လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များရှင်။ မင်္ဂလာပါလို့ ဂါရဝပြုနှုတ်ဆက်ပါတယ်။ ကျွန်မ ဒီနေ့ တောင်သာ မဲဆန္ဒနယ်မှ ဦးအောင်သောင်းရဲ့ အဆိုကို အလှူရှင်တစ်ယောက်အနေနဲ့ လုပ်ခဲ့ရတဲ့ အလုပ်တွေအပေါ်မှာ ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်မ မဲဆန္ဒနယ်နှင့် မကွေးတိုင်းဟာ အခု တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း တင်ပြသွားသလို မျက်စိဝေဒနာရှင်များစွာရှိပါတဲ့ အရပ်ဒေသ ဖြစ်နေပါတယ်။ မိုးခေါင်ရေရှားပူပြင်း ခြောက်သွေ့ဒေသဖြစ်ရခြင်းဟာ ရောဂါဖြစ်ရခြင်းရဲ့ အရင်း အမြစ် ဖြစ်ပါတယ်။ တစ်နှစ်လုံး မိုးရေချိန်လက်မ ၁၀ လက်မ၊ လက်မ ၂၀ ရွာဖို့ပြည့်မီအောင်တောင် မိုးမရွာတဲ့ဒေသဖြစ်ပါတယ်။ သောက်သုံးရေရရှိဖို့ဆိုရင် ကုန်းတွင်းဒေသတွေမှာ ပေ ၁၀၀၀ လောက် ရေတူးမှ ရေတဲ့နေရာ အများကြီးရှိပါတယ်။ သောက်ရေရဲ့ အနေအထား ကလည်း အချိန်ကြာစွာ တူးဖော်ရပါတယ်။ သောက်သုံးရေ၊ သုံးစွဲရေဟာ ရေမကောင်းတဲ့နေရာလည်း များပါတယ်။ တစ်ကိုယ် ရေသန့်ရှင်းမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေထဲမှာ မျက်စိရောဂါဟာ အဖြစ်အများဆုံးပါပဲ။ မျက်ခမ်း စပ်နှင့် မျက်စိတိမ်စွဲ၊ အတွင်းတိမ်၊ အပြင်တိမ်၊ ရေတိမ်၊ မျက်လုံးကနေ အသားပိုတွေ ထွက်တာတွေ၊ မျက်သားပျက်စီးတာတွေ၊ မျက်တောင်မွှေးစူးစိုက်လို့ မျက်ရည်ယို နေတာတွေဟာ အများဆုံးတွေ့ရပါတယ်။ ကျွန်မဒေသ မျက်စိဝေဒနာရှင်တွေအတွက် မြို့နယ်နှင့် တိုင်းအတွင်းမှာ မြို့နယ်အနှံတစ်ဦးတည်း အလှူရှင်အနေနဲ့ သော်လည်းကောင်း၊ စုပေါင်းအလှူအနေနဲ့သော်လည်းကောင်း များစွာလှူခဲ့ဖူးပါတယ်။ အဲဒီမျက်စိ ဝေဒနာရှင်ကုသဖို့ လုပ်ရတဲ့ လုပ်ငန်းစဉ်လေးကို အနည်းငယ်လေး ရှင်းပြပါရစေ။
ဥက္ကဋ္ဌကြီးရှင့်။ မြို့နှင့်ဝေးတဲ့ ကျေးရွာတွေက ဝေဒနာရှင်တွေကို ပထမစုဆောင်းရပါတယ်။ လူမှုအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့အစည်းအတွေကို အကူအညီတောင်းရပါတယ်။ ဝေဒနာရှင်များကို ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်မှာဖြင့် ဘယ်နေရာမှာ ကုသိုလ်ဖြစ် အခမဲ့ မျက်စိဝေဒနာရှင်များအား မျက်စိဆရာဝန်ကြီးများမှ ကုသပေးမည့်အကြောင်း လိုက်လံဆော်သြရပါတယ်။ ကြိုတင်စုဆောင်းရရှိ တဲ့ လူဦးရေပေါ်မှာ မူတည်ပြီးတော့ ကြိုတင်ကြည့်ရှုတဲ့အဖွဲ့ကို လွှတ်ပေးရပါတယ်။ အဲဒီမျက်စိကြည့်ရှု တဲ့ လူဦးရေဟာ တစ်မြို့နယ်နှင့် တစ်မြို့နယ်တော့ မတူပါဘူး။ များပြားလွန်းတဲ့အတွက် ကျွန်မတို့ အနေနဲ့ ဦးအောင်ကျော်စိုးပြောသလိုပဲ ပြစ်တင်ဝေဖန်မှုတွေလည်း ခံရပါတယ်။ ကြည့်ရှုတဲ့နေရာမှာ လည်း လူဦးရေ ၃၀၀၀ အထက်နှင့် ၅၀၀၀ ပတ်ဝန်းကျင်အထိ လာရောက်ပြသတဲ့လူတွေ ရှိပါတယ်။ အဲဒီနောက် ဆရာဝန်ကြီး အသုံးပြုမယ့် ခွဲစိတ်ကိရိယာ တပ်ဆင်ဖို့ မြို့နယ်ဆေးရုံအုပ်ကြီးကို ကြိုတင် ခွင့်တောင်းပြီး ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ခွဲခန်းပို့သမှုကအစ တစ်နေ့တာလုံး ခွဲစိတ်ရတဲ့အတွက် Air Con ပေးတာကအစ မီးစက်အဆုံး ကြိုတင်ညှိနှိုင်းမှုတွေ လုပ်ရတယ်။ ပစ္စည်းတွေ သယ်ယူရ ပါတယ်။ ကြိုတင်ပြင်ဆင်မှု၊ ဆော်သြမှု၊ လူနာတွေကို လမ်းခရီး စရိတ်ကအစ အပြန်ခရီးစရိတ်အဆုံး လူနာရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုပါ လုပ်ကိုင်ပေးရပါတယ်။ ဆရာဝန်ကြီးများနှင့် ဆရာမများ သွားရေး၊ လာရေး၊ နေထိုင်စားသောက်ရေးအပြင် တစ်နေ့တာ ခွဲစိတ်မှုအပြီး နောက်တစ်ရက်မှာ လူနာ အခြေအနေပြန်စစ်ရတာ၊ ပညာပေးဗဟုသုတဟောပြောပေးရတာအပြင် နေကာမျက်မှန်၊ စားဆေး၊ မျက်စဉ်းဆေးပေးရပါတယ်။ မခွဲစိတ်လျှင် မဖြစ်တဲ့လူနာတွေ ကျန်နေသေးရင် ဥပမာ ကံမမြို့တို့လို့၊ အောင်လံမြို့တို့လို့ အဲဒီက ရှိနေတဲ့ မခွဲစိတ်လျှင် မဖြစ်တဲ့လူနာတွေကို မင်းဘူးမြို့အနီးထိ မော်တော် ကားတစ်တန်၊ မော်တော်တွေ၊ စက်လှေတွေ ငှားပြီး ခေါ်ယူခဲ့ရပါတယ်။ ခေါ်ယူတဲ့အခါမှာလည်း အဖော်ပါသူကိုပါ ကျွေးမွေးတဲ့စရိတ်၊ ခွဲစိတ်တဲ့စရိတ်တွေ အကုန်ကျခံပါတယ်။ အမြဲတမ်း ရေလမ်း၊ ကားလမ်းကနေပြီးတော့ မြို့ရွာမှာကျန်နေတဲ့ လူတွေကို နောက်ဆက်တွဲ ဖြည့်ဆည်းပေးရတာလည်း အမြဲမပြတ်ပါဘဲ။ အလှူရှင်တစ်ယောက်အနေနဲ့ ဆေးရုံပိုင်းမှာလည်း လိုအပ်တာတွေရှိခဲ့ရင် လှူဒါန်း မှုတွေ ဖြည့်ဆည်းပေးခဲ့ရပါတယ်။ ကျွန်မတို့ မျက်တောင်မွှေးစူးတာတို့၊ မျက်သားခြစ်တာတို့၊ မျက်ရည်ခွံအိကျလို့ ပြန်ဆွဲတင်ချုပ်တာတွေကိုတော့ မျက်ခမ်းစပ်တိုက်ဖျက်ရေး ဆရာ ဆရာမတွေက ပြုလုပ်ပေးပါတယ်။ ဒီလိုလူနာတွေလည်း များပါတယ်။ အဓိကက ဒီရောဂါစွဲကပ်သူဟာ တောင်သူများ၊ ကျေးရွာပြည်သူများ၊ ဆေးရုံဆေးခန်းဝေးတဲ့ ကျေးရွာပြည်သူများ၊ ဆင်းရဲချို့တဲ့နွမ်းပါးသူတွေ ဖြစ်ပြီး တော့ ကုသမှုပြီးစီးတိုင်း ပြန်လည်ဆန်းစစ်တဲ့အခါမှာ ၈၀ ရာခိုင်နှုန်းလောက်က ကျေးရွာနေ ပြည်သူ များ ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးဖြည့်ဆည်းပေးဖို့တော့ လိုပါတယ်။ ကျွန်မတို့ တစ်တွေမှာ အလှူရှင်တွေမှာ ဖြစ်ပေါ်တဲ့ ခံစားမှုလေးကို အနည်းငယ်တင်ပြပါမယ်။ အချိန်နောက်ကျမှ ကုမရ တော့တဲ့ အခြေအနေကို လူနာသိအောင် ဆို့နင့်စွာ ပြောရတာတွေ၊ တစ်ရက်၊ နှစ်ရက်အလိုမှာ ပြော ပျက်စီးတော့မယ့်အခြေအနေကို အချိန်မီကယ်တင်နိုင်လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတာတွေဟာ အလှူတစ်ခုပြီးမြောက်ပြီးတိုင်း ဝီရောဓိ ခံစားရပါတယ်။ ကျွန်မတို့ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရပိုင်းလုပ်ဆောင်မှုတွေ ဘယ်လိုပဲရှိနေပါစေ လူနာကျဆင်းသွားတာမျိုး၊ နည်းသွားတာမျိုးတော့ မတွေ့ရပါဘူး။ စီမံချက်တစ်ခုလို ချမှတ်ပြီး မျက်ခမ်းစပ်တိုက်ဖျက်ရေးဆေးရုံတွေ ဖွင့်ထားပေမယ့် ဒီနေ့အထိ မျက်စိရောဂါနှင့်ပတ်သက်တဲ့ အနေအထားမှာ မျက်စိဆရာဝန်ကြီးများရဲ့ နေ့စဉ်ကြည့်ရှုမှု လူဦးရေဟာ များပြားဆဲပါပဲ။ အဓိက ကိုယ့်ဒေသ ကိုယ့်ညီအစ်ကိုမောင်နှမတွေ နေထိုင်တဲ့ဒေသတွေ မှာ ဒီရောဂါကို ဘယ်လိုပျောက်အောင်ကုမလဲဆိုတာ ကျွန်မတို့ အမြဲစဉ်းစားပါတယ်။ အလှူရှင်နှင့် အဖွဲ့အစည်းများ လှူဒါန်းမှုကို တိုင်းဒေသကြီး အစိုးရကသော်လည်းကောင်း၊ ဝန်ကြီးဌာနကသော် လည်းကောင်း အကူအညီပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။ မျက်စိခွဲစိတ်မှုဟာ မြို့နယ်ဆေးရုံမှာသာ အဆင်ပြေမှာမို့လို့ အခုအနေမှာ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေဟာဖြင့် လုပ်ဆောင်မှုတိုင်းမှာ အခက်အခဲရှိနေပါတယ်။ ဆရာဝန်ရရှိမှုဟာ အရင်နဲ့လည်း မတူတော့ဘဲ လုံးဝကို ခက်ခဲသွားပါတယ်။ ကုသိုလ်ဖြစ် ခွဲစိတ်မယ့် မြို့နယ်ဆေးရုံရဲ့ ဆေးရုံသုံးစွဲခွင့်ကိုလည်း အခက်အခဲများ ကြုံတွေ့ရပါတယ်။ တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ အပူပိုင်းဒေသ မျက်စိဝေဒနာခံစားမှုများအား အထူးအစီအစဉ်ဖြင့် ကုသပေးရန်အဆိုဟာဖြင့် ကျွန်မတို့ ဒေသတွေ အတွက် မဖြစ်မနေလိုအပ်နေတဲ့ အကြောင်းကိစ္စဖြစ်နေပါ၍ လှိုက်လှိုက်လှဲလှဲ ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။
