆင်းရေးဆောင်ရွက်ချက်တွေကို ကျန်းမာရေးအမြင်နဲ့ အလေးပေးဆောင်ရွက်ရန် စသည်ဖြင့် ရေရှည်မှာစီမံချက်ချဆောင်ရွက်နိုင်မယ်ဆိုရင်တော့ မျက်စိဝေဒနာဟာ ချုပ်ကွယ်ပျောက် ဆုံးသွားမယ်လို့ယူဆပါတယ်။
နိဂုံးချုပ်အားဖြင့်တော့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးအောင်သောင်းရဲ့ အဆိုဟာ မျက်မမြင်ဒုက္ခိတ ဖြစ်ပွားမှုနှုန်း လျော့ကျ ဖို့အတွက် လည်းကောင်း၊ ကျေးရွာများအားလုံးအထိ ပဏာမမျက်စိရောဂါကာကွယ်ကုသ စောင့်ရှောက်မှု တွေကို ပြည်သူများ လက်လှမ်းမှီရောက်ရှိ စေရေးအတွက် လည်းကောင်း၊ ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေမှာ Public Wariness ကို ပိုမိုမြှင့်တင်ပေးရာ ရောက်ပြီးတော့မှ လူတန်းစား အလွှာအားလုံးက နေပြီးတော့လည်း ဒီအဆိုလေးကြောင့် တက်ကြွစွာပါဝင် ပူးပေါင်း ဆောင်ရွက်လာမယ် ဆိုလို့ရှိရင်တော့ အကျိုး ရလဒ်ကောင်းများကို များစွာဖြစ်ထွန်း စေမယ့် အဆိုတစ်ခုဖြစ်ကြောင်း ကျွန်တော် ထောက်ခံဖြည့်စွက် ဆွေးနွေးရင်းနဲ့ နိဂုံး ချုပ်အပ်ပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ်။
