လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝ ပြုအပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ နမ့်ခမ်းမဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းကျော်အုန်းဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်စတုတ္ထ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့မှာ တောင်သာမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းတင်သွင်းတဲ့ မြန်မာပြည် အလယ်ပိုင်း အပူပိုင်းဒေသရှိပြည်သူများရဲ့ မျက်စိဝေဒနာများစွာ ခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန် အဆိုနှင့်ပတ်သက်ပြီး ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ လူရဲ့ ကိုယ်ခန္ဓာမှာ မျက်စိဟာ ဘယ်လောက် အရေးကြီးကြောင်း အထွေအထူးရှင်းပြရန် လိုမယ်မထင်ပါ။ ရှေ့က ဆွေးနွေးသွားတဲ့ ကိုယ်စားလှယ်တော်ကြီးများရဲ့ တင်ပြဆွေးနွေးချက်များလည်း အတော့်ကို စုံစုံလင်လင်ပြည့်ပြည့်စုံစုံရှိပြီး ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်အနေနဲ့ အချက်အနည်းငယ်ကိုပဲ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင် ရှင်းပြသွားတဲ့အထဲမှာ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသဟာ မိုးခေါင်ရေရှားပြီး စိုက်ပျိုးရေးဖြစ် ထွန်းမှုခက်ခဲကာ စီးပွားရေးချို့တဲ့ခြင်းကြောင့် ၎င်းဒေသမှာ နေထိုင်ကြတဲ့ ပြည်သူများပညာရေးနိမ့်ကျပြီးတော့ ကျန်းမာရေး အသိပညာနည်းပါးခြင်း၊ မိုးခေါင်ရေရှားတဲ့အတွက် ဖုံအင်မတန်ထူပြီး မျက်စိဝေဒနာများ လွယ်ကူစွာ ဖြစ်ပေါ်နိုင်စေခြင်းကြောင့် ၎င်းဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူများဟာ မျက်စိ ဝေဒနာများစွာ ခံစားနေရကြောင်းကို အကျယ်တဝင့်ဂရုဏာ သက်စရာကောင်းအောင် ကိုယ်တွေ့ အဖြစ်အပျက်များနှင့် အဆိုရှင်မှ ဆွေးနွေးတင်ပြသွားတဲ့ အတွက် အပူပိုင်းဒေသမှာရှိတဲ့ ပြည်သူ များအား ကျွန်တော့်အနေနဲ့ စာနာသနား၊ ဂရုဏာ တရားသက်မိပါတယ်။ ဒါကြောင့် (၁) နိုင်ငံတော်မှ စီမံချက်များ ရေးဆွဲချမှတ်ပြီး ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲ (workshop) များ ပြုလုပ်ခြင်း၊ (၂) အပူပိုင်းဒေသရှိ မြို့နယ်နှင့် တိုက်နယ် ဆေးရုံတိုင်းကို မျက်စိအထူးကုဆရာဝန်များ ခန့်ထားပေးခြင်းနဲ့ အဝီစိတွင်းများ ဆောင်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးသင့်ပါတယ်။ ဒေသခံ ပြည်သူများထဲမှ သြဇာတိက္ခမရှိတဲ့သူများ ဦးဆောင်ကမကထလုပ်ပြီး မျက်စိဝေဒနာရှင်များအတွက် အလှူငွေများ ကောက်ခံခြင်း၊ အလှူခံဌာနများကို သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြခြင်းများလည်း ပြုလုပ်ဆောင်ရွက်ပေးသင့်ပါကြောင်းလည်း အကြံပြုလိုပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများဟာ အလှူအတန်းမှာ တော်တော့ကို ရက်ရောကြပါတယ်။ ကျွန်တော်တို့ နမ့်ခမ်း မြို့နယ်မှာရှိတဲ့ ဇေယျသုခ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိနယစာရ ဦးဆောင်ပြီး နှစ်နှစ်တာ ကာလ အတောအတွင်းမှာပဲ ကျပ်သိန်းပေါင်း သုံးထောင်ကျော် ကုန်ကျတဲ့ အခမဲ့ မျက်စိအထူးခွဲစိပ် ဆေးရုံကြီးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ခွဲစိပ်ကရိယာများကိုတော့ စစ်ကိုင်းတောင်ရိုး သီတဂူဆရာ တော် အရှင်ဒေါက်တာ ဘဒ္ဒန္တညာနိဿရမှ တာဝန်ယူကူညီ လှူဒါန်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့်
ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ် (Human Resources) များ နစ်နာ ဆုံးရှုံးမှုမရှိစေရန်နှင့် အပူပိုင်းဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူများရဲ့ နေထိုင် စားသောက်မှုဘဝရပ် တည်ရှင်သန်နိုင်စေရေးအတွက် တောင်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း ဆွေးနွေး တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
