ဦးကိုကြီး (အောင်မြေသာဇံ မဲဆန္ဒနယ်) က မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိ ဝေဒနာများစွာ ခံစားနေရမှုကို အထူး အစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို ဆက်လက် ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များခင်ဗျား၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ၍ ကျန်းမာ၊ ချမ်းသာပြီး၊ မျက်စိဝေဒနာများနှင့် ကင်းရှင်းကြပါစေလို့၊ တောင်းဆုပြုရင်း၊ လေးစားစွာ နှုတ်ခွန်းဆက်သပါတယ်။

ကျွန်တော်က ဦးကိုကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသမှာရှိတဲ့ အောင်မြေသာဇံ မဲဆန္ဒနယ်မြေမှ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။

တောင်သာမဲဆန္ဒနယ်မြေမှ ဦးအောင်သောင်းက (၉-၈-၂၀၁၂) နေ့မှာတင်သွင်းခဲ့တဲ့ "မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိဝေဒနာများစွာ ခံစားနေရမှုကို အထူးအစီအစဉ် ဖြင့်ကုသပေးရန် " အဆိုနှင့်ပက်သက်၍ ဆွေးနွေးသွားမှာဖြစ်ပါတယ်။မြန်မာပြည်အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများဟာ အခြားဒေသများထက် ထူးကဲပြီး၊ မျက်စိ ဝေဒနာများခံစားနေရတာကို တွေ့ရှိရပါတယ်။

ဒီရောဂါဝေဒနာနှင့် ပတ်သက်ပြီး မျက်စိပါရဂူများထံ  ချဉ်းကပ်၍ စုံစမ်းမေးမြန်းကြည့်မိပါတယ်။ သိရတာကတော့ ကမ္ဘာမှာ ဒီရောဂါအဖြစ်များတဲ့ ဒေသတွေဟာ မိုးခေါင်ရေရှား ဒေသများမှာ အဖြစ်များပြီး၊ ကျန်းမာရေးအသိနည်းခြင်း၊ တကိုယ်ရေသန့်ရှင်းမှုနည်းခြင်း၊ ဆင်းရဲနွမ်းပါးမှုကြောင့် အချိန်မှီ ကုသမှု မခံယူနိုင်သော အခြေအနေများဟာ အဓိက အချက်အနေနဲ့ ပါဝင်နေတာကို သိရပါတယ်။ ကမ္ဘာမှာလည်းပဲ မိုးခေါင် ရေရှားတဲ့  ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ အဖြစ်အများဆုံးလို့ သိရပါတယ်။

မိုးခေါင်ရေရှားဒေသတွေဟာ အပူပိုင်းဒေသတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ အဖြစ်များခြင်းဖြစ်ပါသည်။ မိုးကခေါင်၊ နေကပူ၊ လေကတိုက်၊ အဲလို လေကတိုက်တော့ ဖုံလုံးကြီးတွေဟာ တလိမ့်လိမ့်တက်လာပါတယ်။ မွေးဌာနီသီချင်းကို သွားပြီး သတိရမိပါတယ်။ "လှည်းလမ်းကြောင်းတဖြောင့် ဖုံးလုံးကြီးတက်ကာ မြင်ယောင်မိတော့သည်" ဆိုတဲ့ တေးစာသားလေးဟာ အပူပိုင်းဒေသမှာရှိတဲ့ အညာဒေသရဲ့ သရုပ် သကန် ကို ဖော်ပြနေတာဖြစ်ပါတယ်။

ဒီဖုံလုံးကြီးတွေကပဲ၊ မျက်စိဝေဒနာကို ဖြစ်စေပါတယ်။ နေကပူ၊ ချွေးကထွက်၊ ဖုံတွေကထပြီး လေကတိုက်တော့၊ မျက်လုံးထဲကို ဒီဖုံတွေဝင်ပါတယ်။ ဒီဖုံတွေကပ်နေတဲ့လက်နဲ့ မကြာခဏ ပွတ်မိပါတယ်။ ဒီဖုံထဲမှာပါတဲ့ Trachoma Virus ပိုးတွေက မျက်လုံးထဲဝင်ပြီး မျက်လုံးကို စတင်ပြီး မျက်စိဝေဒနာဖြစ်တော့တာပါပဲ။ မျက်လုံးဟာ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ မျက်ရေပူများထွက်ခြင်းကနေ စတင်ပြီး၊ ဒီဒေသမှာ အဖြစ်များဆုံး မျက်ခမ်း စပ်ရောဂါကို ရစေတာဖြစ်ပါတယ်။

ဒါကို ဆင်းရဲနွမ်းပါးတဲ့ တောတောင်သူတွေ၊ လယ်ကူလီလုပ်သားတွေဟာ မြို့တက်ပြီးတော့ မျက်စိသမားတော်ဆီသွားပြီး ကုသဖို့လည်း ငွေကမလုံလောက်၊ မရှိ၊ ကျန်းမာရေး အသိပညာ ဗဟုသုတကလည်း နည်းတော့ ထိထိရောက်ရောက် ကုသမှုကို မပြုလုပ်နိုင်ကြပဲ၊ ဆေးမြှီးတို ဖြစ်တဲ့ အိမ်သုံးဆားလေးကိုကွင်း၊ ရရာ အသီးလေးတွေ သွေး၍လိမ်း၊ အရွက်လေးတွေကပ်နှင့် သက်သာသလို ရှိသော်လည်း လုံးဝ ပျောက်ကင်းခြင်းမရှိပဲ၊ မျက်ခွန်မှာ အနာရွတ်တွေဖြစ်၊ မျက်တောင်များက အတွင်းသို့ ကုတ်ဝင်သွားပြီး မျက်တော်ခတ်တိုင်း၊ မျက်ကြည်လွှာကို ပွတ်တိုက်တော့ မျက်ကြည်လွှာကို စတင်ပျက်စိးမှုကို ဖြစ်စေတာလို့ သိရပါတယ်။ ဒီရောဂါဟာ ဖုံထဲမှာပါတဲ့ Trachoma Virus များကြောင့်ဖြစ်တဲ့အတွက် ဒီ Virus ဟာ တစ်ဦးကို တစ်ဦး တစ်ကိုယ်ရေ မသန့်ရှင်းမှုကြောင့် အကူးမြန်တာကိုလည်း သိရပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းဖို့ဆိုရန်၊ သန့်ရှင်းတဲ့ ရေ၊ ရောဂါပိုးများကင်းတဲ့ ရေလိုပါတယ်။ ဒီ သန့်ရှင်းသော ရေနှင့် မျက်လုံးတစ်ဝိုက်နှင့် လက်ကို မကြာခဏ ဆေးပေးခြင်းအားဖြင်လည်း ဒီရောဂါကို ကြိုတင် ကာကွယ်နိုင်ပါတယ်။

သို့သော်လည်းပဲ မိုးခေါင်ရေရှားတဲ့ အရပ်တွေဖြစ်တဲ့အတွက် သန့်ရှင်းတဲ့ရေဟာ အထူးရှားပါတယ်။ ဒီဒေသတွေမှာ ရေချိုရေသန့်ကို ရဖို့ဆိုရင် မြေအောက်ရေကို ပေ ၆၀၀ ကနေ ၁၀၀၀ ထိတူးနိုင်မှ ရနိုင်တယ်လို့ သိရပါတယ်။ ကုန်ကျစရိတ်အထူးများတဲ့အတွက် ဒေသတွင်း တောင်သူများ တတ်နိုင်တဲ့ အင်အားမရှိကြပါဘူး။

ဒီဒေသတွေမှာတော့ ရေဘယ်လောက်ရှားသလဲဆိုလျှင် "ရွှေကိုမလို ငွေကိုမလို ရေကိုသာလိုတယ်လို့" တင်စားပြီး ပြောတတ်ကြပါတယ်။

ဒီ Trachoma Virus ကြောင့် မျက်ခမ်းစပ်ရောဂါဟာ လူငယ်၊ လူရွယ်၊ လူလတ်များကို အများဆုံး ဖြစ်စေတတ်ပါတယ်။ ကူးစက်တတ်တဲ့အတွက် တစ်ဦးကိုတစ်ဦး ကူးစက်နေပါတယ်။ ကြိုကြိုတင်တင် မကာကွယ် မကုသဘူးဆိုလျှင် နောက်ဆက်တွဲ ရောဂါများဖြစ်တဲ့ အတွင်းတိမ်၊ ရေတိမ် မျက်စိအနောက်ခြမ်းရောဂါနှင့် ကျွန်တော်တို့ မျက်ကြည်လွှာမှုံခြင်း ဆိုတဲ့ရောဂါများ ဝင်လာတတ်ပြီး ဒီရောဂါကြောင့် အရွယ်မတိုင်မီ မျက်စိအမြင်များ ပျောက်ဆုံးပြီးတော့ မျက်ကန်းဘဝကို ငယ်ငယ်ရွယ်ရွယ်နှင့် ရောက်ရပါတော့တယ်။ တောသူ တောင်သား၊ လယ်လုပ်သားများ၏ လုပ်အား၊ တစ်နည်းအားဖြင့် လူသားအရင်းအမြစ်ဟာ တစ်နည်းအားဖြင့် နိုင်ငံတော်၏ လုပ်အားများဟာ ဒီရောဂါကြောင့် ဒီမျက်စိအမြင် ပျောက်ဆုံးမှုကြောင့် အလဟသ ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့်မို့ အဆိုရှင် တင်ပြသလို ဒီဒေသတွေမှာရှိတဲ့ မျက်စိဝေဒနာရှင်တွေကို အချိန်မှီကုသခြင်း၊ စဉ်ဆက်မပြတ် ပညာပေးခြင်းတို့ လုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ တချိန်က Trachoma Campaign ဆိုပြီး မျက်စိအထူးကုဆရာဝန်ကြီးများ ပါဝင်ပြီး တောနယ်ကို ဆင်းပြီး ကုသမှုများကို လုပ်ဆောင်ခဲ့ဖူးပါတယ်။ ယခုအခါ Trachoma control and prevention of blindness ဆိုတဲ့ အထူးအဖွဲ့များကို ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကျယ်ပြန့်စွာကုသဖို့နှင့် စဉ်ဆက်မပြတ် စောင့်ကြည့် ကုသကာကွယ်ဖို့လည်း လိုနေတယ်လို့ သိရပါတယ်။

မိုးခေါင်ရေရှား ရပ်ဝန်းဒေသမှာ ဒီဝေဒနာ ကင်းရှင်းဖို့ဆိုလျှင် ဒီဒေသမှာ နေထိုင်တဲ့ တောင်သူများ၊ ငွေကြေးချောင်လည်ဖို့ လိုပါတယ်။ ဒါမှ သန့်ရှင်းတဲ့ရေနှင့် မျက်လုံးကိုဆေး၊ လက်ကိုဆေးနိုင်မှာ ဖြစ်ပါတယ်။ ကုသဖို့လည်း ငွေကြေးရလာမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီရောဂါဟာ ဆင်းရဲလှတဲ့ တောနေ တောင်သူ လယ်သမားနှင့် လယ်ကူလီများဟာ အများဆုံး ခံစားရတဲ့အတွက် ဖြစ်ပါတယ်။ တောင်သူ၊ လယ်သမားများ၊ ချမ်းသာမှ ကျန်းမာမှာဖြစ်တဲ့အတွက် ၎င်းတို့ စိုက်ပျိုးထားတဲ့ သီးနှံများအထွက်ကောင်းဖို့ လိုသလို သီးနှံရဲ့ ဈေးလည်း ကောင်းကောင်းရဖို့လိုပါတယ်။

၂၀၀၈ ခုနှစ်မှ ယခု ၂၀၁၁ - ၂၀၁၂ ခုထိ ဒေါ်လာဈေးများ ကျဆင်းခြင်း၊ သီးနှံဝယ်လိုအားများ ကျဆင်းခြင်းတို့ကြောင့် သီးနှံဈေးများဟာ ယခင့်ယခင်နှစ်များထက် ၆၀% ခန့် ကျဆင်းခဲ့ပြီး၊ တောင်သူများဟာ ဆက်တိုက်အရှုံးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ ဆေးကုဖို့နေနေသာသာ စားဝတ်နေရေးအတွက်ပင် အခက်အခဲများစွာနှင့် ကြုံတွေ့နေကြရပါတယ်။

ယခုတဖန် "နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း" ဆိုသလို အင်အားကြီးနိုင်ငံကြီးဟာ မြန်မာပြည်မှာဆက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုကို သက်တမ်းတိုးလုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဒီအခြေအနေအရဆိုလျှင်တော့ တောင်သူလယ်သမားများ၏ သီးနှံဈေးများဟာ အလားအလာ ကောင်းလာဖို့ နည်းပြီး ဆင်းရဲတွင်းက ပိုပြီးနက်လာဖို့ ရှိနေပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံအလယ်ပိုင်းရှိမှာရှိတဲ့ မျက်စိဝေဒနာရှင် တောင်သူများ ကိုယ်စားအတွက် လည်းကောင်း၊ တပြည်လုံးမှာရှိတဲ့ တောင်သူလယ်သမားများ ကိုယ်စားအတွက်ကိုသော်လည်းကောင်း၊ ဒီပြည်သူ့လွှတ်တော်ကနေပြီးတော့ အော်လို့သာ ပြောလိုက်ချင်တာကတော့ "လူသားချင်းညှာတာ ထောက်ထားသောအားဖြင့် Super Power" နိုင်ငံကြီးရဲ့ ပါလီမန်က လွှတ်တော်အမတ်မင်းများခင်ဗျား စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုဆိုတဲ့ ဆေးခါးကြီးကို ဆက်လက် တိုက်ကြွေးဖို့ မလိုအပ်တော့ပါ" လို့ပြောကြားရင်း တောင်သာမဲဆန္ဒနယ်မှ ဦးအောင်သောင်း တင်သွင်းတဲ့အဆိုကို လေးနက်စွာ ထောက်ခံရင် နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

Standard (Image)