လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ မင်္ဂလာပါရှင်။ ကျွန်မကတော့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ တောင်သာမဲဆန္ဒနယ်မှ ဦးအောင်သောင်းရဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိဝေဒနာများစွာ ခံစားနေရမှုကိုအထူးအစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို ဖြည့်စွက်ထောက်ခံဆွေးနွေးပါမယ်ရှင့်။ မျက်စိဝေဒနာများနဲ့ပတ်သက်လို့ ကျွန်မလေ့လာ သိရှိသလောက် တင်ပြပါရစေ။ ပြင်းထန်သောရာသီဥတုကြောင့်လည်းကောင်း၊ ထိခိုက်ဒဏ်ရာကြောင့် လည်းကောင်း၊ တကိုယ်ရေသန့်ရှင်မှုအားနည်း၍ ရောဂါပိုးဝင်ရောက်မှုကြောင့်လည်းကောင်း၊ ဆီးချို၊ သွေးတိုးစတဲ့ ခန္ဓာကိုယ်အတွင်း ရောဂါတစ်မျိုးကြောင့်လည်းကောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကြောင့် လည်းကောင်း အတွင်းတိမ်၊ အပြင်တိမ်၊ ရေတိမ်၊ မျက်ခမ်းစပ်၊ မျက်သားတက်စတဲ့ မျက်စိရောဂါများ ဖြစ်ပွားနိုင်ပါတယ်။ ကလေးငယ်များဆိုရင် ဓာတ်ချို့တဲ့၍ ကြက်မျက်သင့်ရောဂါဖြစ်ပွားနိုင်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ်က မျက်ခမ်းစပ် ရောဂါ တိုက်ဖျက်ရေးနှင့် မျက်စိကွယ်ခြင်း စီမံကိန်းတစ်ရပ် စတင်ခဲ့တာသိရှိရဖူးပါတယ်။ အဲ့ဒီအချိန်မှာ အဓိကမျက်စိကွယ်ခြင်းမှာ မျက်ခမ်းစပ် ရောဂါကြောင့် ဖြစ်ခဲ့ပါတယ်။ မျက်ခမ်းစပ်ရောဂါကြောင့် လူ ၁၀၀ မှာ ၄၃ ယောက်ထိမျက်စိကွယ်ခဲ့ကြောင်း ကြားသိရဖူးပါတယ်။ အဓိကတော့ ပူပြင်းတဲ့ မြန်မာပြည်အလယ်ပိုင်းမှာ အဖြစ်များခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အစိုးရနှင့် အဖွဲ့များရဲ့ ပူပေါင်း ဆောင်ရွက်မှုတွေကြောင့် မျက်ခမ်းစပ်ဖြစ်လို့ မျက်စိကွယ်နှုန်းဟာ လူ၁၀၀ မှာ ၂ ယောက်အထိ ကျဆင်းသွားတာကို မှတ်သားခဲ့ရဘူးပါတယ်။ အဲ့ဒီနောက်မှာ မျက်စိကွယ်ရတဲ့ အဓိကအကြောင်းမှာ တိမ်စွဲရောဂါကြောင့်ဖြစ်လာပါတယ်။ ၂၀၀၀ ခုနှစ်၊ အောက်တိုဘာလမှာ မျက်စိအလင်းရပိုင်ခွင့်ကို အမျိုးသားစီမံတစ်ရပ်အနေနဲ့ ချမှတ်ခဲ့တာကို သိရှိရပါတယ်။ မျက်စိကွယ်နှုန်းကို လူ၁၀၀၀ မှာ ၅ယောက်အထိ ကျဆင်းအောင်လည်း ရည်မှန်းခဲ့ပါတယ်။ နည်းလမ်းအနေနဲ့ တိမ်စွဲရောဂါကို ခွဲစိတ်ကုသပေးခြင်း၊ မျက်စိစမ်းသပ်စစ်ဆေး ခြင်းကိုလည်း အခြေခံကျန်းမာရေးဌာနများသို့ သွားရောက်ဆောင်ရွက်ပေးကာ လူထုပူးပေါင်းပါဝင်ဖို့ လည်းလှုံ့ဆော်တိုက်တွန်းခဲ့တာသိရှိရပါတယ်။ ၂၀၀၁ ခုနှစ်မှာ တိမ်စွဲရောဂါကို မြို့ပြနှင့်ကျေးလက် ဒေသထိ ဝန်ကြီးဌာနနှင့် အဖွဲ့များပူးပေါင်းပြီး လူနာပေါင်း ၂၀၀၀၀ ကျော်ကို ခွဲစိတ်ကုသပေး ခဲ့ရကြောင်းလည်း လေ့လာသိရှိခဲ့ရပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့ မင်းကင်းမြို့နယ်အခြေအနေကို လည်း အနည်းငယ်တင်ပြလိုပါတယ်။ ကျွန်မတို့မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ချင်းတွင်းမှာ ရှိ ပါတယ်။ ကျေးရွာပေါင်း ၁၈၈ ရွာရှိပြီး ဧရိယာကျယ်ဝန်းသလောက် သွားရေးလာရေး အင်မတန် ခက်ခဲကြမ်းတမ်းတဲ့ ဒေသဖြစ်တဲ့အပြင် တစ်နှစ်မှာ ၈ လ၊ ၉ လခန့်သာ ချောမောစွာသွားနိုင်တဲ့ မြို့ချင်း ဆက်ရေလမ်းသာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးညံ့ဖျင်းတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ နိမ့်ကျပြီး ဆင်းရဲမွဲတေမှု များလွန်းသည့်အပေါ် ကျန်းမာရေးတွင် မိမိကိုယ်ကို ဘယ်မှာ ဂရုပြုနိုင်ပါမလဲရှင်။ မြို့နယ်ပြည်သူ့ဆေးရုံမှာလည်း မျက်စိဆရာဝန် သီးသန့် မရှိပါ။ အကယ်၍ မျက်စိထိခိုက်မှု တစ်စုံတစ်ရာဖြစ်ခဲ့ရင် အနီးဆုံးမုံရွာမြို့ကို သွားရပါတယ်။ ဒါပေမယ့်လည်း လမ်းပန်းအခက်အခဲ ခရီးဝေးလွန်းခြင်း ငွေကြေးမတတ်နိုင်တာတွေကြောင့် မလိုလား အပ်ဘဲ မျက်စိအလင်းဆုံးရှုံးကြရသည်မှာ လွန်စွာမှ ဝမ်းနည်းစရာကောင်းလှပါတယ်ရှင်။ အခု လောလောဆယ် အဝေးရောက် ဒေသခံ မျက်စိ အထူးကုဆရာဝန်ကြီးတစ်ဦးက ဦးဆောင်ပြီး ကျွန်မတို့ မြို့မှာ ကုသိုလ်ဖြစ် လာရောက် အခမဲ့ ခွဲစိတ်ကုသပေးမယ့်လို့ ကြားသိရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။ အမှန်တကယ် လိုအပ်ချက် ကွက်လပ်ကို ဖြည့်ဆည်းပေးရာလည်း ရောက်တဲ့အတွက် သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ နောင်ရေရှည်အတွက်ကိုတော့ အဆိုရှင်ရဲ့ မြန်မာ ပြည်အလယ်ပိုင်းအတွက်သာမက ကျွန်မတို့လို မြို့နယ်များအပါအဝင် မြန်မာပြည်အထက်ပိုင်းနဲ့ အခြား ဒေသအားလုံးအတွက် အထူးအစီအစဉ်ဖြင့် မျက်စိကုသပေးရန်အစီအစဉ်ကို ဆောင်ရွက်ပေး နိုင်ပါရန် တင်ပြခြင်းဖြင့် တောင်သာမဲဆန္ဒနယ်မှ ဦးအောင်သောင်းရဲ့ အဆိုကို ဖြည့်စွက်ထောက်ခံ ဆွေးနွေးအပ်ပါတယ်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
