ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ရှင်းလင်း ဆွေးနွေးခြင်း

ဦးစိုးညွန့်(တရားသူကြီး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်)။      ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင်‌့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် ဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသို့ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စာချွန်တော်လျှောက်ထားမှုများ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အနက် အပိုဒ် ၄၄၊ ၄၇၊ ၆၁ ပါကန့်သတ်ချက်များကို ပြင်ဆင်ပယ်ဖျက်ပေးပါရန် အဆိုနှင့်စပ်လျဉ်းပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေပြီးတော့ ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်ခင်ဗျား။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ မှာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို ရှေ့တော်သွင်းစာချွန်တော် အမိန့်၊ အာဏာပေးစာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေးစာချွန်တော်အမိန့်နှင်‌့ အမှုခေါ် စာချွန်တော်အမိန့်များ ထုတ်ဆင့် ပိုင်ခွင့်အာဏာကို အပ်နှင်းခဲ့ပါတယ်။ စာချွန်တော်အမိန့် လျှောက်ထားမှုများနှင့် ပတ်သက်ပြီးတော့ လိုက်နာရမည်‌့လုပ်ထုံးလုပ်နည်းတွေ လိုအပ်လာတဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စာချွန်တော်အမိန့်လျှောက်ထားသူများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြီးတော့ ပြဋ္ဌာန်းခဲ့ပါ တယ်။ တရားလွှတ်တော်ချုပ်က ရေးဆွဲပြဋ္ဌာန်းတဲ့ လုပ်ထုံးလုပ်နည်းများဟာဆိုရင် ၁၉၄၈ နှင့် ၁၉၅၈ တို့မှာ ပြဋ္ဌာန်းခဲ့တဲ့ တရားလွှတ်တော်ချုပ် နည်းဥပဒေများနှင့်အညီပဲ အဲဒါကိုအခြေခံပြီးတော့ပဲ ကျွန်တော်တို့ ရေးဆွဲခဲ့ပါတယ်။ အဲဒီတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းတဲ့အဆိုမှာ စာချွန်တော်အမိန့်လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၄ (က)၊ (ခ) နှင့် (ဂ) တို့ကို ပယ်ဖျက်ပေးဖို့အဆိုပြုတင်သွင်းထားတာကို တွေ့ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ စာချွန်တော်အမိန့်လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၄ (က) မှာ ဘယ်လိုပြဋ္ဌာန်း ထားတယ်ဆိုတာ ရှေးဦးစွာ သိရှိဖို့လိုအပ်ပါတယ်။ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၄ (က) မှာ အမှုခေါ်စာချွန်တော်အမိန့်များနှင့် တားမြစ်စေစာချွန်တော်အမိန့်များ လျှောက်ထားမှုများမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အပြီးအပြတ်ဖြစ်စေရမယ်ဟု ပြဋ္ဌာန်းထားတဲ့အဖွဲ့အစည်းတစ်ရပ်ရပ်ရဲ့ ဆုံးဖြတ်ချက် နှင့် ဆောင်ရွက်ချက်များအပေါ်မှာ လျှောက်ထား လာခဲ့တဲ့ စာချွန်လွှာ ဖြစ်လို့ရှိရင် လက်ခံခြင်းမပြုရ လို့ ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ ပိုမိုရှင်းလင်းအောင်တင်ပြရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တချို့အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်ဖြစ်တယ်လို့ ပြဋ္ဌာန်း ချက်ရှိပါတယ်။ အဲဒီ ပြဋ္ဌာန်းချက်ရှိခဲ့လို့ရှိရင် အဲဒီ ပြဋ္ဌာန်းချက်အပေါ်မှာ စာချွန်တော်အမိန့်နှင့် လျှောက်ပြီးတော့ ပယ်ဖျက်ပေးဖို့ လျှောက်ထားလို့ရှိရင် လက်မခံပါနဲ့လို့ ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းမှာ ထည့်သွင်း ပြဋ္ဌာန်း ခြင်းဖြစ်ပါတယ်။ စာချွန်တော်အမိန့် ထုတ်ဆင့်ခွင့်အာဏာဟာ သာမန်ဥပဒေများပါ ပြဋ္ဌာန်းချက် များကို လွှမ်းမိုးတယ်ဆိုတာ မှန်ပါတယ်။ သာမန်ဥပဒေတွေမှာ စီရင်ဆုံးဖြတ်တဲ့ သက်ဆိုင်ရာအမိန့်ဟာ အပြီးအပြတ်ဖြစ်တယ်လို့ ပြဋ္ဌာန်း ချက်ရှိသော်လည်း စာချွန်တော်ျအမိန့်နှင့် ထိုရုံးရဲ့အမိန့်ကို ပြင်ဆင် ပြောင်းလဲနိုင်တယ်လို့ တင်ပြချက်ဟာလည်း မှန်ပါတယ်။ စီရင်ထုံးတွေလည်းရှိပါတယ်။ သို့သော် လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကိုတော့ ကျော်လွန်ပြီးတော့ ဆုံးဖြတ်နိုင်မှာမဟုတ်ပါ ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်မှာ အမြင့်ဆုံးဥပဒေဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၅၊ ၃၂၄ နှင့် ၄၀၂ တို့မှာ ပြည်ထောင်စုအဆင်‌့အဖွဲ့အစည်းများရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်ထောင်စုအဆင်‌့အဖွဲ့အစည်းများဆိုတာ အဲဒီသုံးခုမှာပါတဲ့ ၂၉၅(ဂ) ရဲ့ ၃၂၄ ရယ်၊ ၄၀၂ မှာပါတဲ့ အဖွဲ့အစည်းသုံးခုဖြစ်ပါတယ်။ အဖွဲ့အစည်းသုံးခုရဲ့ဆုံးဖြတ်ချက်ဟာ အခြေခံဥပဒေအရ အပြီးအပြတ် ဖြစ်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ ပြဋ္ဌာန်းထားတဲ့အတွက်  အဲဒီ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်  အပေါ်မှာ စာချွန်တော်အမိန့်လျှောက်ထားခွင်‌့ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အမှုခေါ်စာချွန်တော် အမိန့်နှင့် တားမြစ်စေစာချွန်တော်အမိန့်များ လျှောက်ထားခြင်းကို ကန့်သတ်ရန် လိုအပ်တဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီနည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ပါတယ်။ အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပြီးအပြတ်အတည်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတဲ့ အဖွဲ့အစည်းများရဲ့ ဆုံးဖြတ်ချက်အမိန့်အပေါ်မှာ စာချွန်တော်လျှောက်ထားခြင်းကို ခွင့်ပြုလိုက်မယ်ဆိုရင်  ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ရာရောက်သွားမှာဖြစ်ပါတယ်။ ပိုမိုရှင်းလင်းသွားအောင် ဥပမာအနေနဲ့တင်ပြရမယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ဆုံးဖြတ်ချက်ဟာဆိုလို့ရှိရင် အပြီးအပြတ်ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ရွေးကောက်ပွဲတွေနှင့်ပတ်သက်ပြီးတော့ ကော်မရှင် တစ်ခုခုမှာ အငြင်းပွားမှုဖြစ်လို့ ကော်မရှင်ကနေ စုံစမ်းစစ်ဆေးမှုတွေရှိပါတယ်။ စုံစမ်းစစ်ဆေးပြီးတော့ ဆုံးဖြတ်ချက် ချတာရှိပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေအပေါ်မှာ အဆင့်ဆင့် အယူခံတက်တဲ့အခါမှာ နောက်ဆုံး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထိအောင် တက်နိုင်ပါတယ်။ ပြည်ထောင်စု  ရွေးကောက်ပွဲ ကော်မရှင်ရောက်လာပြီးရင်တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်တဲ့ ဆုံးဖြတ်ချက်ဟာဆိုရင် အပြီးအပြတ်ဖြစ်သွားပါတယ်။ ဆိုလိုတာက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ချမှတ်တဲ့ဆုံးဖြတ်ချက်အပေါ်မှာ ဘာမှပြင်ဆင်ပြောင်းလဲလို့မရပါဘူး။ စာချွန်တော် အမိန့်နဲ့လည်း ပြင်ဆင်ပြောင်းလဲလို့ မရနိုင်ပါဘူး။ အကယ်၍ ပြင်ဆင်ပြောင်းလဲမယ်ဆိုခဲ့လို့ရှိရင် ရွေးကောက်ပွဲကော်ရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ စာချွန်တော်လျှောက်ထားမှုကို ခွင့်ပြုပြီးတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဲဒီဆုံးဖြတ်ချက်ကို စာချွန်တော်အမိန့်နှင့် ပယ်ဖျက်လိုက်မယ် ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်နဲ့ဆန့်ကျင်သွားတော့မှာွဖစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုရဲ့ ပြောကြားချက်မှာလည်း စစခြင်း တင်ပြတဲ့ အချက်ထဲမှာ သူရဲ့အဆိုထဲမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အထက်မှာ မည်သူမှမရှိသင်‌့ကြောင်း ဖော်ပြထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ထိုနည်းတူပဲ ဆွေးနွေးသွားတဲ့ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က ဦးထွန်းအောင်ကျော်ကလည်း စာချွန်တော်အမိန့်ဟာ အခြေခံဥပဒေမှအပ ဥပဒေများရဲ့အထက်မှာ ရှိပါတယ်လို့ ပြောကြားသွားတာရှိပါတယ်။ စာချွန်တော်အမိန့်နှင့် အခြားဥပဒေပါ ပြဋ္ဌာန်းချက်တွေ အပေါ်မှာ ဝင်ရောက်စွက်ဖက်နိုင်မှာဖြစ်ပေမယ်လို့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကိုတော့ ကျော်လွှား နိုင်မှာမဟုတ်ပါဘူး။ ဘာကြောင်းလဲဆိုတော့ အခြေခံဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အထက်မှာ မည်သူမှမရှိတဲ့အတွက် ဖြစ်ပါတယ်။ အမှန်အားဖြင့် တင်ပြရမယ်ဆိုရင်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အလွန်ကြီးမားကျယ်ပြန့်တဲ့ စီရင်ပိုင် ခွင့်အာဏာကို ပေးတာဖြစ်ပါတယ်။ ဥပဒေနှင့်အညီ စီရင်ပိုင်ခွင့်ဆိုရင်တော့ ကျွန်တော်တို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံရဖို့ဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေက တားမြစ် ထားတဲ့အချက်တွေရှိနေတဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ သူရဲ့စီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စာချွန်တော်အမိန့် လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄၄ (က)မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပြီးသတ် အတည်ဖြစ်စေရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အဖွဲ့အစည်းတစ်ရပ်ရပ်ရဲ့ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက် များအပေါ်မျာ တင်သွင်းလျှောက်ထားလာခြင်းကို လက်ခံခြင်းမပြုရလို့ ပြဋ္ဌာန်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်ကြီးများခင်ဗျား။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြဋ္ဌာန်း ထားတဲ့ ၄၄(က) ပါပြဋ္ဌာန်းချက်ကို ပိုမိုရှင်းလင်းသွားအောင် တစ်ခေါက်ထပ်ပြီးတင်ပြလိုပါတယ်။ အဲဒီတော့  ၄၄(က) မှာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပြီးသတ်အတည်ဖြစ်စေရမယ်လို့ ပြဋ္ဌာန်းထား တဲ့အဖွဲ့အစည်းတစ်ရပ်ရပ်ရဲ့ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များအပေါ်မှာ တင်သွင်းလာလျင် လက်ခံခြင်းမပြုရလို့ ပြဋ္ဌာန်းပါတယ်။ ကျွန်တော်တို့အားလုံးသော အမှုတွေအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တင်သွင်းတဲ့ စာချွန်တော်အမိန့်ကို ပိတ်ပင်ခြင်းမဟုတ်ပါဘူး။ အဲဒီတော့ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းသုံးရပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မှာတော့ တင်သွင်းလာရင် လက်ခံခြင်းမပြုရလို့ တားမြစ်ထားခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်။ ဆက်လက်ပြီးတော့ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ အပိုဒ် ၄၄ (ခ) နှင့် ပတ်သက်ပြီတော့ ရှင်းလင်းတင်ပြပါမယ်။ ၄၄(ခ) မှာတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီရင်ဆုံးဖြတ်ပြီးဖြစ်တဲ့ စာချွန်တော်အမိန့်ထုတ်ပေးရန် လျှောက်ထားမှုအပေါ် ထပ်မံတင်သွင်းလာလို့ ရှိရင် လက်ခံခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒါလည်း အင်မတန် ရှင်းပါတယ်။ အဲဒီပြဋ္ဌာန်း ချက်က  ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပြီးသွားပါပြီ။ စာချွန်တော်အမိန့်ထုတ်ဆင့် ပေးဖို့ တင်သွင်းတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်ပြီးသွားရင် အဲဒီလို ဆုံးဖြတ်ပြီးသွားတဲ့ အမိန့် အပေါ်မှာ ထပ်မံပြီးတော့ တစ်ခါ စာချွန်တော်အမိန့်လျှောက်ထားလာမယ်ဆိုရင် လက်ခံခြင်းမပြုရလို့ လုပ်ထုံးလုပ်နည်းမှာ ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်ပါတယ်။ အမှုခေါ်စာချွန်တော်အမိန့် ဒါမှမဟုတ် တားမြစ်စေစာချွန်တော်အမိန့် လျှောက်ထားချက်ဟာ အမိန့်တစ်ရပ် သို့မဟုတ် စံညွှန်းချက် တစ်ရပ် အပေါ်မှာလျှောက်ထားခြင်းဖြစ်ပါတယ်။ စာချွန်တော်အမိန့်လျှောက်ထားမှုအပေါ် စီရင်ဆုံးဖြတ်ပြီး ဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အမိန့်ဟာ အတည်ဖြစ်နေပါတယ်။ အဲဒီအမိန့်အတည် ဖြစ်နေပါလျက် စာချွန်တော်အမိန့်ထပ်မံလျှောက်ထားခြင်းကို ခွင်‌့ပြုမည်ဆိုလို့ရှိရင် လျှောက်ထားမှု များဟာ မပြီးနိုင်၊ မစီးနိုင် အကြိမ်ကြိမ်အထပ်ထပ် လျှောက်ထားနေကြမှာဖြစ်ပါတယ်။။ လျှောက်ထားခံ ရသူများအတွက်လည်း ထပ်ခါတစ်လဲလဲ ဖြေရှင်းနေရမယ့် ဒုက္ခမျိုးစုံကို ကြုံတွေ့နိုင်ပါတယ်။ အခြားသောပြစ်မှု၊ တရားမမှုများမှာလည်း အဲဒီလို အကြိမ်ကြိမ်အထပ်ထပ် တရားစွဲဆိုလျှောက်ထား ခြင်းကို ခွင်‌့ပြုသည့်သာဓက တစ်ခါမှမရှိဘူးပါဘူး။ သို့ဖြစ်ပါ၍ စာချွန်တော်အမိန့်လျှောက်ထားရာမှာ အကြိမ်ကြိမ်အထပ်ထပ် လျှောက်ထားခြင်းကို ခွင့်ပြုရန်အကြောင်းမရှိတဲ့အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က စီရင်ဆုံးဖြတ်ပြီးဖြစ်တဲ့ စာချွန်တော်အမိန့်လျှောက်ထားွခင်းအပေါ်မှာ ထပ်မံ လျှောက်ထားခြင်းကို ကန့်သတ်ပြဋ္ဌာန်းရခြင်းဖြစ်ပါတယ်။ စာချွန်တော်အမိန့်လျှောက်ထားမှုခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄၄ အပိုဒ်ခွဲ (ခ) ပါပြဋ္ဌာန်းချက်များဟာလည်း ပယ်ဖျက်ဖို့ မသင့်တဲ့ ပြဋ္ဌာန်းချက်များဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။  စာချွန်တော်အမိန့်လျှောက်ထားမှုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄၄ အပိုဒ်ခွဲ (ဂ) နဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ ရှင်းလင်းတင်ပြပါမယ်။ ၄၄ (ဂ) မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီရင်ဆုံးဖြတ်ပြီးတဲ့ အမှုများအပေါ်မှာ တင်သွင်းသည့် လျှောက်ထားတဲ့ အမှုခေါ်စာချွန်တော်အမိန့် သို့မဟုတ် တားမြစ်စေစာချွန်တော်အမိန့် လျှောက်ထား ခြင်းကို လက်ခံခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါလည်း ၄၄(ခ) နဲ့ သိပ်မကွာပါဘူး။ ၄၄(ဂ) ကတော့ ပြောချင်တာကတော့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့အမှုတွေ ဆုံးဖြတ်ပြီးသား အမှုတွေ တခြားအမှုတွေ အပေါ်မှာ ထပ်ပြီးတော့ စာချွန်တော်အမိန့်နဲလျှောက်လာရင် လက်မခံရလို့ ကျွန်တော်တို့ တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၅ ပုဒ်မခွဲ (ခ) မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် အားလျော်စွာ နောက်ဆုံး အပြီးပြတ် အယူခံဝင်ရာ တရားရုံးဖြစ်သည်ဟု၍လည်းကောင်း၊ အပိုဒ်(ဂ)မှာ  ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ စီရင်ချက်များဟာ အမှုအားလုံးမှာ အပြီးအပြတ်ဖြစ်၍ အယူခံခွင့် မရှိစေရဟုလည်းကောင်း ပြဋ္ဌာန်းထားပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်တဲ့ အမိန့်စီရင်ချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၅ (ဂ) အရ  အပြီးအပြတ်အမိန့်များဖြစ် ပါတယ်။ အဲဒီလို အပြီးအပြတ်အမိန့်များအပေါ်မှာ စာချွန်တော်အမိန့်လျှောက်ထားခြင်းကို ကန့်သတ်ရန်လိုအပ်တဲ့အတွက် ပုဒ်မ ၄၄ (ဂ) ကို ပြဋ္ဌာန်းရခြင်း ဖြစ်ပါတယ်။ ယခင် အပြီးအပြတ် ဆုံးဖြတ်ပြီးခဲ့တဲ့အမှုတွေအပေါ်မှာ အခုလိုသာ ထပ်ပြီးတော့ စာချွန်တော်အမိန့်နှင့် လျှောက်ခွင့်ပြုမယ် ဆိုရင် ဟိုးပဝေသဏီက ချမှတ်ခဲ့တဲ့အမိန့်ပေါင်းစုံအပေါ်မှာ ထပ်ပြီးတော့ ဖွင့်ပေးရမလိုဖြစ်ပြီးတော့ ပြဿနာပေါင်းစုံကြုံတွေ့လာဖို့လည်း ရှိပါတယ်။ ဒါအပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ခဲ့တဲ့ စာချွန်တော်အမိန့်ဆိုတဲ့သဘော တရားကို ကျွန်တော် နည်းနည်းရှင်းလင်းတင်ပြလို ပါတယ်။ တရားလွှတ်တော်ချုပ်က အာဏာရရှိတဲ့ စာချွန်တော်အမိန့်ဆိုတာ လက်အောက်တရားရုံး များကို ကြီးကြပ်ကွပ်ကဲရန် တစ်ခါ လက်အောက်တရားရုံးများလိုပဲ တရားစီရင်ရေးနှင့် ဆက်နွယ်တဲ့ စီရင်ပိုင်ခွင့်ကို ကျင့်သုံးတဲ့ တခြားအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်များကို ကြီးကြပ်ကွပ်ကဲဖို့ ထုတ်ပြန်တဲ့အမိန့်ဖြစ်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်တဲ့ ဆုံးဖြတ်ချက်၊ စီရင်ချက်အပေါ်မှာ စာချွန်တော်အမိန့်ထုတ်ဖို့အတွက် အာဏာပေးထားတာ မဟုတ်ပါဘူး။  ဒါကြောင့် အခြေအနေမှာ စာချွန်တော်အမိန့်လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၄ (က)၊(ခ)၊ (ဂ) တို့အားပယ်ဖျက်ရန် လိုမည်မဟုတ်ကြောင်း တင်ပြလိုပါတယ်။

ထပ်ပြီး ကျွန်တော် အနည်းငယ် ရှင်းလင်းချင်တာက တရားလွှတ်တော်ချုပ်က ချမှတ်တဲ့ အမိန့် အပေါ်မှာ ထပ်မံပြီးတော့ တစ်စုံတစ်ရာ တပ်ချင်တယ်ဆိုရင် အထူးအယူခံဝင်ခွင့်ဆိုပြီးတော့ လုပ်ထုံး လုပ်နည်းတစ်ခု ပြဋ္ဌာန်းထား တာရှိပါတယ်။ တစ်ဦးထိုင်တရားသူကြီးက ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးက ချမှတ်တဲ့အမိန့်ကို မကျေနပ်လျှင် နှစ်ဦးထိုင်တရားသူကြီးဆီမှာ အထူး အယူခံဝင်ခွင့်လျှောက်ထားပြီးတော့ သုံးဦးထိုင်တရားသူကြီးဆီမှာ အထူးယူခံကြားနာခွင့်လည်း ရှိကြောင်း သီးခြားပြဋ္ဌာန်းချက်ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် စာချွန်တော်အမိန့်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ချမှတ်တဲ့အမိန့်များအပေါ်မှာ လျှောက်ထားရန်လိုအပ်မည်မဟုတ်ပါကြောင်း သို့ဖြစ်၍ ၄၄(က)၊ (ခ)၊ (ဂ) တို့ကိုလည်း ပယ်ဖျက်ရန်လိုမည်မဟုတ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါ တယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၇ မှာတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဟာ မိမိသဘောအရဖြစ်စေ၊ လျှောက်ထား သူအား ကြားနာ၍ဖြစ်စေ လျှောက်ထားခံရသူ သို့မဟုတ် လျှောက်ထားခံရသူများထံ အကြောင်းပြရန် ကနဦးဆုံးဖြတ်ချက်ချမှတ်ပေးနိုင်ကြောင်း သို့မဟုတ် ငြင်းပယ်နိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းအစား ထိုစကားရပ်တွေကို ပယ်ဖျက်ပြီးတော့ စာချွန်တော်အမိန့် လျှောက်ထားမှုများကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီး နှစ်ဦး သို့မဟုတ် သုံးဦးပါဝင်သော ကြီးကြပ်ကွပ်ကဲမှုအာဏာရှိတဲ့ ခုံအဖွဲ့ဖြင့်သာ လက်ခံ၍ ပြန်လည်စိစစ်ကြားနာရန်နှင့် မည်သည်‌့နည်းနှင့်မဆို စာချွန်တော်လျှောက် ထားမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး တစ်ဦးတည်းက ကြားနာခြင်းမပြုရန် တားမြစ်တယ်ဆိုတဲ့စာသားကို အစားထိုးပေးဖို့ အဆိုပြုထားတာတွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ စာချွန်တော်အမိန့်လျှောက်ထားမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရမယ်ဆိုရင် ၁၉၄၈ ခုနှစ် နှင့် ၁၉၅၃ ခုနှစ်တို့မှာ တရားလွှတ်တော်ချုပ်က ပြဋ္ဌာန်းခဲ့တဲ့ တရားလွှတ်တော်ချုပ် နည်းဥပဒေပါ စာချွန်တော်အမိန့် လျှောက်ထားမ ှုများမှာလည်း ကနဦးဆောင်ရွက်ရန်ကိစ္စများကို ရုံးခန်းတာဝန်ကျ တရားသူကြီးတစ်ဦးက ဆောင်ရွက်ဖို့အတွက် ပြဋ္ဌာန်းခဲ့တာရှိပါတယ်။ ဒီနေရာမှ နားလည်အောင် ရှင်းလင်းတင်ပြရရင် စာချွန်တော် လျှောက်ထားမှုများမှာ နှစ်ပိုင်းရှိပါတယ်။ ပထမပိုင်းက လျှောက်ထားလာတဲ့ လျှောက်လွှာကို ကနဦးစိစစ်ခြင်းအပိုင်းနဲ့ ဒုတိယအပိုင်းက ကနဦးစိစစ်ပြီးတော့ ခွင့်ပြုတဲ့အမိန့်အပေါ်မှာ အဓိကကြားနာတဲ့အပိုင်းတဲ့အပိုင်း ဒီလိုဖြစ်ပါတယ်။ အဲဒီတော့ ဒီမှာ ကျွန်တော်တို့တင်ပြနေတဲ့ အချက်မှာ ကနဦးစစ်ဆေးတဲ့အပိုင်းမှာကတော့ တရားသူကြီးတစ်ဦးကပဲ ကနဦးစိစစ်ပြီးတော့ အပြီးသတ်ကြားနာတဲ့အပိုင်းမှာ တရားသူကြီးချုပ်ပါတဲ့ သုံးဦးပါ တရားသူကြီး များအဖွဲ့ကနေပြီးတော့ အပြီးအပြတ်စစ်ဆေးစိရင်ကြားနာလျက်ရှိပါတယ်။ အဲဒီ ပြဋ္ဌာန်းချက်ကလည်း ယခင် တရားလွှတ်တော်ချုပ်က ရေးဆွဲပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းများအတိုင်းပဲ ဆောင်ရွက် ထားခြင်းဖြစ်ပါတယ်။ အဲဒီတော့ ကနဦးစိစစ်တဲ့ကိစ္စဟာ စာချွန်တော်လျှောက်ထားမှုများကို ခွင့်ပြုရန် သင့်၊မသင့် ကနဦးစိစစ်တဲ့ကိစ္စပဲဖြစ်ပါတယ်။ ကနဦးစိစစ်တဲ့ကိစ္စဟာ ရိုးရှင်းလွယ်ကူပြီးတော့ ခက်ခဲ နက်နဲတဲ့ကိစ္စမဟုတ်တဲ့အတွက် ယခင်တရားလွှတ်တော်ချုပ်ကလည်း တရားလွှတ်တော်ချုပ် တရား သူကြီးတစ်ဦးတည်းနဲ့ပဲ ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာရှိပါတယ်။ ဒီအစဉ်အလာအတိုင်းပဲ လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဟာ တရားလွှတ်တော်ချုပ်ကို တင်သွင်းလာတဲ့ အယူခံမှု ပြင်ဆင်မှုများမှာ ခက်ခဲနက်နဲတဲ့ ပြဿနာများကို စီရင်ဆုံးဖြတ်နေတဲ့ စီရင်ဆုံးဖြတ်တဲ့ အတွေ့အကြုံ ရင်ကျက်တဲ့ တရားသူကြီး ဖြစ်တဲ့ အတွက် စာချွန်တော်အမိန့် ကနဦးစိစစ်တဲ့ကိစ္စကိုလည်း စိရင်နိုင်တဲ့ အရည်အချင်းရှိသူဖြစ်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၆ အရ ထုတ်ပြန်တဲ့ နည်းဥပဒေမှာလည်း ကနဦးစိစစ်တဲ့ ကိစ္စကို တရားသူကြီးတစ်ဦးတည်းက ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်းထားတာကို တွေ့ရှိရပါတယ်။ ကနဦးစိစစ်ပြီးတော့  အပြီးသတ် ကြားနာသည့်အခါမှာတော့ ပြည်ထောင်စုတရားသူကြီးချုပ်ကိုယ်တိုင် သဘာပတိ အဖြစ် ဆောင်ရွက် ပြီးတော့ ပြည်ထောင်စုတရားသူကြီး တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ပါဝင်သော ခုံရုံးက ကြားနာစီရင်ပြီး နိုင်ငံသားတို့၏ အခွင်‌့အရေးကို အပြည့်အဝအကာအကွယ်ပေးလျက်ရှိပါတယ်။ လက်တွေ့အားဖြင့်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးနှင့် ကျန်တရားသူကြီး နှစ်ဦး အားလုံး သုံးဦးပါတဲ့ ခုံရုံးက စစ်ဆေးစီရင်လျက်ရှိပါကြောင်းတင်ပြပါတယ်။

စာချွန်တော်အမှုများကို တရားသူကြီးတစ်ဦးတည်းက မကြားနာရဘူးဆိုတဲ့ ပြဋ္ဌာန်းချက် ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါရှိတဲ့အတွက် စာချွန်တော်မိန့်လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၇ ဟာ အရင်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ နိုင်ငံတကာပြဋ္ဌာန်းချက်များနှင့် လည်း ညီညွတ်ပါတဲ့အတွက်လည်း ဒီအဆိုပါ အပိုဒ် ၄၇ ကိုလည်း ပြင်ဆင်ရန်လိုအပ်မှာမဟုတ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ စာချွန်တော်မိန့်လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၆၁ မှာတော့ လျှောက်ထားမှုပြုလုပ်သည်‌့ အမိန့်စာ သို့မဟုတ် ပြုမူချက်ကို ပြုလုပ်သည့်နေ့မှ သုံးလ အတွင်း စာချွန်တော်လျှောက်ထား တောင်းဆိုခြင်းမပြုလျှင် မည်သည့်အမှုခေါ်စာချွန်တော်ကို ထုတ်ပေးခြင်းမပြုရဆိုပြီးတော့ လုပ်ထုံးလုပ်နည်းမှာ ရေးဆွဲထားတာရှိပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ ဒီလိုမကျေနပ်တဲ့အမိန့်အပေါ်မှာ စာချွန်တော် လျှောက်ထားမှု တောင်းခံမယ်ဆိုရင် အဲဒီ အမိန့်ချမှတ်တဲ့နေ့က စပြီး သုံးလအတွင်းကို လျှောက်ထားရမယ်။ သုံးလကျော်ျမှလျှောက်ထား ရင်တော့ ခွင့်မပြုရလို့ ဒီလိုပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ အဲဒီအပိုဒ်ကို ပယ်ဖျက်ပေးဖို့ ကျွန်တော်တို့ အဆိုတင်ပြခြင်း ဖြစ်ပါတယ်။ အဲဒါအရင် အပိုဒ် ၆၁ မှာ သတ်မှတ်ထားတဲ့ စည်းကမ်းသတ်ကာလ သုံးလဆိုတာဟာ အမှုခေါ်စာချွန်တော်အမိန့်နှင့် တားမြစ်စေစာချွန်တော်အမိန့် နှစ်မျိုးနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျန်တဲ့စာချွန်တော် အမိန့်အမှုနှင့် လျှောက်ထားမှုများနှင့် သက်ဆိုင်ခြင်းမရှိကြောင်းလည်း ရှေးဦးစွာရှင်းလင်းလိုပါတယ်။ အမှုခေါ်စာချွန်တော်အမိန့်များနှင့် တားမြစ်စေ စာချွန်တော်အမိန့် များကို အဲဒီအမိန့်များချမှတ်တဲ့ သို့မဟုတ် ပြုလုပ်သည့်နေ့မှ သုံးလအတွင်း လျှောက်ထားရန် စည်းကမ်းသတ်ကာလ သတ်မှတ်ထားရတာကလည်း ၁၉၄၈ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တို့မှာ ယခင် တရားလွှတ်တော်ချုပ်က ပြဋ္ဌာန်းခဲ့သည့် စာချွန်တော်အမိန့်များ လျှောက်ထားခြင်းဆိုင်ရာ နည်းဥပဒေ များမှာ ပြဋ္ဌာန်းထားသည့်အတိုင်းပဲ ထည့်သွင်းပြဋ္ဌာန်းခြင်း ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဆိုရင်လည်း အမေရိကန် တရားလွှတ်တော်ချုပ်က ပြဋ္ဌာန်းသည့် စာချွန်တော် အမိန့်လျှောက်ထားခြင်း ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၁၃ မှာ စာချွန်တော်အမိန့်လျှောက်ထားခြင်းကို ရက်ပိုင်း ၉၀ အတွင်း လျှောက်ထားရန်ဖြစ်ကြောင်း၊ ရက်ပိုင်း ၉၀ ကျော်လွန်ပြီးမှ လျှောက်ထားခြင်းများကို ခွင့်မပြုကြောင်း ပြဋ္ဌာန်းချက်ပါရှိတာကို တွေ့ရပါတယ်။ အမှုခေါ် သို့မဟုတ် တားမြစ်စေ စာချွန်တော်အမိန့် လျှောက်ထားခြင်းဟာ လက်အောက်ခံတရားရုံးတစ်ရုံး သို့မဟုတ် တရားစီရင်ရေး သဘောသက်ရောက် တဲ့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ လျှောက်ထားခြင်း ဖြစ်တဲ့အတွက် စည်းကမ်းသက်ကာလကို ထည့်သွင်း သတ်မှတ်ရခြင်းဖြစ်ပါတယ်။ စည်းကမ်းသက်ကာလ သုံးလ သတ်မှတ်ပြဋ္ဌာန်းခြင်းဟာ မိမိသဘောနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထည့်သွင်းပြဋ္ဌာန်းခြင်းမဟုတ်ဘဲနဲ့ အရင်    ၁၉၄၈ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တို့မှာ ယခင် တရားလွှတ်တော်ချုပ်က ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေများ အတိုင်းပဲ ထည့်သွင်းပြဋ္ဌာန်းခြင်းဖြစ်ပါတယ်။ စည်းကမ်းသက်ကာလ ထည့်သွင်းပြဋ္ဌာန်းခြင်းအားဖြင့် လျှောက်ထားသူတို့အား မိမိတို့ရဲ့အခွင်‌့အရေးကို မြန်မြန်ဆန်ဆန် တောင်းခံစေရန် ရည်ရွယ်သကဲ့သို့ နှစ်ရှည်လများကြာမြင့်ပြီးမှ လျှောက်ထားလာပါက အမှန်တရားကိုရှာဖွေရာမှာ အခက်အခဲနှင့် ကြုံတွေ့နိုင်ပြီး တရားမျှတမှုကိုလည်း ထိခိုက်လာနိုင်မှာဖြစ်တဲ့အတွက် စည်းကမ်းသက်ကာလ ထည့်သွင်းပြဋ္ဌာန်း ရခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မိမိရဲ့အခွင်‌့အရေးကို ရထိုက်ခွင့်ရှိကြောင်း တောင်းဆိုမှုတွေအတွက် စည်းကမ်းသက်ကာလကို ကာလစည်းကမ်းသက်ဥပဒေမှာ သတ်မှတ်ပေးပြီးတော့ ကာလစည်းကမ်း သက်ဥပဒေမှာ အကြုံးမဝင်တဲ့ လျှောက်ထားမှုများ အတွက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေမှာလည်း လုပ်ထုံးလုပ်နည်းတို့မှာလည်း ထည့်သွင်းပြဋ္ဌာန်းထားတာတွေကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့  အပိုဒ် ၆၁ ပါ စာသားများကိုလည်း ပယ်ဖျက်ရန်မသင့်ကြောင်း တင်ပြအပ်ပါတယ်။ ဒါနဲ့ပတ်သက် လို့လည်း ရှေးယခင်ကတည်းက နည်းဥပဒေရှိပြီးတော့ စည်းရင်ထုံးတွေလည်းရှိပါတယ်။ စီရင်ထုံး တွေမှာလည်း ၁၉၅၄ ခုနှစ် စီရင်ထုံးမှာဆိုရင်လည်း ကာလစည်းကမ်းသက်ကာလ သုံးလကျော်ပြီးမှ တင်သွင်းတဲ့ စာချွန်တော်လျှောက်ထားမှုတွေကို လက်ခံရန် အကြောင်းမရှိတဲ့အကြောင်း ကာလ စည်းကမ်းသတ်ဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်နှင့် တိုးချဲ့ပေးရန် လျှောက်ထားခြင်းကိုလည်း ခွင့်ပြုရန် မသင့်တဲ့အကြောင်း ထုံးဖွဲ့ချက်တွေလည်း ရှေးယခင်ကတည်းက ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလို ကာလစည်းကမ်းသက် သတ်မှတ်ခြင်းဟာ ဆိုလို့ရှိရင်တော့ အသားကျနေတဲ့ ပြဋ္ဌာန်းချက်တစ်ခုသာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

ဆက်လက်ပြီးတော့ တရားမျှတမှုအလို့ငှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး တစ်ဦးတည်းက အကျဉ်းနည်းပလပ်ခဲ့တဲ့ ဥပဒေနှင့်ညီညွတ်ခြင်းမရှိတဲ့ ယခင်တရားရုံးချုပ်၏ အမိန့်၊ ဆုံးဖြတ်ချက်၊ စီရင်ချက်နှင့် ဒီဂရီအပေါ်မှာစာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားသူကြီးနှစ်ဦး သို့မဟုတ် သုံးဦးပါသော ခုံအဖွဲ့ဖြင့် တရားရုံးတစ်ခုခုကြောင့် နိုင်ငံသားတစ်ဦးတွင် နစ်နာမှုမရှိစေသင့်သောမူအရ တရားမျှတမှုကို ရှေးရှုပြီးတော့ ပြန်လည်စိစစ်ကြားနာရန် ဆိုသည့်အချက်ကိုလည်း ဖြည့်စွက်ပေးဖို့တင်ပြထားတာ ရှိပါတယ်။ ဒီအဆိုနှင့်ပတ်သက်ပြီတော့ ရှင်းလင်းရမယ်ဆိုရင် အထက်မှာ ကျွန်တော်ဖြေဆို ထားတဲ့အတိုင်းပဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ စာချွန်တော်အမိန့်လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းမှာ စာချွန်တော်အမိန့်လျှောက်မှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦးတည်းက ကြားနာခြင်းမပြုရန် တားမြစ်သည်ဟူသော စကားရပ်ကို အစားထိုး ရန်မသင့်ကြောင်း အကျယ်တဝင့် ဖြေဆိုခဲ့ပြီးဖြစ်တဲ့အတွက် ယခုတင်ပြတဲ့အဆိုကလည်း ဒီသဘော အတိုင်းဖြစ်တဲ့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးတည်းက အကျဉ်းနည်း ပလပ်ခဲ့တဲ့ စာချွန်တော်လျှောက်ထားမှုအပေါ်မှာ တရားသူကြီးနှစ်ဦး သို့မဟုတ် သုံးဦးပါဝင်တဲ့ ခုံရုံးနှင့် ပြန်လည်ကြားနာပေးရန်ဟူသောအချက်ကိုလည်း ထည့်သွင်းဖို့ မလိုအပ်ပါကြောင်း တင်ပြပါတယ်။ နောက်တစ်ချက်ကလည်း ပြည်ထောင်စုအဆင့် တရားသူကြီးတစ်ဦးက ဆုံးဖြတ်ချက်အပေါ်မှာ ပြည်ထောင်စုအဆင်‌့က ထပ်ပြီးတော့မှ ဒီအမိန့်ကို ပယ်ဖျက်နိုင်ခြင်းမရှိကြောင်းကိုလည်း ဥပဒေ သဘောတရား ကိုလည်း တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် ခြုံငုံပြီးတော့ ပြန်လည်တင်ပြ ရမယ်ဆိုရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရေးဆွဲထားတဲ့ စာချွန်တော်အမိန့် လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၄၊ ၄၇၊ ၆၁ တို့မှာ ပါတဲ့ ပြဋ္ဌာန်းချက်များဟာ အခြေခံဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြားတည်ဆဲဥပဒေများနှင့် ညီညွတ်ပြီးတော့ အညီအညွတ်ဖြစ်ပြီးတော့ ပြဋ္ဌာန်းရန်လည်း လိုအပ်တဲ့အတွက် လိုအပ်ချက်များလည်း ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းမှ ထည့်သွင်းပြဋ္ဌာန်းရခြင်းဖြစ်ပါတယ်။ အဲဒီ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ပယ်ဖျက် သင့်တဲ့အကြောင်းကိုလည်း တိတိကျကျသေသေချာချာ တင်ပြနိုင်ခြင်းမရှိတဲ့အတွက် ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို အဆိုပြုတဲ့ စာချွန်တော် အမိန့်လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄၄၊ ၄၇၊ ၆၁ ကို ပြင်ဆင်ပယ်ဖျက်ပေးရန် မသင့်ပါကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျား။

Standard (Image)