ကြယ်ပွင့်ပြထားသည့်မေးခွန်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များကဖြေကြားခြင်း
လက်ရှိနိုင်ငံတော်တွင် ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံနှင့် ပုဂ္ဂလိကကိုလွှဲပေးရန် ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံတို့နှင့်စပ်လျဉ်းသည့်မေးခွန်း နှင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ ငွေကြေး ဖောင်းပွမှု မည်မျှရှိသနည်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဥက္ကဋ္ဌ။ ။ ပထမဦးစွာ မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုးအား မေးခွန်းနှစ်ခုကို တစ်ဆက်တည်းမေးမြန်းဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဦးမောင်တိုး(မင်းလှမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတင်ပြချက် အစီရင်ခံစာတွင် ၂၀၁၁-၂၀၁၂ ယာယီစာရင်းများအရ နိုင်ငံပိုင်အခန်းတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘီလီယံ ၃၀၃.၆၀ ရှိပြီး ၂၁.၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက် စီးပွားရေးစနစ်နှင့် နိုင်ငံတော်အား တည်ဆောက်ရာတွင် နိုင်ငံပိုင်အခန်းကို လျော့ချရန် လိုအပ်ပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန် မေးမြန်းအပ်ပါတယ်။
(က) လက်ရှိနိုင်ငံတော်တွင် ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံ မည်မျှရှိပါသနည်း။
(ခ) လောလောဆယ် ပုဂ္ဂလိကကို လွှဲပြောင်းပေးရန် ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံများ ရှိပါသလား။ ရှိလျှင် ဘယ်စက်ရုံတွေ ဖြစ်ပါသလဲ။ ဘယ်လိုပုံစံနှင့်လွှဲပေးမှာ ဖြစ်ပါသလဲ။ ဘယ်လို ဈေးနှုန်းတွေ သတ်မှတ်ပြီး လွှဲပေးမှာ ဖြစ်ပါသလဲဆိုတာကို မေးခွန်း နံပါတ်(၁) အနေနဲ့ မေးမြန်းအပ်ပါ တယ်ခင်ဗျား။ မေးခွန်းနံပါတ် (၂) ကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး တင်ပြချက် အစီရင်ခံစာမှာ ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးစာရင်းမှာ အသားတင်လိုငွေ ကျပ် ၂၁၆၁၁၁၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာမှာ ကြွေးမြီပြဿနာတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကို သိရှိနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန်ဆိုပြီးတော့ ကျွန်တော် မြန်မာနိုင်ငံမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု (Inflation) မည်မျှရှိပါသနည်း ဆိုတာကို မေးမြန်းထားခြင်း ဖြစ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)
ဒေါက်တာ ဒေါ်ခင်စန်းရီ (ဒုတိယဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး)။ ။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မကတော့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးမှ တင်သွင်းသော မေးခွန်းနှင့်စပ်လျဉ်းပြီး ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးမှ ပထမအကြိမ် ပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးမှာ (က) လက်ရှိနိုင်ငံတော်တွင် ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံ မည်မျှရှိပါသလဲ။ (ခ) လောလောဆယ် ပုဂ္ဂလိကကို လွှဲပေးရန်ဆောင်ရွက်နေသော စက်ရုံ၊အလုပ်ရုံများ မည်မျှရှိပါသလဲ။ ရှိလျှင် ဘယ်စက်ရုံတွေပါလဲ။ ဘယ်လိုပုံစံနှင့်လွှဲပေးမှာလဲ ဘယ်ဈေးနှုန်းနှင့် လွှဲပေးမှာလဲဆိုတဲ့ မေးခွန်းတွေနှင့်စပ်လျဉ်းပြီး ဖြေကြားမှာ ဖြစ်ပါတယ်။ ဦးမောင်တိုး၏ ပထမ မေးခွန်းနှင့် ပတ်သက်၍ လက်ရှိနိုင်ငံတော်တွင် ဆောင်ရွက်လည်ပတ်နေသော ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၂၆၆ ရုံ ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ ဒုတိယမေးခွန်းပါ ပုဂ္ဂလိကကို လွှဲပေးရန် ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံများ ရှိပါသလား။ ရှိလျှင် ဘယ်စက်ရုံတွေပါလဲဆိုတဲ့ မေးခွန်းနှင့် ပတ်သက်ပြီး ယခုအစိုးရလက်ထက်မှာ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများနှင့်စက်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်းမရှိသေးဘဲ ယခင်အစိုးရက ရောင်းချခဲ့သော လုပ်ငန်းများအတွက် မပြီးပြတ် သေးသည့် တန်ဖိုးငွေအကြေပေးသွင်းရေးနှင့် စက်ရုံလွှဲပြောင်းပေးရေးကိစ္စများ ဆောင်ရွက်လျက်ရှိပါတယ်။ လောလောဆယ်မှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ ရောင်းချရန် စက်ရုံပေါင်း ၁၇ ရုံ ရှိပါတယ်။ ၎င်းစက်ရုံမှာ- လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စက်ရုံ တစ်ရုံ (၁) အမှတ်(၂) ပျဉ်းမနားသကြားစက်ရုံ၊ သနပ်ပင်ဆိပ်ကျေးရွာ၊ ပျဉ်းမနားမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ စက်ရုံ ၃ ရုံ (၁) ကျောက်ဖြူအအေးခန်းနှင့် ရေခဲစက်ရုံ၊ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်။(၂) ဒိုက်ဦး ဝက်သားကုန်ချောစက်ရုံ၊ ကျိုက်စကောကျေးရွာ၊ ဒိုက်ဦးမြို့နယ်၊ ပဲခူးတိုင်းဒေသ ကြီးနှင့် (၃) ညောင်ရွှေရေခဲစက်ရုံ၊ ညောင်ရွှေမြို့၊ ရှမ်းပြည်နယ်။ စက်မှုဝန်ကြီးဌာနမှ စက်ရုံ ၆ ရုံ (၁) ကြွေထည်ပစ္စည်းစက်ရုံ(မော်လမြိုင်) ကျောက်တန်းလမ်း၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်၊ (၂)စစ်ကိုင်းအမှတ်(၁) ဂျုံနှင့်ဂျုံထွက်စားကုန်ပစ္စည်းစက်ရုံ၊ မန္တလေး-မုံရွာကားလမ်းဘေး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်း တိုင်းဒေသကြီး၊ (၃) မော်လမြိုင်အမှတ်(၄) အရက်ချက် စက်ရုံ၊ နတ်ကျွန်းရပ်၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်၊ (၄) ကော့သောင်းဆီအုန်းစက်ရုံနှင့် ဆီအုန်းခြံ(မြေမပါ) (ဆီအုန်းပင်၊ အဆောက်အဦ၊ စက် ပစ္စည်းများသာ) ခမောက်ကြီးမြို့၊ ကော့သောင်းခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး၊ (၅)ဆေးဆိုးပန်းရိုက်စက်ရုံ (မကွေး)၊ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ (၆) အမှတ်(၂) စက်နှင့်စက်ကိရိယာ ပစ္စည်းထုတ်လုပ်မှု စက်ရုံ(ရန်ကုန်)၊ အလုပ်ရုံ(၃)၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သစ်စက် ၆ စက် (၁)အမှတ်(၁၆) သစ်စက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်၊ (၂)အမှတ်(၁၇) သစ်စက်၊ ကော့ကရိတ်မြို့၊ ကရင်ပြည်နယ်၊ (၃) အမှတ်(၅)သစ်စက်၊ မုပွန်ရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်၊ (၄) အမှတ်(၁၁၄) သစ်စက်၊ စက်ရုံမြေနေရာ၊ သီရိမြိုင်ရပ်ကွက်၊ ကော့သောင်း မြို့နှင့် အမှတ်(၁၁၄) သစ်စက်၊ စက်ရုံမြေနေရာ၊ အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ (၅) အမှတ်(၁၁၅) သစ်စက်၊ ငပုတော မြို့နယ်(ကမ်းနီ)၊ ဧရာဝတီတိုင်းဒေသကြီး၊ (၆) အမှတ်(၁၂၆) သစ်စက် (မြေမပါ) (အဆောက်အဦးနှင့် ပစ္စည်းများသာ) ကျောက်ခဲ ချောင်း ကျေးရွာ၊ သီတာကုန်းပြင်ကျေးရွာအုပ်စု၊ ရေကြည်မြို့နယ်၊ ပုသိမ်ခရိုင်၊ ဧရာဝတီတိုင်းဒေသကြီး ။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စက်ရုံ(၁)ရုံ ။ (၁) အမှတ်(၂၀) ဖွဲနုဆီစက်၊ မိုးကြိုးကုန်းရွာ၊ ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး တို့ ဖြစ်ပါတယ်။ ဆက်လက်၍ ဘယ်လိုပုံစံနှင့်လွှဲပေးမှာလဲ၊ ဘယ်ဈေးနှုန်းနှင့်လွှဲပေးမှာလဲဆိုတဲ့ မေးမြန်းချက် နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ စွမ်းရည်ပြည့် မဆောင်ရွက် နိုင်သော နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ယင်းစက်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရာမှာ လွှဲပြောင်းရေး ဆိုင်ရာ နည်းလမ်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်း များနှင့်အညီ သတ်မှတ်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ ပုဂ္ဂလိကသို့ လွှဲပြောင်းဆောင်ရွက်သင့်သည့် နယ်ပယ်နည်းလမ်းများကိုလည်း စိစစ်သုံးသပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများကို တင်ပြညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။ ပုဂ္ဂလိကပိုင်ပြုလုပ်သည့် နည်းလမ်းအချို့မှာ ရှယ်ယာခေါ်ယူခြင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံသားများ အချင်းချင်း ပူးပေါင်းရင်းနှီးမြှုပ်နှံစေခြင်း၊ အစိုးရမှ ပုဂ္ဂလိက လုပ်ငန်း များသို့ ရောင်းချပိုင်ခွင့်၊ မူပိုင်ခွင့်များ ထုတ်ပေးခြင်း၊ ဖက်စပ်လုပ်ကိုင်ခြင်း၊ ထုခွဲရောင်းချခြင်း၊ မြို့ပြ စီမံကိန်းများနှင့် မသင့်လျော်သည့် မြို့တွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအား အခြားသင့်တော်မည့် လုပ်ငန်းနေရာများသို့ ပြောင်းလဲဆောင်ရွက်စေခြင်း၊ နိုင်ငံတော် အစိုးရက မဖြစ်မနေ ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်းမပြုဘဲ စီးပွားရေးတွက်ခြေကိုက်မှုရှိစေရန် နည်းလမ်းများရှာဖွေ သုံးသပ်ဆောင်ရွက် စေခြင်းတို့ ဖြစ် ပါတယ်။
ရောင်းချလွှဲပြောင်းရန် ကျန်ရှိနေသော စက်ရုံများအား အိတ်ဖွင့်တင်ဒါ (Open Tender) စနစ်ဖြင့် လွှဲပြောင်းရောင်းချသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများသည် မူလလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရမှာဖြစ်ပြီး တခြားလုပ်ငန်းအမျိုးအစားသို့ ပြောင်းလဲ လုပ်ကိုင်ခွင့် မပြုပါဘူး။ အကယ်၍ အခြားလုပ်ငန်းအမျိုးအစားသို့ ပြောင်းလဲလုပ်ကိုင်လိုကြောင်း တင်ပြလျှောက်ထား လာခြင်းရှိပါက စိစစ်သုံးသပ်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ဦးမောင်တိုးရဲ့ ပထမမေးခွန်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်းဖြေကြားအပ်ပါတယ်ရှင်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး၊ မင်းလှမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးမှ တင်သွင်းသည့် ဒုတိယမေးခွန်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု (Inflation) မည်မျှ ရှိပါသနည်း မေးခွန်းနှင့်စပ်လျဉ်းပြီး ဖြေကြားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ် အခြေအနေအရ ငွေကြေးဖောင်းပွမှုနှုန်း (Inflation) မှာ ၂.၈၂ ဖြစ်ပါတယ်။ ယခင်နှစ် ၂၀၁၀-၂၀၁၁ ခုနှစ် ငွေကြေးဖောင်းပွမှု နှုန်းမှာ ၈.၂၂ ရှိပါသဖြင့် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာ ပါတယ်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို စားသုံးသူ ဈေးနှုန်းပေါ်အခြေခံတွက်ချက်ပြီး ၂၀၀၆ ခုနှစ်ကို အခြေခံနှစ်အဖြစ်ထားပြီး တွက်ထားတာဖြစ်ပါ တယ်။ စားသုံးသူ ဈေးနှုန်းတွက်ဖို့ အတွက် ဗဟိုစာရင်းအင်းအဖွဲ့ဟာ နမူနာမြို့နယ်ပေါင်း (၈၀)မှ အိမ်ထောင်စု ပေါင်း ၃၂၀၀၀ ကို ကျဘမ်းရွေးချယ်၍ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှု နမူနာစစ်တမ်းကို ကောက်ယူခဲ့ပါတယ်။ ယင်းစစ်တမ်းမှ စားသုံးသူဈေးနှုန်း တွက်ချက်ရန် အိမ်ထောင်စုအများ သုံးစွဲသော စားသောက်ကုန်ပစ္စည်းပေါင်း ၈၃ မျိုး။ အစားအစာမဟုတ်သော အခြားကုန်ပစ္စည်းပေါင်း ၇၅ မျိုး၊ စုစုပေါင်း ၁၅၈ မျိုးကို ရွေးချယ်စိစစ်တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁-၂၀၁၂ ခုနှစ်တွင် စားသုံးသူဈေးနှုန်းတွက်ချက်ရာတွင် ပါဝင်တဲ့အဝတ်အထည်များ၊ ရွှေထည် ပစ္စည်း ဈေးနှုန်းများ၊ အိမ်လခဈေးနှုန်းများ၊ ဝါး၊ သစ်မာ၊ အိမ်ရိုက်သံနှင့် အုတ်ဈေးနှုန်းများ၊ ထင်း၊ မီးသွေး ဈေးနှုန်းများ၊ ဓာတ်ဆီဈေးနှုန်းများ၊ အစိုးရလျှပ်စစ်မီတာခများ၊ ရထားခဈေးနှုန်းများနှင့် လေယာဉ်ခဈေးနှုန်းများ ယခင်နှစ်ကထက် မြင့်တက်လာသော်လည်း၊ အဓိက စားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အသားငါး၊ အသီး အရွက်အချို့တို့၏ ဈေးနှုန်းများ၊ မြေပဲဆီ၊ နှမ်းဆီဈေးနှုန်းများ၊ ပြည်ပမှ စားအုန်းဆီ ဈေးနှုန်းများ၊ အာလူး၊ ပဲအမျိုးမျိုး၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီစသည့် စားသုံးသီးနှံဈေးနှုန်းများမှာ ယခင်နှစ် အလားတူကာလထက် ကျဆင်းလာခဲ့၍ ယခုကဲ့သို့ Inflation ကျဆင်းလာကြောင်း တင်ပြအပ်ပါတယ်ရှင်။ ငွေကြေးဖောင်းပွမှုနှုန်းမှာ ပုံသေတက်နေခြင်း သို့မဟုတ် ကျဆင်းနေခြင်းမျိုးမဟုတ်ဘဲ၊ အတက်အကျ အပြောင်းအလဲ သဘောမျိုး ရှိပါတယ်။ ယခုနှစ် လစဉ် စားသုံးသူဈေးနှုန်းများသည် ယမန်နှစ်လစဉ်စားသုံးသူ ဈေးနှုန်းများထက် ကြာရှည်စွာမြင့်တက် နေခဲ့လျှင် ငွေကြေးဖောင်းပွမှုနှုန်းမှာ အတက်ဖက်သို့ ဦးတည်နေပြီး ဆန့်ကျင်ဘက်အနေဖြင့် ယခုနှစ်၏ လစဉ်စားသုံးသူဈေးနှုန်းများသည် ယမန်နှစ် လစဉ်စားသုံးသူဈေးနှုန်းများ ထက် ကြာရှည်စွာမြင့်တက်မှုမရှိဘဲ ကျဆင်းခဲ့လျှင် ငွေကြေးဖောင်းပွမှု နှုန်းမှာလည်း ကျဆင်းလာနိုင်မည် ဖြစ်ပါတယ်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာမှုဟာ စားသုံးသူ ဈေးဆနှုန်းအပေါ် အကျိုးသက်ရောက်မှု မြင့်မားပြီး၊ ငွေကြေးဖောင်းပွမှု အတက်အကျကို ဖြစ်ပေါ်စေသည့် အဓိက အကြောင်းအချက် ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုသည် အခြားအချက် အလက်များကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ်နေလျှင် စားသုံးသူ ဈေးနှုန်းအပြောင်းအလဲနည်းပါးနိုင်ပြီး ငွေကြေး ဖောင်းပွမှုနှုန်း လျော့နည်းလာနိုင်ပါကြောင်း ဖြေကြားအပ်ပါတယ်ရှင်။ တစ်ဆက်တည်းမှာပဲ စားသုံးသူဈေးနှုန်း အား လစဉ်တွက်ချက်၍ ဗဟိုစာရင်းအင်းအဖွဲ့၏ Website www.csostat.gov.mm နှင့် ဝန်ကြီးဌာန Website https://www.mnped.gov.mm များတွင် ထည့်သွင်းတင်ပြလျက်ရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ကိုလည်း ထည့်သွင်းဖော်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ dg-cso@mptmail.com.mm သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း တင်ပြအပ်ပါတယ်ရှင်။
စာပေးစာယူဆောင်ရွက်ရာတွင် လုံခြုံရေးအရ X-Rays စက်ဖြင့် စမ်းသပ်ခြင်း၊ ဖွင့်ဖောက်စစ်ဆေးခြင်း၊ အခြားနည်းဖြင့်စမ်းသပ်ခြင်း ရှိ၊ မရှိနှင့် စစ်ဆေးမှုများ ဆောင်ရွက်ပြီး လုံခြုံရေးအဆင့် စိတ်ချရသော်လည်း မပို့ဘဲထားရှိသည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များ ရှိ၊မရှိနှင့် တယ်လီဖုန်းနှင့် အခြားဆက်သွယ်ရေး ကိရိယာများဖြင့် ပေးပို့ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးမှအပ အခြားသော ကိစ္စများအား သိရှိရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီနေ့ လွှတ်တော်အခမ်းအနားမှာ တက်ရောက်လာကြတဲ့ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာ ပထမ ဆုတောင်းမေတ္တာပို့သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၇ တွင် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်ဟု ပြဋ္ဌာန်းပါရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၇ တွင်ပါရှိသည့် စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ကျွန်တော့်အနေဖြင့် မေမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်တွင်း ဆောင်ရွက်လျက်ရှိသည့် စာပေးစာယူလုပ်ငန်းတွင် အချို့သော ပြည်သူများမှာ မိမိတို့ပေးပို့သော အရေးကြီး သည့်စာများအား သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ရာတွင် စာရောက်ရှိမှုမရှိဘဲ ပျောက်ဆုံးမှုများရှိ နေကြောင်း ကြားသိနေရပါတယ်။ တယ်လီဖုန်းဆက်သွယ်ရာတွင် လည်းပဲ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ ကိစ္စများ အပါအဝင် ရုံးလုပ်ငန်းဆိုင်ရာကိစ္စများကို အချိန်အရ မဖြစ်မနေ တယ်လီဖုန်းဖြင့်ပြောဆို ဆက်သွယ်ရာ၌ အသံဖမ်းခြင်း အခြားသောနည်းဖြင့် ရယူခြင်းများ ဆောင်ရွက်၍ မသိအပ်သော၊ မသိသင့်သော ကိစ္စရပ်များအား ရယူလျက်ရှိကြောင်းလည်း ကြားသိနေရပါတယ်။ သို့ဖြစ်ပါ၍ စာပေးစာယူ ဆောင်ရွက်ရာ၌ လုံခြုံရေးအရ x-Raysစက်ဖြင့် စမ်းသပ်ခြင်း ရှိ၊ မရှိ။ ဖွင့်ဖောက် စစ်ဆေးခြင်း၊ အခြား နည်းဖြင့် စမ်းသပ်ခြင်း ရှိ၊ မရှိ။ ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်ပြီး လုံခြုံရေးအဆင့် စိတ်ချသော်လည်း စာများကို မပို့ဘဲထားရှိသည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များ ရှိ၊ မရှိ သိရှိလိုပါ ကြောင်းနှင့် တယ်လီဖုန်းနှင့် အခြားဆက်သွယ်ရေး ကိရိယာများဖြင့် ဆက်သွယ်ပေးပို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးမှအပ အခြားသောကိစ္စများအား သိရှိရန် ဆောင်ရွက်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း ဥက္ကဋ္ဌ ကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းတင်ပြအပ်ပါ တယ် ခင်ဗျား။
ဦးသိန်းထွန်း(ပြည်ထောင်စုဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)။ ။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ လေးစားစွာ ဆန္ဒပြုအပ်ပါတယ်။ ကျွန်တော်က ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း ဖြစ်ပါတယ်။ ယခု ကျွန်တော် အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးရဲ့ မေးခွန်းများကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပထမဆုံး မေးခွန်းဖြစ်တဲ့ စာပေးစာယူဆောင်ရွက်ရာမှာ လုံခြုံရေးအရ x-Rays စက်ဖြင့် စမ်းသပ်ခြင်း၊ ဖွင့်ဖောက် စစ်ဆေးခြင်း၊ အခြားနည်းဖြင့် စမ်းသပ်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး ဖြေကြားရမယ်ဆိုရင် နေပြည်တော် ဗဟိုစာတိုက်ကြီးနှင့် ရန်ကုန်စာတိုက်ကြီးတို့မှာ ချောစာ/ ချောပစ္စည်းထည့်ထားတဲ့ ချောအိတ်များအလိုက်ကို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများ ဥပမာ-ပါဆယ်ဗုံး ကဲ့သို့ ဖြစ်စဉ်များလည်း ရှိခဲ့ဖူးပါတယ်။ ဒါတွေ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့အတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းသို့ ချောအိတ်တွေအလိုက် လွှဲပြောင်း ပေးပြီးတော့ လုံခြုံရေးအဖွဲ့အစည်းက လုံခြုံစိတ်ချရတယ်ဆိုပြီးတော့ ပြန်လည်လွှဲအပ်တဲ့ ချောအိတ်/ချောစာ တွေကို ဆိုင်းငံ့ခြင်းမရှိဘဲနဲ့ စာတိုက်ရဲ့လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာလိပ်စာရှင် လက်ဝယ်ရောက်တဲ့ အထိ ဆက်လက် ပေးပို့ပေးဝေ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စာတိုက်ပို့တိုက်လုပ်ငန်းအနေဖြင့် ပြန်လည်ရရှိတဲ့ ချောစာ/ချောအိတ်ကို မပို့ဘဲထားတဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များမရှိကြောင်း ဖြေကြားအပ်ပါတယ်။ဆက်လက်ပြီးတော့ ဦးသိန်းထွန်းဦးရဲ့လူပုဂ္ဂိုလ်များ၊ တယ်လီဖုန်းနှင့် အခြားဆက်သွယ်ရေးကိရိယာများဖြင့် ပေးပို့ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးမှအပ အခြားသော ကိစ္စများအား သိရှိရန် ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက်ပြီး တော့ ဖြေကြားရမယ်ဆိုလို့ရှိရင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာ ပြည်သူတွေ ဆက်သွယ်မှုလွယ်ကူချောမွေ့ဖို့အတွက် စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်မှုနည်းလမ်းပေါင်းစုံနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းသာ ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စများနှင့် ပတ်သက်ပြီးတော့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် စိစစ်တည်းဖြတ် ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းမဟုတ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ထပ်မံ၍ဝန်ကြီးချုပ်တစ်ဦးနှင့် ဝန်ကြီးများတိုးချဲ့ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
ဒေါက်တာစိုင်းကျော်အုန်း(နမ့်ခမ်းမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ထပ်မံ၍ဝန်ကြီးချုပ်တစ်ဦးနှင့် ဝန်ကြီးများတိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ တောင်ကြီးမြို့ကနေပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်ဖြစ်တဲ့ လားရှိုးမြို့သို့ ကူးလူးဆက်သွယ်ရာမှာ အခြေအနေအရပ်ရပ်ကြောင့် မန္တလေးတိုင်းကိုဖြတ်ကျော်ပြီးမှသာလျှင် အဆင်ပြေ ချောမွေ့တာကိုတွေ့ရှိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခရိုင်ပေါင်း ၆ ခရိုင်၊ မြို့နယ် ပေါင်း ၂၃ မြို့နယ်၊ မြို့နယ်ခွဲပေါင်း ၁၁ မြို့ရှိပြီးတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းနှစ်ခုပေါင်းမှာ ခရိုင်ပေါင်း ၇ ခရိုင်၊ မြို့နယ် ပေါင်း ၃၂ မြို့နယ်၊ မြို့နယ်ခွဲပေါင်း ၁၈ မြို့နယ်ရှိပါတယ်။ ရှမ်းပြည်နယ်မှာ နယ်မြေ အေးချမ်းသာယာ ရေးအတွက် စုစုပေါင်းစစ်တိုင်းကြီး ၄ တိုင်းနှင့် စစ်တိုင်းမှူး ၄ ဦးရှိပါတယ်။ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါးအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နေရာဒေသ ဖြစ်ခြင်း၊ ငြိမ်ချမ်းရေးယူထားသော လက်နက်ကိုင်အဖွဲ့အစည်းအများဆုံးရှိသည့် ပြည်နယ်ဖြစ်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း ၉ ခုရှိသည့်အနက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ အဓိကနေရာ ဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော်သမ္မတကြီးရဲ့ကဏ္ဍ အသီးသီးကို လျင်မြန်စွာတိုးတက်ပြောင်းလဲစေသော စိတ်ရင်းစေတနာနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ Reform Strategy ကို ထောက်ခံအားပေးကူညီသောအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထပ်မံ၍ ဝန်ကြီးချုပ်တစ်ဦးနှင့် ဝန်ကြီးများတိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါတယ်ခင်ဗျား။
ဦးစိုးမောင်(ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၂))။ ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ပြည်ထောင်စုဝန်ကြီးဦးစိုးမောင် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ထပ်မံ၍ဝန်ကြီးချုပ်တစ်ဦးနှင့် ဝန်ကြီးများတိုးချဲ့ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်းဖြေဆိုရတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၁ မှာ နိုင်ငံတော်စုစည်းမှုကို ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ်လည်းကောင်း၊ ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ် လည်းကောင်း၊ ကျေးရွာ အုပ်စုနှင့် ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်လည်းကောင်း၊ မြို့နယ်များကို ခရိုင်အဖြစ် လည်းကောင်း၊ ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ်စုစည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်းဖွဲ့စည်းပြီးတော့ အဆိုပါ အစိုးရအဖွဲ့များရဲ့ကွပ်ကဲမှုအောက်မှာလည်း အုပ်ချုပ်ရေးမှူးများကိုအဆင့်ဆင့်ဖွဲ့စည်း၍ အထွေထွေအုပ်ချုပ် ရေးမှူးများကို အဆင့်အလိုက်ခန့်ထားပေးပြီး အုပ်ချုပ်မှုအာဏာများကို ခွဲဝေပေးကာ တာဝန်ရှိမှုအလိုက် လုပ်ပိုင်ခွင့်များကိုလည်းပေးအပ်ထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉ အပိုဒ်ခွဲ(က)မှာ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ပြည်နယ်ဟာ ခွဲခြားထားပြီးတော့ ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်တို့ဟာ အဆင့်အတန်းတူညီကြသည်လို့ဖော်ပြထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၃ မှာ တိုင်းဒေသကြီး ၇ ခုမှာ တိုင်းဒေသကြီးလွှတ်တော်တစ်ရပ်စီနှင့် ပြည်နယ် ၇ ပြည်နယ်မှာလည်းပဲ ပြည်နယ်လွှတ်တော်တစ်ရပ်စီ ရှိကြသည်လို့ဖော်ပြထားတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်မှာလည်း လွှတ်တော်တစ်ရပ်နှင့် အစိုးရအဖွဲ့တစ်ဖွဲ့သာရှိရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ခရိုင် ၁၃ ခု၊ မြို့နယ် ၅၅မြို့နယ်၊ မြို့နယ်ခွဲ ၂၉ ခု၊ မြို့ ၈၄ မြို့၊ ရပ်ကွက် ၄၉၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၆၆ စုနှင့် ကျေးရွာပေါင်း ၁၄၃၅၉ ရွာရှိပါတယ်။ ရှမ်းပြည်နယ်ကိုလည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်တကျဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အနေနဲ့ အဆင့်ဆင့်သောတာဝန်ထမ်းဆောင်နေကြတဲ့ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများဖြင့်သာ လက်ရှိအတိုင်း စနစ်တကျကွပ်ကဲအုပ်ချုပ်သွားရန် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။
ဦးဝင်းဆွေ(ညောင်ရွှေမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည်စုံကြပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အစိုးရဝန်ကြီးဌာနများမှ စွမ်းအင် ချွေတာရေးအတွက်သော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်သော်လည်းကောင်း အကန့်အသတ်များဖြင့် မော်တော်ကားအသုံးမပြုရနေ့ တစ်နေ့ထားရှိကြောင်းသိရပါသည်။ ယခုအခါတွင် ကမ္ဘာ နဲ့အဝှမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်ဆောင်ရွက်ချက်အနေဖြင့် နိုင်ငံ၏မြို့တော်၊ ကားရှုတ် ထွေးသောမြို့ကြီးများတွင် တနင်္ဂနွေနေ့တစ်ရက်သော်လည်းကောင်း၊ တစ်နှစ်တွင် တစ်ရက် မော်တော်ကား အသုံးမပြုရ Car Free Zone နေ့ တစ်နေ့စတင်စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း ရေဒီယို၊ တီဗွီသတင်းများမှ တစ်ဆင့်ကြားသိမြင်တွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို့စသော မြို့ကြီးများတွင် မော်တော်ကားအသုံးမပြုရနေ့ တစ်နှစ်တွင်တစ်နေ့သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါတယ်။ အစီအစဉ်မရှိသေးလျှင် မည်ကဲ့သို့ပြဿနာအခက်အခဲများရှိနေသေးကြောင်းနှင့် မည်သည့်အချိန်ကာလ များတွင် ဆောင်ရွက်ရန်ရှိကြောင်းသိလိုပါတယ်ခင်ဗျား။
ဦးစိုးမောင်(ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၂))။ ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ အဆိုပါမေးခွန်းကို ကျွန်တော်မှ ဆက်လက်ဖြေကြားတင်ပြသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ညောင်ရွှေ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေရဲ့ မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများတွင် မော်တော်ကားအသုံးမပြုရနေ့ တစ်နေ့သတ်မှတ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် မရှိသေးလျှင် မည်ကဲ့သို့ပြဿနာအခက်အခဲများရှိနေကြောင်း မည်သည့်ကာလတွင် ဆောင်ရွက်ရန်ရှိကြောင်း မေးခွန်းနှင့် ပတ်သက်လို့ဖြေကြားခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ပမာဏပြောကြားလိုပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ယခုအချိန်မှာ စည်းကမ်းပြည့်ဝ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ်လာရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ပြီး နိုင်ငံတော်ရဲ့လူမှုစီးပွားရေးဘဝကို လျင်မြန်စွာတိုးတက် လာစေရေးအတွက် စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်ဆောင်ရွက်နေချိန် ဖြစ်တဲ့အတွက် အချိန်ကို တန်ဖိုးရှိစွာ အသုံးချဆောင်ရွက် နေရတဲ့အချိန်ဖြစ်ပါတယ်။ လာရောက်ရင်းနှီးမြှုပ်နှံသူများအနေ ဖြင့်လည်း ရရှိမည့်အကျိုးကျေးဇူးနဲ့ ပေးဆပ်ရမည့်တန်ဖိုးတို့ကိုတွက်ချက်ပြီး Time is money ဆိုတဲ့အတိုင်း ကြိုးစားနေချိန်ဖြစ်တဲ့အတွက် လက်ရှိအခြေအနေအရ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးများမှာ မော်တော်ကား အသုံးမပြုရနေ့အဖြစ် သတ်မှတ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။ Car Free Zone နှင့် ကားမမောင်းရနေ့သတ်မှတ်ရာမှာ လက်တွေ့ကျင့်သုံးနေတဲ့နိုင်ငံများရဲ့ အခက်အခဲများကို သင်ခန်းစာ ယူရမှာဖြစ်ပါတယ်။ ကားမမောင်းရနေ့မှာ လူမှုရေး၊ စီးပွားရေးနှင့် ပတ်သက်၍ ပြည်သူလူထုရဲ့မသွားမဖြစ်တဲ့ သွားရမယ့်ကိစ္စရပ်များအတွက် ရထားနှင့် အခြားသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို အဆင်ပြေအောင် အစိုးရဘက်မှ စီစဉ်ဆောင်ရွက်ပေးရပါတယ်။ ရေကြောင်း၊ လေကြောင်း၊ ယာဉ်များနှင့် ရထားသွားလာရေး အဆင်ပြေတဲ့ နိုင်ငံများတွင်သာ အဆင်ပြေ ချောမွေ့တာကိုတွေ့ရှိရပါတယ်။ အချို့နိုင်ငံများမှာ ကိုယ်ပိုင်ကား များကိုသာ မမောင်းရန်သတ်မှတ် ထားပြီး လူထုအတွက် ဘတ်စ်ကားနှင့် အခြားပို့ဆောင်ရေးနည်းလမ်းများကို သီးသန့်အစိုးရကနေ စီစဉ်ပေးရပါတယ်။ အာဆီယံနိုင်ငံများကိုလေ့လာပါက ထိုင်းနိုင်ငံမှာ ဘန်ကောက်နှင့် အခြားမြို့ကြီး များမှာ စက်တင်ဘာ ၂၂ ရက်နှင့် အနီးစပ်ဆုံးသော တနင်္ဂနွေနေ့မှာကျင်းပပြုလုပ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ စက်တင်ဘာ ၂၂ ရက်နေ့မှာ Car Free Day ဆိုပြီးတော့ ရှေးဟောင်း မြို့တော်ဖြစ်တဲ့ Hoi An မြို့တစ်မြို့တည်းမှာသာ ကျင်းပတာတွေ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဂျာကာတာမြို့တွင် တစ်ပတ်ခြား စနေနေ့တိုင်း မနက် ၆ နာရီကနေ မနက် ၉ နာရီအထိသာ ကားမမောင်းရအချိန်ဟု သတ်မှတ်ထားတာတွေ့ရပါတယ်။ အခြားအာဆီယံနိုင်ငံများမှာ ကားမမောင်း ရနေ့ကျင်းပတာ လုံးဝမတွေ့ရှိ ရပါ။ မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတု ပြောင်းလဲမှုကိုထိန်းသိမ်းပေးခြင်း၊ လေထုအတွင်း ညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ထွက်ရှိမှုကို ထိန်းသိမ်းပေးခြင်းတို့ အပြင် နိုင်ငံခြားငွေနဲ့ဝယ်ယူတင်သွင်းနေရသည့် ဒီဇယ်၊ ဓာတ်ဆီကုန်ကျမှုကို ချွေတာခြိုးခြံမှုစတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်လိုသော်လည်းပဲ နိုင်ငံတော်ရဲ့ လူမှုစီးပွားရေးဘဝ တိုးတက်မှုကို ဦးစားပေးဆောင်ရွက်ရမယ့်ကာလဖြစ်နေတဲ့အတွက် ပြည်သူလူထုအတွက် မော်တော်ကားအစား အခြားကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းယာဉ်များနှင့် မီးရထားသွားလာရေးအစီအမံများ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တဲ့ အချိန်ရောက်မှသာ စဉ်းစား ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား အပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းကျေးရွာ အခြေပညာအလယ်တန်းကျောင်းကို အခြေခံပညာ အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဦးဝင်းနိုင်(ရွှေကူမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါ စေလို့ ဆုမွန်ကောင်းတောင်းပြီး နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ရွှေကူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မြို့ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသည် ပင်မကျောင်းဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေကူမြို့နှင့် ဧရာဝတီမြစ်၏တစ်ဖက် အရှေ့ဘက်ကမ်း ၁၂ မိုင်ခန့် ကွာဝေးနေသဖြင့် မြို့ကုန်းကျေးရွာမှ ၈ တန်း အောင်ကျောင်းသူကျောင်းသားများသည် အထက်တန်းပညာ ဆက်လက်သင်ကြားနိုင်ရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ခရီးကွာဝေးခြင်း၊ မြစ်တစ်တန်၊ချောင်းတစ်တန်၊ ကုန်းတစ်တန်၊ ရေတစ်တန် ဖြင့်သွားလာမှုခက်ခဲခြင်းတို့ကြောင့် ပင်မကျောင်းအထက (၁) ရွှေကူမြို့သို့ မသွား နိုင်ပါ။ ၎င်းအခြေခံ ပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းသားအဆင့် ၃၀ ဦး၊ အလယ်တန်း ကျောင်းသား အဆင့် ၂၅၇ ဦးရှိပါတယ်။ သို့ဖြစ်ပါ၍ ယင်းကျောင်းသူကျောင်းသားများ ပညာဆက်လက် သင်ကြားနိုင်ရန်အတွက် မြို့ကုန်းရွာအခြေခံပညာအလယ်တန်းကျောင်းကို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ရမှသာလျှင် ပညာဆက်လက်သင်ကြားနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် မြို့ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို အခြေခံပညာအထက်တန်းကျောင်းခွဲအဖြစ် သတ်မှတ်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်းလေးစား စွာဖြင့်မေးမြန်းအပ်ပါတယ်ခင်ဗျား။
ဦးအေးကြူ(ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်ပရိသတ်များအားလုံးကို ရိုသေလေးစားပါကြောင်း ဦးစွာတင်ပြအပ်ပါတယ်ခင်ဗျား။ ကချင်ပြည်နယ်၊ ရွှေကူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ရဲ့ မေးမြန်းချက်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးရဲ့ ကိုယ်စား ဒုတိယဝန်ကြီး ဦးအေးကြူက တင်ပြ ဖြေကြားမှာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာသင်ယူမှုအခွင့်အလမ်း ပိုမိုရရှိရေးအတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းအသစ်ဖွင့် လှစ်ခြင်းများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အထိ ၄ နှစ် တာကာလအတွင်း စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ ယခုတင်ပြတဲ့ ရွှေကူမြို့နယ်၊ မြို့ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှာ အလယ်တန်းအဆင့်ကျောင်းသား ၂၅၇ ဦး သာရှိကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် လောလောဆယ် အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့် တိုးမြှင့်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါ တယ်။
မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂၇) နှင့် အမှတ်(၃၂) အခြေခံပညာ မူလတန်းလွန်ကျောင်းများအား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အမီ အခြေခံပညာအလယ်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ဦးတင်မောင်ဝင်း(မင်္ဂလာဒုံမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဖွဲ့အစည်းဝင်များ၊ ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ဖြစ်ပါတယ်ခင်ဗျား။ လေးစားအပ် ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းသည် မင်္ဂလာဒုံ မြို့နယ် (၁၄)ရပ်ကွက်နှင့် ထိစပ်မြို့နယ်များဖြစ်တဲ့ မှော်ဘီမြို့နယ် ရဲစုကြီးကျေးရွာနှင့် ဝက်ကြီးကျေးရွာ တို့မှ ကျောင်းသူ ကျောင်းသားများ အားကိုးအားထား ပညာသင်ကြား နေရသောကျောင်း ဖြစ်ပါတယ်။ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသည် ကျောင်းသား ကျောင်းသူများ များပြားသဖြင့် နှစ်ချိန်ကျောင်းအဖြစ် သင်ကြားပို့ချနေရတာ ကျွန်တော်ငယ်စဉ်ဘဝကတည်း ကနေ ယနေ့တိုင် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမှတ်(၂၇)နှင့် အမှတ်(၃၂) အခြေခံပညာ မူလတန်းလွန်ကျောင်းများသည် မြေနေရာ ကျယ်ဝန်းခြင်း၊ အဆောက်အဦများ ရှိတို့ကြောင့် အခြေခံပညာအလယ်တန်းအဆင့်သို့ တိုးမြှင့်ပေးမည်ဆိုပါက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း သည် စာသင်ကြားမှုနှင့် နေရာ အခက်အခဲအား ထိုက်သင့်သလောက် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အမှတ်(၂၇) နှင့် အမှတ်(၃၂) အခြေခံပညာမူလတန်းလွန်ကျောင်းများအား ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်အမီ အခြေခံ ပညာအလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးပါရန်နှင့် တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါ တယ်။
ဦးအေးကြူ(ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းရဲ့ မေးမြန်းချက်ကို ကျွန်တော် ဒုတိယဝန်ကြီးဦးအေးကြူက ဆက်လက်ဖြေကြားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ အမှတ် (၂၇) အခြေခံ ပညာမူလတန်းလွန်ကျောင်းမှာ အလယ်တန်းအဆင့် ကျောင်းသား ၆၂ ဦးသာ ရှိသေးတဲ့အတွက် လောလောဆယ် အခြေခံပညာ အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် အမှတ်(၃၂) အခြေခံပညာမူလတန်းလွန်ကျောင်းမှာ အလယ်တန်းအဆင့် ကျောင်းသား ၂၇၀ ဦး ရှိတဲ့အတွက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ၂၀၁၃ ခုနှစ်၊ ဇွန် ၁ ရက်မှာ အခြေခံပညာအလယ်တန်းကျောင်းခွဲအဆင့်သို့ တိုးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ မင်္ဂလာဒုံမြို့နယ်တစ်ခုလုံးနှင့် လွှမ်းခြုံပြီးတော့ ဆောင်ရွက်ထားမှုအခြေအနေကို ကျွန်တော် အကျဉ်းမျှတင်ပြခွင့်ပြုပါခင်ဗျား။ လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ အခြေခံ ပညာအထက်တန်း ကျောင်းခွဲအဖြစ် ၇ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ၃ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲအဖြစ် ၅ ကျောင်းနှင့် အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် ၁၂ ကျောင်းကို တိုးမြှင့်ပေးရန် စီစဉ်လျာထားပေးပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးလည်း တစ်နှစ်ခွဲကာလအတွင်း ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းအသစ်ဖွင့်လှစ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းနှင့် ပတ်သက်ပြီးတော့ Salight ထိုး၍အကျဉ်းမျှတင်ပြခွင့်ပြုပါ။ တစ်နှစ်ခွဲကာလအတွင်းမှာ ၃၀-၃-၂၀၁၁ ရက်နေ့မှ စပြီး ယနေ့ကာလအထိ အ.ထ.က၊ အ.လ.က၊ အ.မ.က၊ အ.ထ.ကခွဲ၊ အ.လ.ကခွဲ၊ အ.မ.ကခွဲ၊ မူလွန်နှင့် တွဲဖက်မူလတန်းကျောင်းပေါင်း ၃၅၇၄ ကျောင်းကို အသစ်ဖွင့်လှစ်ခြင်း၊ အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လွှတ်တော်များမှာ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ အဆင့်တိုးမြှင့်ပေးပါမည်ဟု တင်ပြထားသော ကျောင်းများကိုလည်း အောက်တိုဘာ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့မှာ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ကြောင်း ဆက်လက်တင်ပြအပ်ပါတယ်။ အဆိုပါကျောင်းများမှာ လိုအပ်တဲ့ဆရာများကိုလည်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ဖြည့်ဆည်းခန့်ထားပေးသွားမည် ဖြစ်ပါတယ်။ ဇယားမှာ ဖော်ပြချက်အရဆိုရင် အားလုံး အ.ထ.က Packer ဒီနေ့အထိ ၁၆၀ ကျောင်း၊ အ.လ.က Packer ၁၈၅ ကျောင်း၊ အ.မ.က Packer ၄၄၄ ကျောင်း၊ Packer ကျောင်း စုစုပေါင်း ၁၆၉၁ ကျောင်း၊ အလားတူ ကျောင်းခွဲပေါင်း ၁၆၁၀ ကျောင်း၊ တွဲဖက်ကျောင်းပေါင်း ၇၆၈ ကျောင်း၊ မူလွန်ကျောင်းပေါင်း ၄၁၆ ကျောင်း၊ အားလုံး ၃၅၇၄ ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါ တယ်။ ကျောင်းအသစ်ဖွင့်လှစ်ခြင်း၊ အဆင့်တိုးမြှင့်ခြင်းတို့မှာ လေးနှစ်စီမံချက်ဖြင့် အဆင့်တိုးမြှင့်ပေး ရာမှာ မပါဝင်သေးတဲ့ကျောင်းများအား အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်ခရိုင် ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ် ညှိနှိုင်း၍ ဦးစားပေး လျာထားချက်စာရင်းအား ပြုစုပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနသို့ ဦးစားပေး အစဉ်အလိုက်တင်ပြရန် ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ယခုတင်ပြတဲ့ မြို့ကုန်း အ.ထ.ကခွဲ ဖြစ်လိုသည့် ကျောင်းသည် အကယ်၍ ဆက်သွယ်မှုခက်ခဲတဲ့အတွက် ကျောင်းခွဲအဆင့်တိုးမြှင့်ပေးမယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသအစိုးရအဖွဲ့နှင့် ပေါင်းစပ်ပြီး တော့ တင်ပြရင် ဦးစားပေးအစီအစဉ်အတိုင်း ကျွန်တော်တို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘတ်ဂျက်ကန့်သတ်ချက်၊ ဆရာခန့်ထားနိုင်မှုကန့်သတ်ချက်၊ သင်ယူမည့် ကျောင်းသားအရေအတွက် ကန့်သတ်ချက်၊ အဆောက်အဦး၊ ပရိဘောဂ ပြည့်စုံမှုကန့်သတ်ချက်များပေါ် မူတည်ပြီး ကျောင်းအသစ် ဖွင့်လှစ်ခြင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်းစသည်များကို ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါ ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။
အစည်းအဝေးပဉ္စမနေ့တွင်တင်ပြခဲ့သော ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ များစိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၇ ကိုဆက်လက်ဆောင်ရွက်ပါမယ်။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ၂၄-၁၀-၂၀၁၂ ရက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံများ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ကအမည်စာရင်း တင်သွင်းထားပါတယ်။ ဦးစွာ ကလေးမဲဆန္ဒနယ်မှ ဦးတင်လှိုင်အား ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
ဦးတင်လှိုင်(ကလေးမဲဆန္ဒနယ်)။ ။ လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ကျန်းမာ၊ ချမ်းသာကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူ့ လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ အများအခေါ် ကတိကဝတ်ကော်မတီရဲ့ အစီရင်ခံစာအပေါ် အကြံပြုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကော်မတီရဲ့အစီရင်ခံစာကို ဖတ်ရှု့လေ့လာကြည့်တဲ့အခါမှာ စတုတ္ထပုံမှန်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးမြန်းခဲ့တဲ့ မေးခွန်းများ၊ စတုတ္ထ ပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့ အဆိုများနှင့် အတည်ပြုတဲ့အဆိုများ၊ ပထမ၊ ဒုတိယ၊ တတိယ ပုံမှန်အစည်းအဝေးများမှာ မေးခွန်းများ ကတိပြုခဲ့သော်လည်းပဲ မပြီးပြတ်သေးတဲ့ လုပ်ငန်းများ၊ ပထမ၊ ဒုတိယ၊ တတိယ ပုံမှန်အစည်း အဝေး များမှာအဆိုများ အတည်ပြုခဲ့သော်လည်းပဲ မပြီးပြတ်သေးတဲ့ လုပ်ငန်းများ၊ စတုတ္ထပုံမှန်အစည်း အဝေးများမှာ ကြယ်ပွင့်မပြကတိပြုမေးခွန်းများ၊ ကော်မတီရဲ့ဆောင်ရွက်ချက်၊ ကော်မတီ ရဲ့ သုံးသပ်ချက်များ ဆိုပြီးတော့မှ အပိုင်းခွဲခြားပြီးတော့မှ ပြည့်စုံစွာဖော်ပြထားတာကို တွေ့ရှိရတဲ့အတွက် ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို လေးစားမိပါတယ်။ သို့ရာတွင် ယခင် ပထမ၊ ဒုတိယ၊ တတိယ ပုံမှန်အစည်းအဝေးများမှာ ကတိပြုမေးခွန်းများနှင့် အတည်ပြုအဆိုများ၊ တတိယနှင့် စတုတ္ထပုံမှန် အစည်း အဝေးများမှာ ကြယ်ပွင့်မပြကတိပြုမေးခွန်းများကို မှတ်တမ်း CD ဖြင့်သာ ဖြန့်ဝေ ပေးခဲ့တဲ့အတွက် တိုက်ရိုက်လေ့လာ ခွင့်မရတဲ့အတွက်ကြောင့်မို့လို့ မချင့်မရဲဖြစ်ရပါတယ်။ အစီရင်ခံစာ စာအုပ်ပြုလုပ်ပြီး ဖြန့်ဝေသင့်ပါကြောင်း အကြံပြုလိုပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကော်မတီအနေနဲ့ အခုလို အစီရင်ခံစာ ပြုစုတဲ့အချိန်တွေမှာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့များရဲ့ရုံးစာ ဖြင့်သာ ပြန်လည်ဖြေကြားချက်များ အပေါ်မှာလေ့လာသိရှိရတဲ့အတွက် လွှတ်တော်မှာ ကတိပြုခဲ့ပေမယ့် ကတိအတိုင်း ဒေသများမှာ အမှန်တကယ် ဆောင်ရွက်နိုင်ခြင်းရှိ၊မရှိ တွေးတောမိပါတယ်။ ကတိပြုတဲ့ လွှတ်တော်က အတည်ပြု ခဲ့တဲ့ မေးခွန်းများ၊ အဆို များဟာ မပြီးပြတ်သေးတဲ့လုပ်ငန်းများအဖြစ် ဖော်ပြထားတာတွေ့ရှိရတဲ့ အတွက် ဘယ်အကြောင်းကြောင့် ဆိုတာကို ခိုင်လုံသောအကြောင်းပြချက်လေးနဲ့ တိကျစွာဖော်ပြပေးမယ်ဆိုရင် အလွယ်တကူဖတ်ရှု့ လေ့လာ ပြီးတော့မှ ရရှိနိုင်မယ်လို့ တင်ပြအပ်ပါတယ်။ ပထမ၊ ဒုတိယ၊ တတိယပုံမှန်အစည်းအဝေးများရဲ့ ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၅၀၉ ခုမှာ ကတိအဖြစ် ၂၆၈ ရှိပြီးတော့မှ ၃၁-၈-၂၀၁၂ ရက်နေ့အထိ ဆောင်ရွက်ရန် ကျန်တဲ့လုပ်ငန်း ၁၆၉ ခုရှိကြောင်း သိရပါတယ်။ အဲဒါကြောင့်မို့လို့ ကတိပြုပြီးဆောင်ရွက်နိုင်တာက ၃၆.၉၄ ရာခိုင်နှုန်း၊ မဆောင်ရွက်နိုင်တာက ၆၃.၀၆ ရာခိုင်နှုန်း ရှိနေတာကို စိတ်မကောင်းစွာတွေ့နေရပါတယ်။ အဆိုအနေနဲ့လည်း အတည်ပြု အဆိုပေါင်း ၃၈ ခုမှာ မပြီးပြတ်သေးတဲ့အဆို ၂၂ ခုရှိတဲ့အတွက် ဆောင်ရွက်ပြီး ၄၂.၁၀ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ကျန် ၅၇.၉၀ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။ ကတိပြုတာ၊ အတည်ပြုတာ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်း ထက်ဝက်တောင်လုပ်ငန်းမပြီးသေးဘူးလို့ ခြုံငုံသုံးသပ်လို့ရပါတယ်။ ကော်မတီရဲ့ တွေ့ရှိသုံးသပ်ချက်မှာလည်း ဘတ်ဂျက်ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားတဲ့ ကတိပြု မေးခွန်းများ ဥပဒေကြမ်းပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်းနှင့် ရေးဆွဲပြီးလို့ရှိရင် ရှေ့နေချုပ်ရုံးသို့ ပေးပို့မည်ဖြစ်ပါ ကြောင်း သို့မဟုတ် ပေးပို့ထားပါကြောင်း စတဲ့ ပြန်ကြားတဲ့အဆိုများဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများရဲ့ ဖြေကြားချက်များဟာ တိုးတက်ပြီးစီးမှုနှေးကွေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စု အဆင့်ဌာနများဟာ လုပ်ငန်းဆောင်ရွက်မှု ပြန်ကြားစာကို လွှတ်တော်ကော်မတီသို့ တိုက်ရိုက်ပြန်ကြားခြင်း မပြုဘဲ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့သာ ပေးပို့နေရသဖြင့် ကော်မတီအနေနဲ့ အစီရင်ခံစာပြုစုတဲ့အခါမှာ အခက်အခဲဖြစ်နေ၍ မိတ္တူပေးပို့ရန် အကြံပြုချက်ကိုလည်း ဖတ်ရှု့မှတ်သားရပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာနရဲ့ ပြန်ကြားစာကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကိုပို့ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက စိစစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးကိုပို့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးက ကော်မတီရုံးကိုပို့ဆိုတဲ့ ရုံးလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့် အခြေအနေကိုခန့်မှန်းမိပါတယ်။ အခုအခြေအနေထက် ပိုမို အဆင်ပြေတာ ပြန်ကြားစာကို တိုက်ရိုက်ရရှိနိုင်ဖို့ အစီရင်ခံစာပြုစုရတဲ့ အခက်အခဲကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ အစီရင်ခံစာတောင် အခုလောက် ခက်ခဲနေလို့ရှိရင် လုပ်ငန်းပြီးစီးမှုပမာဏ လုပ်ငန်းအရည်အသွေး တွေ့ရှိချက် ကို တင်ပြရမယ်ဆိုရင် ပိုမိုခက်ခဲမှာသေချာပါတယ်။ လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကော်မတီရဲ့ အစီရင်ခံစာမှာ စတုတ္ထပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်းများအပေါ် ပြည်ထောင်စုအဆင့်မှ ပြန်လည်ဖြေကြားချက် နှင့်အတူ ပဉ္စမပုံမှန်အစည်းအဝေးအတွက် ဖြေကြားချက် စာတွေ ကိုထည့်သွင်း ဖော်ပြတဲ့ဇယားနဲ့ အစီရင်ခံစာ မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ အခုလို စတုတ္ထပုံမှန် အစည်းအဝေး မှာမေးမြန်းချက်ကို ပြည်ထောင်စု အဆင့်က ကတိအဖြစ် ပြန်လည်ဖြေကြားပြီးတော့လည်းပဲ ပဉ္စမပုံမှန် အစည်းအဝေးအတွက် ထပ်ဆင့်ဖြေကြားချက်မှာ မူလကတိအတွက် ပိုမိုဆောင်ရွက် အကောင်အထည် ဖော်ပေးနိုင်မယ့် အခြေအနေတွေကို ကတိသတင်းအဖြစ် တော်တော်များများ ပြည့်ပြည့်စုံစုံ လေ့လာ ရပါတယ်။ ဥပမာအားဖြင့် စတုတ္ထပုံမှန်အစည်းအဝေးမှာ ကျွန်တော်မေးမြန်းခဲ့တဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းကိစ္စကို ပဉ္စမပုံမှန်အစည်းအဝေးအတွက် ထပ်မံဖြေကြားပေးထားတဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ ဖြေကြားချက်မှာ မုံရွာ-ယာကြီး မိုင် ၄၀ ကို မုံရွာအုပ်စု ဆောက်လုပ်ရေး ကုမ္ပဏီက ဘီအိုတီစနစ်နှင့် လမ်းအဆင့်မြှင့်တင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ယာကြီး-ကလေးဝ လမ်းပိုင်း ၇၅ မိုင် ၅ ဖာလုံကို လမ်းတံတားအဆင့်မြှင့်တင်နေကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုရဲ့ငွေလုံးငွေရင်း ကျပ် ၄၀၁၃ သန်း တင်ပြတောင်းခံပြီး အဆင့်မြှင့်တင်ဆောင်ရွက်မှာဖြစ်ကြောင်း ထပ်ဆင့်ရှင်းလင်းဖြေကြားထားတာကို ဖော်ပြနိုင်တဲ့အတွက် မေးမြန်းသူမိမိအပါအဝင် သက်ဆိုင်သူပြည်သူ များအားလုံး ဝမ်းသာကြရပါတယ်။ အလားတူပဲ နာဂဒေသ လဟယ်မဲဆန္ဒနယ်ကိုယ်စားလှယ်ရဲ့ မေးမြန်းချက် အပေါ်မှာလည်းပဲ ဤကဲ့သို့ပင် ၂၀၁၃-၂၀၁၄ မှာ ငွေလုံး ငွေရင်းကျပ် ၃၀၂၈ သန်း တောင်းခံ ဆောင်ရွက်မှာဖြစ်ကြောင်း ထပ်မံဖြည့်စွက်ဖြေကြားထားတာကို တွေ့ရပါတယ်။ ယခုလို ပိုမိုပြည့်စုံတဲ့ ကတိဖော်ပြချက်တွေကို အခြားဝန်ကြီးဌာနများရဲ့ ပဉ္စမပုံမှန်အတွက် ဖြေကြားချက်များမှာလည်း အစီရင်ခံစာမှာ တွေ့ရှိရပါတယ်။ ဒါဟာ ပြည်သူများအတွက် ကျေနပ်စရာဖြစ်တဲ့ အပြင် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးရှိမယ့် လွှတ်တော်ကိုယ်စားလှယ် များရဲ့ မေးမြန်းချက်အပေါ် အလေးအနက် ထားပြီး လုပ်ငန်းများ အကောင်အထည်ဖော်သွားမယ်ဆိုတာ ထင်ရှားတဲ့အချက်ပဲဖြစ်ပါတယ်။ တစ်နည်း အားဖြင့် အစိုးရအဖွဲ့နှင့် လွှတ်တော်များဟာ အပြန်အလှန် အလေးထားအသိအမှတ်ပြုပြီး နိုင်ငံတော်အကျိုးကို တက်ညီလက်ညီ ဆောင်ရွက်ကြမယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပြယုတ်တစ်ခုလို့လည်း ဆိုရမှာဖြစ်ပါတယ်။ နိဂုံးချုပ်အားဖြင့် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံများ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာဟာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်ဌာနများနှင့် တိုက်ရိုက်ဆက်သွယ်မှု အခက်အခဲကြားက ကြိုးပမ်းအားထုတ်မှုကြောင့် ပေါ်ထွက်လာတဲ့အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ကို တင်သွင်းနိုင်ခြင်းထက် ဝမ်းမြောက်စွာကြိုဆို ပါကြောင်းနှင့် နောင်မှာလည်း အခုထက်ပိုမို ပြည့်စုံကောင်းမွန် သပ်ရပ်ပြီး ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်အားလုံး မှတ်တမ်းအဖြစ် ထားရှိနိုင်တဲ့ အစီရင်ခံစာ မျိုးဖြစ်ပေါ်လာအောင် ဆန္ဒပြုပါကြောင်း ဆွေးနွေးရင်းနိဂုံးချုပ်ပါတယ်။ အားလုံးကို လေးစားပါတယ်။
ဦးအေးမောက်(မလှိုင်မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအေးမောက် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်းပဲ ခုန ဦးတင်လှိုင်ကနေပြီးတော့ ဆွေးနွေးသွားတဲ့အချက်တွေ ထဲမှာ တော်တော်များများ ပါပြီးဖြစ်သွားပါတယ်။ ကျွန်တော်အနေနဲ့ ထပ်မံဖြည့်စွက်တင်ပြလိုတာကတော့ ယနေ့ ကတိကဝတ်များမှာ ဦးတင်လှိုင်ပြောသွားသလိုပဲ အစိုးရအနေနဲ့ နိုင်ငံတော် ဘတ်ဂျတ်ရရင် လုပ်ပေးမယ်။ ကျွန်တော်တို့ တင်ပြ ပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုတဲ့အပိုင်းဟာ များတဲ့အပိုင်း ရှိသလို တချို့ကိစ္စများမှာ အုပ်ချုပ်မှု ဆိုင်ရာကိစ္စ၊ ဥပဒေရေးရာကိစ္စများမှာ အစိုးရဌာနများအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးရင် ဒါဟာ ရနိုင်၊ ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။ သို့သော်လည်းပဲ ဒီနေ့ ဒီအချိန်အထိ ဒီလို ကိစ္စတွေဟာ ကျန်နေသေးတာကို ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကျွန်တော်တို့ တင်ပြမယ်ဆိုရင် ဒီနေ့ ဦးခိုင်မောင်ရည်၊ မေးထားခဲ့တဲ့ ဝန်ထမ်းများ အတွက် ကျွန်တော်တို့မြောက်ဒဂုံမှာ မြေနေရာချထားရေးကိစ္စ၊ နောက်တစ်ခါ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသား များ စောင့်ရှောက်တဲ့ဥပဒေကိစ္စ၊ နောက် ဦးအောင်သိန်းလင်းရဲ့ မြွေဆိပ်ဖြေဆေးတိုးတက်ထုတ်လုပ်ဖို့ကိစ္စ ဆိုတဲ့ ကျွန်တော်တို့ တချို့ကိစ္စတွေမှာ ဘဏ္ဍာငွေမပါဘဲနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒီလို ကိစ္စများကို ကျွန်တော်တို့ ကတိကဝတ်၊ အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကနေပြီးတော့ ကျွန်တော်တို့ တွန်းအားပေးပြီးတော့ တိုက်တွန်းတယ်ဆိုတာထက် တွန်းအား ပေးပြီးတော့ ထပ်မံဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့ မြန်မြန်နဲ့အဖြေရပြီးတော့ ပြည်သူအတွက် မြန်မြန်နဲ့အကျိုးရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် တင်ပြလိုတာကတော့ အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ အနေနဲ့ ဖြစ်နိုင်လို့ရှိရင် ကျွန်တော်တို့ ဘတ်ဂျတ်ငွေကြေးနဲ့ မဆိုင်တဲ့ တခြားအုပ်ချုပ်မှုဆိုင်ရာကိစ္စများ နဲ့ ပတ်သက် တာဆိုလို့ရှိရင် ဒါတစ်လတစ်ကြိမ်ဖြစ်စေ ကျွန်တော်တို့ မေးမြန်းတိုက်တွန်းပြီးတော့ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးသွားမယ်ဆိုရင် ပိုမိုပြီးတော့ ထိရောက် သွားမယ်လို့ ကျွန်တော်တို့ ယူဆရပါကြောင်း တင်ပြလိုပါတယ်။ နောက် ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့ ဒီနေ့ မေးတဲ့မေးခွန်းများတွေမှာ ကြယ်ပွင့်မပြ မေးခွန်းများ ရှိပါတယ်။ ဒီကြယ်ပွင့်မပြတဲ့ မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားတဲ့အခါမှာ တချို့ကိစ္စတွေမှာ ကတိကဝတ် ဖြစ်ပါတယ်။ ဒါတွေကိုလည်းပဲ ထည့်သွင်းပြီးတော့ ဆောင်ရွက်စဉ်းစားပေးသွားမယ်ဆိုလို့ရှိရင် ပိုပြီးတော့ အဆင်ပြေမယ် ဖြစ်ကြောင်း တင်ပြရင်းနဲ့ ကျွန်တော်တို့ နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးသန်းမြင့်(ဆားလင်းကြီးမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာပါစေကြောင်း ဦးစွာ ဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်ဖြစ်ပါတယ်ခင်ဗျား။ ပြည်သူ့လွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အတွင်းရေးမှူး တာဝန်လည်း ထမ်းဆောင်လျက်ရှိပါတယ်။ ဒီနေ့ ကျွန်တော့်အနေနဲ့ ကော်မတီရဲ့ အစီရင်ခံစာကို အပိုင်းနှစ်ပိုင်း ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ပထမပိုင်းအနေနဲ့ ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီရဲ့တာဝန်က လွှတ်တော်တွင် ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးခဲ့တဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များကို လိုက်နာဆောင်ရွက် ခြင်း ရှိ၊ မရှိ စိစစ်ပြီး လွှတ်တော်သို့တင်ပြရင် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းချက် များနဲ့အညီ ဆောင်ရွက်ရန် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကော်မတီအနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များကို မည်သည့်အခြေအနေအထိ ဆောင်ရွက်ပေးကြောင်း ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသို့ဆောင်ရွက်ခြင်းသည် သတ်မှတ်ကာလအတွင်း ဆောင်ရွက် ခြင်း ရှိ၊ မရှိ မူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်း ရှိ၊ မရှိနှင့် စိစစ်ပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်ပြရန် ဖြစ်ပါတယ်။ ဒီတာဝန်တွေကို ကော်မတီက ပီပီပြင်ပြင် အကောင်အထည်ဖော် နိုင်ဖို့အတွက် ကော်မတီမှာ အဖွဲ့သုံးဖွဲ့ဖွဲ့စည်းပြီးတော့ လွှတ်တော်ကျင်းပနေစဉ်ကာလအတွင်းမှာ ပြည်သူ့ကိုယ်စားလှယ် များ ဖြစ်ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့အစည်းများမှ မေးမြန်းတဲ့ ကြယ်ပွင့်ပြမေးခွန်း၊ ကြယ်ပွင့်မပြတဲ့မေးခွန်း၊ တင်သွင်းတဲ့အဆိုနဲ့ ဥပဒေကြမ်းအပေါ် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များမှ ဖြေကြားချက်များမှ ကတိဖြစ်၊ မဖြစ်။ ရှင်းလင်းချက် ဖြစ်၊ မဖြစ် အတည်ပြု၊ မပြု။ ပြန်လည်ရုပ်သိမ်းခြင်း ရှိ၊ မရှိ။ မှတ်တမ်းတင်ခြင်း ရှိ၊ မရှိ ခွဲခြားသတ်မှတ်ပြီးတော့ ပြည်သူ့လွှတ်တော်အစည်းအဝေးဌာနနဲ့ ညှိနှိုင်းခြင်း၊ နေ့စဉ်ထုတ်သတင်းစာပါဖော်ပြချက်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး မှတ်တမ်းတင်ခြင်းများ ပြုလုပ်လျက် ရှိပါတယ်။ ဒါ့အပြင် လွှတ်တော်အစည်းအဝေးကျင်းပပြီးတဲ့ နောက်ပိုင်းမှာလည်း လွှတ်တော်ရပ်နားစဉ်ကာလမှာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ရုံးအဖွဲ့မှူးများ ဌာနဆိုင်ရာကိုယ်စားလှယ်များကို ဖိတ်ကြား ပြီးတော့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များရဲ့ လွှတ်တော်အတွင်း ဖြေကြားချက်များအပေါ် လုပ်ငန်းဆက်လက်ဆောင်ရွက်မှုများအား ရပ်သတ်မှတ်ပြီး ပြန်လည်ဖြေကြားရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ အဆိုပါအစည်းအဝေးမှာ ညှိနှိုင်းဆောင်ရွက်ထားတဲ့အတိုင်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအများစုက သတ်မှတ်ရက်အတွင်း လုပ်ငန်းပြီးစီးမှုနဲ့ ဆောင်ရွက်မှု အခြေအနေ ဖြေကြားချက်များကို ကော်မတီသို့ ပေးပို့ကြသော်လည်း အချို့ဝန်ကြီးဌာန ွဖေကြားချက်များကို သတ်မှတ်ချိန်အတွင်း ရောက်ရှိလာခြင်း မတွေ့ရတဲ့အတွက် စိစစ်တဲ့အခါမှာ ဝန်ကြီးဌာနများမှ အစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး အစိုးရအဖွဲ့ရုံးမှ လွှတ်တော်ရုံး၊ ၎င်းမှတစ်ဆင့် ကော်မတီသို့ အဆင့်ဆင့်ပေးပို့နေရသည့်အတွက် ဖြေကြားချက်များ အချိန်နှင့်တစ်ပြေးညီ ပေးပို့ နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ ကျွန်တော်တို့ ကော်မတီအနေနဲ့ လွှတ်တော်အစီရင်ခံစာ အချိန်မီ တင်ပြနိုင်ရန် ဆောင်ရွက်သလို တစ်ဖက်ကလည်း ပြည်သူ့လွှတ်တော်များရဲ့ မေးမြန်းချက်များ အပေါ် ဖြေကြားချက်များ ပေးပို့ရာမှာ ကိုယ်စားလှယ်များ အချိန်မီလေ့လာနိုင်ရန် ပေးပို့နိုင်ရန်အတွက် ဆောင်ရွက်ကြပါသော်လည်း အထက်ပါရုံးလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရမှု ရုံးစာပေးပို့ရမှု ကန့်သတ်ချက်များကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲရှိသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် များမှာလည်း ဂဃနဏလေ့လာချိန်မရရှိသည်ကို စိစစ်တွေ့ရှိရပါတယ်။ အဆိုပါ အခက်အခဲ ပြေလည်စေရန်နှင့် အစီရင်ခံစာပြုစုရာမှာ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ယူမှု တာဝန်ခံမှုများအား ပြည်သူများ ထင်သာမြင်သာရှိစေပြီး ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအပေါ် ပြည်သူများမှ ယုံကြည်အားကိုးမှု ပိုမိုရရှိလာစေရန် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်မှုရှိရန် ရုံးစာများ အဆင့်ဆင့်ပေးပို့ရတဲ့စနစ်နဲ့ပတ်သက်ပြီးတော့ ဖြေလျော့ပေးနိုင်သည်များ ဖြေလျော့ပေးနိုင်ရန် ကျွန်တော်တို့ကော်မတီနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဆောင်ရွက်နိုင်ရန် ကော်မတီမှ ပြုလုပ်သည့် ညှိနှိင်းအစည်းအဝေးမှာ ညှိနှိုင်းကြသော်လည်း လုပ်ငန်းစနစ်ကန့်သတ်ချက် ရှိသဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။ လွှတ်တော်များမှ ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်များနဲ့ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများရဲ့ ဆက်သွယ်မှုနည်းလမ်းအခြေအနေကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှလည်း သုံးသပ်ပြီးတော့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ကော်မတီဥက္ကဋ္ဌ၊ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မရှင် အဖွဲ့ဝင်များ ညှိနှိုင်း အစည်းအဝေးမှာ လွှတ်တော်အဆင့်ဆင့်မှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များနှင့် အဖွဲ့အစည်း များက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ရာမှာ တည်ဆဲဥပဒေ များနှင့်အညီဆက်သွယ်ရန်၊ ထိုသို့ ဆက်သွယ်ကြောင်း ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများက လွှတ်တော်ရုံးသို့ မိတ္တူစာဖြင့် အသိပေးရန်၊ အဆိုပါနည်းလမ်းကို သုံးစွဲမည်ဖြစ်ကြောင်း ကြိုတင်ညှိနှိုင်းစာ လွှတ်တော်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ ကြိုတင်အသိပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၂ ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ပြည်ထောင်စုလွှတ်တော်နာယက ထံ သဝဏ်လွှာဖြင့် လွှတ်တော်များမှ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်အဖွဲ့များနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအကြား ဆက်သွယ်မှုနည်းလမ်းအား ပေးပို့ခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကမှ ရှင်းလင်းပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒသဘောထား ရယူခဲ့တဲ့အခါမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အများစုက ဖော်ပြပါနည်းလမ်းအတိုင်း သဘောတူလက်ခံတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ဆုံးဖြတ် မှတ်တမ်းတင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ အထက်ပါ ဆုံးဖြတ်ချက်နဲ့အညီ ကျွန်တော်တို့ ကော်မတီဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများထံသို့ ရုံးလုပ်ငန်းများနဲ့ပတ်သက်ပြီး ဆက်သွယ်မှုနည်းလမ်းအား ကြိုတင်အသိပေးပြီး ပေးအပ်တဲ့တာဝန်များနဲ့ ပတ်သက်ပြီး လုပ်ငန်းများ ပြီးပြတ်သည်အထိ ဆောင်ရွက်ရန်နှင့် တွန်းအားပေးရန်လုပ်ငန်းများ သွက်လက်မြန်ဆန်မှုရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပထမပိုင်းဖြင့် တင်ပြလိုပါတယ်။ ဒီနေရာမှာ လုပ်ငန်းပြီးပြတ်သည်အထိ တွန်းအားပေး ဆောင်ရွက်ရန်ကိစ္စ တင်ပြလိုပါတယ်။ ခုနလည်း ကိုယ်စားလှယ်တော်ကြီး တင်ပြသွားတာရှိပါတယ်။ လုပ်ငန်းမပြီးပြတ်သေးတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့က လုပ်ငန်းပြီးပြတ်ဖို့ တွန်းအားပေးတဲ့အခါမှာ လုပ်ငန်းရဲ့ သဘာဝအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(က)အရ ကျွန်တော်တို့ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအာဏာသုံးရပ်ဟာ ပိုင်းခြားပြီးတော့ တစ်ဦးနဲ့တစ်ဦး ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။ အခု ကျွန်တော်တို့က တွန်းအားပေးတဲ့အခါမှာ ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့အမြင် မဖြစ်ဖို့အတွက်လည်း အဲဒီနှစ်ခုကြားမှာ ကော်မတီအနေနဲ့ စနစ်တကျ ရှိရေးအမြဲတမ်းစဉ်းစားပြီး ဆောင်ရွက် နေတာဖြစ်တဲ့အတွက် ယခုကဲ့သို့ ဖြစ်ခြင်းဖြေရှင်းလိုပါတယ်။
ဦးခိုင်မောင်ရည်(အလုံမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ဧည့်သည်တော်များ အားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။ ကျွန်တော်ကတော့ ရန်ကုန် တိုင်းဒေသကြီး၊ အလုံံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ယနေ့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ရဲ့အစီရင်ခံစာနှင့်ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဖြည့်စွက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခု ဒီကော်မတီရဲ့ ဆောင်ရွက်ချက်အနေနဲ့ ကြိုးကြိုးစားစား ဆောင်ရွက်ထားတာနှင့် ပတ်သက်ပြီးတော့ ဒီကော်မတီဟာ လွှတ်တော်ကိုယ်စားလှယ်တွေကို အထောက်အကူပြုစေမယ့် လေ့လာလို့အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးတဲ့အတွက် ဒီကော်မတီကို ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ကြောင်း ဦးစွာပြောကြား လိုပါတယ်။ ကျွန်တော်တို့ ဒီကော်မတီတွေ အသီးသီးကဆောင်ရွက်ထားတဲ့ ဆောင်ရွက်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို အခါအားလျော်စွာ အစီရင်ခံစာ ဆောင်ရွက်ချက်များကို ဝေငှပေးရင်လည်း ကော်မတီအချင်းချင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆောင်ရွက်ချက်တွေ ပိုမိုသိရှိနိုင်ပြီးတော့ ဆောင်ရွက်ချက်တွေ ပိုမိုတိုးတက်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ အခု ဆွေးနွေး သွားတဲ့ ကိုယ်စားလှယ်တော်ကြီး ဦးသန်းမြင့်အနေနဲ့ ဆွေးနွေးထားတာတွေကိုလည်း ကျွန်တော့်အနေနဲ့ ထောက်ခံပါတယ်။ ဒီကော်မတီတွေနဲ့ ကတိကဝတ်လို့ခေါ်တဲ့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အမြဲတမ်းပူးပေါင်း ဆောင်ရွက်သင့် တယ်လို့ မြင်ပါတယ်။ လွှတ်တော်မှာ မေးမြန်းခဲ့တဲ့၊ တင်သွင်းခဲ့တဲ့ အဆိုတွေ၊ မေးခွန်းတွေဟာ ကျွန်တော်တို့ ကိုယ်စားလှယ်တွေအပေါ် ဘယ်လိုအနေအထားမျိုးရှိနေတယ်။ အဲဒီလို မေးထားတဲ့မေးခွန်းတွေ၊ အဆိုတွေသည် အစိုးရဘက်ကနေဖြေသွားတဲ့အခါမှာ လွှတ်တော်မှာ မှတ်တမ်းအဖြစ် ဘယ်ကဲ့သို့ ကျန်နေခဲ့သည်ဆိုတာကို ဒီကော်မတီတွေနဲ့သာ ကျွန်တော်တို့ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ပိုမိုအသေးစိတ်သိနိုင်တယ်လို့ ကျွန်တော် မြင်ပါတယ်။ လွှတ်တော်မှာ မေးခွန်းအဖြစ် မေးမြန်းတဲ့အခါမှာ ဖြေသွားတဲ့ အဖြေတွေကို ကျွန်တော်တို့ လုံးစိပတ်စိနားမလည် လိုက်တာတွေတောင် ရှိနိုင်ပါတယ်။ အဲဒီအခါမှာ ဒီကော်မတီအနေနဲ့ စနစ်တကျမှတ်တမ်းပြုစု ထားတဲ့အချိန်မှာ ကျွန်တော်တို့က ဒီကော်မတီကို သွားရောက် ပြီးတော့၊ ဆက်သွယ်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်တဲ့အခါမှာ သိချင်တဲ့အချက်တွေကို ဒီကော်မတီအနေနဲ့ ဆောင်ရွက်ပေးမှုရှိခဲ့တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အင်မတန်မှလုပ်ငန်း ဆောင်ရွက်မှုအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အနေအထားမျိုး ရှိပါတယ်။ လွှတ်တော်က ထုတ်ပြန်ပေးမယ့် မှတ်တမ်းစာအုပ်များ အနည်းငယ်ကြန့်ကြာမှုရှိတဲ့အတွက် ပြီးခဲ့တဲ့ လွှတ်တော်တွေမှာ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်များသည် နောက်လွှတ်တော်မှာ ဒါတွေနဲ့ ပတ်သက်ပြီးတော့ Refern လုပ်ဖို့၊ ဒါတွေကို ပြန်ကြည့်ဖို့အတွက်ကို အခက်အခဲအနည်းငယ် ရှိပါတယ်။ အဲ့ဒီအတွက် ရှေ့ကပြီးခဲ့တဲ့အဆိုများ၊ မေးခွန်းများသည် နောက်အစည်း အဝေးတွေမှာ ထပ်တူလာပြီးတော့ ကျနေနိုင်တာလည်း ရှိပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ မိန့်မှာချက်အရ ခေတ်တွေ၊ စနစ်တွေပြောင်းလာတဲ့အခါမှာ ပထမအကြိမ်က ဆောင်ရွက်မပေးနိုင်ခဲ့သော်လည်း အခုအချိန်မှာ ဆောင်ရွက် ပေးနိုင်တာရှိပါတယ်။ ပြီးတော့ ပထမ အကြိမ်တုန်းက ဆောင်ရွက်ဖို့အတွက်ကို အခက်အခဲရှိတာတွေဟာ အခုအချိန်မှာ အဲဒီအခက်အခဲကို ကျော်လွှားနိုင်တဲ့ အနေအထားမျိုးရှိနိုင်တယ်လို့ ပြောတဲ့အတွက် ကျွန်တော် တို့ဟာ ပထမတုန်းက ကတိမဖြစ်ခဲ့သော်လည်း ဖြေကြားရာမှာ မဆောင်ရွက်ပေးနိုင်ဘူးလို့ ဖြေခဲ့သော်လည်း နောက်လာမယ့် အစည်းအဝေးတွေမှာ ဖြေကြားနိုင်တယ်၊ ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေ၊ ကတိဖြစ်နိုင်တဲ့ အခြေအနေရှိနိုင်တဲ့အတွက် ကျွန်တော်တို့ဟာ ဒီမေးခွန်းကိုပဲ ပြန်လည်ပြင်ဆင်ပြီးတော့မှ မေးမြန်းရမှာ ဖြစ်သလို အဆိုတွေကို ပြန်လည်တင်သွင်းရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ဟာ ကတိကဝတ် ကော်မတီအနေနဲ့ ဆောင်ရွက်ချက်တွေသည် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်မှုမှတ်တမ်း ဖြစ်သလို ဆောင်ရွက်ချက်တွေရဲ့ အသက်လို့လည်း ပြောလို့ရနိုင်ပါတယ်။ အဲဒီအတွက် ဦးသန်းမြင့်တင်ပြ သွားတဲ့တင်ပြချက်တွေသည် ကျွန်တော်တို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒီထဲမှာ စောစောက ပထမဦးဆုံးဆွေးနွေးသွားတဲ့ ကလေးမဲဆန္ဒနယ်က ဦးတင်လှိုင် ဆွေးနွေးသွားချက်မှာလည်း လွှတ်တော်က မေးမြန်းခဲ့တဲ့ မေးခွန်းပေါင်း၊ အဆိုပေါင်းတွေကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြန်လည်ပြီးတော့ ဖြေဆိုသွားတာတို့၊ ကတိဖြစ်တာတို့၊ မဖြေဆိုရသေးတာတို့ အဲဒီအချက်အလက်တွေ အများကြီးကျန်ခဲ့ပါတယ်။ အဲဒါတွေဟာ ပထမလွှတ်တော်ကတည်းက ရှိခဲ့တဲ့ဟာတွေ အခု စတုတ္ထပုံမှန်အစည်းအဝေးအထိ ကြွေးကျန် တာတွေ ရှိပါသေးသလားလို့ ကျွန်တော်တို့ သိချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဆို အချို့ကို မေးခွန်းအဖြစ် ပြောင်းလဲခဲ့ရတာတွေရှိပါတယ်။ အဲ့ဒီမေးခွန်းအဖြစ် ပြောင်းလဲရတဲ့အဆိုတွေပဲ ဖြစ်စေ၊ ကြယ်ပွင့်ပြ ထားတဲ့ မေးခွန်းတွေပဲဖြစ်စေ ဖြေကြားတဲ့အခါမှာ ကျွန်တော်တို့ကို စာအိတ်တွေနဲ့ ဖြေကြားတာကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီလို စာအိတ်တွေနဲ့ ဖြေကြားတဲ့ အဆိုတွေသည် ကတိဖြစ်၊ မဖြစ် သိလိုပါ တယ်။ ပြီးတော့ စာအိတ်နဲ့ ဖြေကြားတဲ့ဟာသည် ပြည်သူလူထုအတွက် မေးမြန်းတာဖြစ်တဲ့အတွက် ဒီစာအိတ် နဲ့ဖြေကြားတဲ့အခါမှာ ထိပ်တန်းလျှို့ဝှက်၊ လျှို့ဝှက်၊ ကန့်သတ်စသဖြင့်တွေ ပါလာပါတယ်။ အဲဒီလို ပါလာတဲ့အခါမှာ ကျွန်တော်တို့ဟာ ပြည်သူလူထုသိဖို့အတွက်ကို ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာတွေ ကျွန်တော်တို့အတွက် ပြဿနာတွေ ရှိလာပါတယ်။ ဒီပြဿနာမျိုးကို ကတိကဝတ် ကော်မတီဖြစ်တဲ့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ ဆောင်ရွက်နိုင်မယ့်နည်းလမ်းကို ဖော်ထုတ်ပြီးတော့ ဆောင်ရွက်ပေးစေ လိုပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီကတိကဝတ်ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက် ပြီးတော့မှ လွှတ်တော်မှာ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူသိဖို့ဖော်ထုတ်တဲ့ လမ်းကြောင်း တစ်ခုဆောင်ရွက်သင့်တယ်လို့လည်း ဆွေးနွေးလိုပါတယ်။ ပြီးတော့ ဒီအစိုးရလိုက်နာဆောင်ရွက်ခြင်း၊ ကတိကဝတ်ရထားပြီးတာတွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတာတွေကို ဘယ်လိုထပ်မံပြီး ဆောင်ရွက်သင့် သလဲ။ နဂိုတင်သွင်းခဲ့တဲ့ မေးခွန်း၊ အဆိုရှင် လွှတ်တော်ကိုယ်စားလှယ်နှင့် ကတိကဝတ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရမလား။ ကတိကဝတ် ကော်မတီကပဲ ကော်မတီတစ်ခုတည်းနဲ့ ဆောင်ရွက်သွားမှာလား ဆိုတာမျိုးလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ နဂိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် မလွဲမသွေ ပါရမှာဖြစ်တယ်လို့ မြင်ပါတယ်။ ဘာလိုလဲဆိုတော့ တချို့နေရာမှာ ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေရှိပါတယ်။ အဲဒီဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းခဲ့တဲ့ ကတိဖြစ်မှု ကိစ္စတွေမှာ ကတိအဖြစ် မဆောင်ရွက်နိုင်ခဲ့ရင် ကတိကဝတ်ကော်မတီနဲ့ ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တို့ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ အဲဒီလို မြင်ပါတယ်။ အခု ကျွန်တော့် အနေနဲ့ မေးခဲ့တဲ့ မေးခွန်း ဒဂုံအရှေ့ပိုင်းမြို့နယ်က ဝန်ထမ်းတွေကို ပေးထားပြီးတဲ့ ဝန်ထမ်းတွေမှလည်း သက်ဆိုင်ရာ စည်ပင်မြေခွန်တွေကို အကျေပေးပြီးခဲ့တဲ့ အနေအထားမှာ ဝန်ထမ်းပေါင်း ၈၀၇၉ ဦးရဲ့ မြေယာကွက်တွေကို နိုင်ငံတော်မှ ကြေညာပြီးတော့မှ သိမ်းသွားတာရှိပါတယ်။ ဒါကို ဒုတိယပုံမှန်အစည်းအဝေး ကတည်းလောက်ကနေ စပြီးတော့မှ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သို့သော် ဒီဟာကို ဆက်တိုက် လွှတ်တော်အစည်းအဝေးတိုင်းမှာ ဆက်လက်ပြီးတင်ပြခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလို ဆက်လက်ပြီး တင်ပြ ခဲ့တဲ့အခါမှာ ထိုက်သင့်တဲ့ကတိ ရခဲ့တယ်လို့ မြင်ပေမယ့် ကတိတွေဟာ အတိအကျ ဖော်ညွှန်းတဲ့ကတိ မဟုတ်ဘဲနှင့် အနည်းငယ် လိုက်လျောမှု နည်းနည်းနဲ့ ရောက်လာတဲ့အခါမှာ လိုအပ်တဲ့ အဖြေကို အခုထက်ထိ မရောက်သေးပါဘူး။ အဲဒီလို မရောက်သေးတဲ့အတွက် ကျွန်တော်တို့ဟာ ဆက်လက်ပြီး ဆောင်ရွက်ရမယ့် အလုပ်တွေဟာ လွှတ်တော်စကတည်းက အခုလွှတ်တော် တစ်ဝက် ကျိုးကာနီးအထိ ကျွန်တော်တို့တွေက ဆောင်ရွက်လို့မပြီးနိုင်တဲ့ အနေအထားမျိုးဖြစ်နေတဲ့ အခါမှာ ကျွန်တော်တို့ ဒီကတိကဝတ်ကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်အကြီးအကဲများနှင့် ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲဆိုတဲ့ ကိစ္စမျိုးဟာ ဒါအရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော်ရဲ့ မေးခွန်းကို ဖြေသွားပြီးတော့ နောက်ဆုံးအခြေအနေမှာ လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ ကတိကဝတ်ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မိန့်မှာခဲ့တဲ့ အခြေအနေမှာ မှတ်တမ်းတင်ပြီးတော့ ပြန်လည်စိစစ်တွေ့ရှိချက်တွေကို တွေ့ရတဲ့အခါမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနက နောက်ထပ် အခြားဝန်ကြီးဌာနတစ်ခုကို လွှဲပြောင်းပါတယ်။ နောက်ထပ် အခြားဝန်ကြီး ဌာနကလည်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကို ညွှန်းထားပါတယ်။ ဒါပေမယ့်ပြီးပြတ်တဲ့ လုပ်ငန်းမဟုတ် တဲ့အတွက် အခုထက်ထိ ဒီလုပ်ငန်း၊ ဒီကိစ္စဟာ ပြီးပြတ်တဲ့ ကိစ္စမဟုတ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကတိကဝတ်ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ဆန္ဒရှိပါတယ်။ အဲဒီအတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်ရမယ့်အခါမှာ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ကတိကဝတ်ကော်မတီများနဲ့ ပူးပေါင်းဆောင်ရွက် လိုပါတယ်လို့ တင်ပြရင်း ကျွန်တော်ရဲ့ တင်ပြချက်ကို နိဂုံးချုပ်ပါတယ်ခင်ဗျား။
ဒုတိယပိုင်းအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် အသီးသီးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ ပုဒ်မ ၁၄၁၊ ပုဒ်မ ၁၆၁ တွင် ပြဋ္ဌာန်း ထားသည့်အတိုင်း ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံထားရသူများ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးဟာ ပြည်သူများရဲ့ လိုအပ်ချက်များကို လွှတ်တော်သို့ တင်ပြရန် တာဝန်ရှိသကဲ့သို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များမှ ဖြေကြားချက်များ၊ ကတိများ၊ တာဝန်ခံချက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပါက မိမိတို့ တင်ပြတဲ့အတိုင်း ဆောင်ရွက်ပြီးစီး ခြင်း ရှိ၊ မရှိ အသိဆုံးဖြစ်မှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ ကော်မတီ နဲ့ ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြလိုပါတယ်။ ကျွန်တော်တို့ ကော်မတီ အနေနဲ့ လက်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများရဲ့ ဖြေကြားချက်အပေါ် အခြေခံပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်ပြနေရတဲ့အတွက် အချို့လုပ်ငန်းများ လိုအပ်ချက်အားနည်းချက်များ ရှိကောင်းရှိနိုင်ပါတယ်။ အဆိုပါ အားနည်းချက်၊ လိုအပ်ချက်များအား လွှတ်တော်ကိုယ်စားလှယ်များမှ ဝိုင်းဝန်းညှိနှိုင်းပူးပေါင်း ဆောင်ရွက် ပေးခြင်းအားဖြင့် လွှတ်တော်သို့ ပိုမိုပြည့်စုံတဲ့အစီရင်ခံစာ တင်ပြနိုင်မယ့်အပြင် ပြည်သူ့အကျိုး၊ ဒေသအကျိုး ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျင်မြန်တဲ့အရှိန်အဟုန်နဲ့ ဆောင်ရွက်ရာမှာ တစ်ဖက် တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
အခမ်းအနားမှူး။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ အစည်းအဝေး ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။
အခမ်းအနားမှူး။ ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ကြွရောက်လာပါပြီ ခင်ဗျား။
အခမ်းအနားမှူး။ ။ အားလုံးထိုင်နိုင်ကြပါပြီခင်ဗျား။
ပြည်ထဲရေးဝန်ကြီးဌာနမှပေးပို့သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကိုလက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးတင်ပြခြင်း
ဥက္ကဋ္ဌ ။ ။ အစီအစဉ် ၈ ကိုကျော်ပြီးတော့ အစီအစဉ် ၉ ကို ခေတ္တဆောင်ရွက်ပါ့မယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်ထဲရေးဝန်ကြီးဌာနမှပေးပို့လာသော ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၇၀ နှင့်အညီ ၁၁- ၇ - ၂၀၁၂ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များထံ ဥပဒေကြမ်း မိတ္တူများကိုဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၇၁ နှင့်အညီ ဖြန့်ဝေတင်ပြသောနေ့ရက်မှရက်ပေါင်း ၉၀ အတွင်း မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးသန်းဝင်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအောင်သန်းတို့က အဆိုပြုပြင်ဆင်ချက်များတင်သွင်းလာပါတယ်။ အဆိုပြုပြင်ဆင်ချက်များကိုလည်း ကိုယ်စားလှယ်များ ထံလေ့လာနိုင်ရန်ဖြန့်ဝေထားကြောင်း အသိပေးတင်ပြ အပ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကိုလက်ခံရရှိကြောင်း၊ လွှတ်တော်က ဆွေးနွေးစဉ်းစားရန်ဖြစ်ကြောင်းနှင့် ပြင်ဆင်ချက် အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၁၀ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျားပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၇၃ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများနှင့်စပ်လျဉ်းပြီး ဆွေးနွေးမည့်ရက်ကို ထပ်မံကြေညာပါ့မယ်။ ဒီနည်းဥပဒေများနှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆိုတင်သွင်းဆွေးနွေးလိုသူများသည် ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာကို တိတိကျကျဖော်ပြ၍ ၆-၁၁-၂၁၀၂ ရက်နေ့ ၁၃:၀၀ နာရီ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြပါတယ်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှပေးပို့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကိုလက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေး တင်ပြခြင်း
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၁၁ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှပေးပို့လာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး နည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၇၀ နှင့်အညီ ၃-၉-၂၁၀၂ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များထံ ဥပဒေကြမ်းမိတ္တူများကို ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၇၁ နှင့်အညီ ဖြန့်ဝေ တင်ပြသောနေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက အဆိုပြုတင်ပြချက်များ တင်သွင်းလာပါတယ်။ အဆိုပြုပြင်ဆင်ချက် များကိုလည်း ကိုယ်စားလှယ်များထံ လေ့လာနိုင်ရန် ဖြန့်ဝေထားကြောင်း အသိပေးတင်ပြအပ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကို လွှတ်တော်က ဆွေးနွေးစဉ်းစားရန်ဖြစ်ကြောင်းနှင့်ပြင်ဆင်ချက် အဆိုတင်သွင်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာခြင်း
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၁၂ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၇၃ အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများနှင့်စပ်လျဉ်းပြီး ဆွေးနွေးမယ့်ရက်ကို ထပ်မံကြေညာပါမယ်။ ဒီ နည်းဥပဒေများနှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆိုတင်သွင်းဆွေးနွေးလိုသူများသည် ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာကို တိတိကျကျဖော်ွပ၍ ၆-၁၁-၂၁၀၂ရက်နေ့ ၁၃:၀၀ နာရီအချိန် နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းကြရန်ဖြစ်ပါတယ်။
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၈ ကို ပြန်လည်ဆောင်ရွက်ပါ့မယ်။ အစီအစဉ် ၈ မတိုင်ခင် ဒီနေ့ အစိုးရ ရဲ့အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေးသွားခဲ့တာရှိပါတယ်။
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၈ မတိုင်ခင် ဒီနေ့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကော်မတီရဲ့အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေးသွားခဲ့တာရှိပါတယ်။ ဒီလိုဆွေးနွေးသွားခဲ့တဲ့ အချက်များနှင့်ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးလိုက ဆွေးနွေးလိုကြောင်း၊ ဆွေးနွေးနိုင်ကြောင်း မိမိအနေနဲ့ ဖိတ်ခေါ်အသိပေးပါတယ်။
ဦးဝင်းသန်း(အဖွဲ့ဝင်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ)။ ။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော် များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာပါစေကြောင်း ဆုတောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက် ပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဆွေးနွေးချက်များအပေါ်မှာရော ယခုလိုမျိုး Agenda မှာထည့်ပြီးတော့ ကျွန်တော်တို့ကို ပြန်လည်ရှင်းလင်းတင်ပြခွင့် အကျဉ်းချုပ်ပေးတဲ့ အတွက် ဥက္ကဋ္ဌကြီးအားကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကတိကဝတ်ကော်မတီရဲ့ကိုယ်စား ကော်မတီ ဥက္ကဋ္ဌရဲ့ တာဝန်ပေးချက်အရလည်းကောင်း သာပေါင်းမဲဆန္ဒနယ်မှ ကျွန်တော် ဦးဝင်းသန်းက ကော်မတီ ကိုယ်စားလည်း အတိုချုပ်ပဲ၊ အကျဉ်းချုပ် ပြန်လည်ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီရဲ့ အစီရင်ခံစာအပေါ်မှာ ကော်မတီဝင်မပါ လွှတ်တော်ကိုယ်စားလှယ်ကြီး ၃ ဦးကနေပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးသွားတဲ့အတွက်လည်း ဆွေးနွေးချက်များအားလုံး၊ သုံးသပ်ချက်များအားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း ကော်မတီကိုယ်စား ဦးစွာတင်ပြလိုပါတယ်။ ကိုယ်စားလှယ်ကြီးများ အားလုံးရဲ့ အကြံဉာဏ်ပေးချက်များဟာ တစ်ခုမှပိုတာလည်းမရှိပါဘူး။ လိုအပ်ချက်အတိုင်းပဲ အတိအကျ ဆွေးနွေး သွားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့လည်း အဆိုပါဆွေးနွေးချက်များကို တည်ဆဲလွှတ်တော်ရဲ့ နည်းဥပဒေအရ အစီရင်ခံစာမှာ တိုက်ရိုက် စာသားကိုပြင်ဆင်ခွင့် မရှိသော်လည်းပဲ ကျွန်တော်တို့ ကော်မတီဝင်များ အားလုံးက နောင်လာမယ့်ရှေ့ဆက်လုပ်မယ့်အလုပ်မှာ ဘယ်လိုလုပ်ပေးမယ်ဆိုတာကိုတော့ အားလုံး တိတိကျကျ မှတ်သားထားပြီးဖြစ်ကြောင်းလည်း ပြန်ကြားပြီးတော့ ကျွန်တော်တင်ပြလိုပါတယ်။ ကျွန်တော်တို့ အထူးသဖြင့် ဦးတင်လှိုင် ကလေးမဲဆန္ဒနယ်က စီဒီဖြန့်ဝေမှုအစား စာအုပ်ဖြင့် ဝေသင့်ကြောင်း ဆိုတာ လာမယ့်ရှေ့လျှောက် အစီရင်ခံစာတွေမှာ စီဒီအစားကို စာအုပ်ဖြင့်ဝေနိုင်အောင် စီစဉ်ထားပါတယ်။ စာအုပ်နဲ့မဝေနိုင်တာ စာရွက်စာတမ်းမရရှိ မလုံလောက်လို့လည်းမဟုတ်ပါဘူး။ အဓိကကတော့ ခုနက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေကတစ်ဆင့် ပြန်လာတဲ့အခါမှာ ဒီစာကို မလိုအပ်ဘဲနဲ့ မဖတ်နိုင်တဲ့သူ တွေက မဖတ်နိုင်ဘဲနဲ့ ဆိုင်းထားတဲ့အခါမှာ ကြာတဲ့အချိန်ပေးလာတဲ့အတွက် တကယ့်ပုံနှိပ်ရမယ့်နေရာကို ရောက်တဲ့အချိန်မှာ မမီတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမမီမယ့် အစားကိုတော့ ကိုယ်စားလှယ်ကြီးများ တတ်နိုင်သလောက်ကြိုဖတ်နိုင်အောင်ဆိုပြီးတော့ စီဒီပဲစီစဉ်ခဲ့တာဖြစ်တဲ့အတွက် ရှေ့လျှောက်မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့သဝဏ်လွှာအရရော၊ ကျွန်တော်တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုအရရော တိုက်ရိုက်ဆောင်ရွက်လာတဲ့အခါမှာ သတင်းအချက်အလက် ပေးပို့မှုတွေက ဒီထက်မြန်ဆန်လာတော့မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ရှေ့လျှောက်ပြီးတော့ အစီရင်ခံစာ တွေမှာ ဘယ်လောက်ပဲထူထူပေါ့။ ဒီစာအုပ်စာတမ်းနဲ့ရအောင် ဝေဖို့အစီအစဉ်နဲ့ဆောင်ရွက်ထားတာကိုလည်း ပြန်ကြားတင်ပြလိုပါတယ်။ နောက်တစ်ခုကတော့ ပြီးခဲ့တဲ့ စတုတ္ထအကြိမ်အစည်းအဝေးကစပြီးတော့ လွှတ်တော်ထဲမှာ နှုတ်ဖြင့် ကတိပေးတာသာမက စာနဲ့ပေးတဲ့ကတိကဝတ်တွေကိုပါ ဆောင်ရွက်ပေးမယ် ဆိုတဲ့အတိုင်းလည်း ပြီးခဲ့တဲ့ အစီရင်ခံစာတွေ အစောင် ၄၀၀ ရောက်ရှိလာပြီးတော့ ၄၀၀ စလုံးကို ကတိကဝတ် ဖြစ်၊ မဖြစ် စိစစ်ပြီးတော့မှ ၃၀၀ ဖြစ်ခဲ့တဲ့အတွက် ဒါကိုလည်း ပြန်ကြားဆောင်ရွက်ဖို့ လုပ်ခဲ့ပါတယ်။ ရှေ့လျှောက်လည်း ဆက်လုပ်မှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ မိမိတို့ထံကို ကြယ်ပွင့်ပြသည် ဖြစ်စေ၊ မပြသည်ဖြစ်စေ စာနှင့်ပေနှင့် ရောက်ရှိလာမယ်ဆိုရင် ကော်မတီမှာလွတ်မသွား အောင်လို့ ကော်မတီနဲ့ပူးပေါင်းဆောင်ရွက်ပေးပို့ပေးဖို့ ဒီလိုပေးပို့လာတဲ့အခါမှာ ကျွန်တော်တို့ တိတိကျကျမှတ် သားပြီးတော့ ဆောင်ရွက်ပေးပါမယ်လို့ ကော်မတီရဲ့ကိုယ်စားလည်း ပြန်ကြားပြီးတော့ တင်ပြလိုပါတယ်။ နောက် ဘတ်ဂျက်မပါဘဲနဲ့ မလှိုင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးအေးမောက် တင်ပြထားတဲ့ ဘတ်ဂျတ်မပါဘဲနဲ့ အစိုးရရဲ့စီမံခန့်ခွဲမှု အုပ်ချုပ်မှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုနဲ့တင်ပဲ ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စတွေမှာ စိစစ်သွားနိုင်ဖို့အတွက်လည်း ကော်မတီက ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တစ်လတစ်ကြိမ်တိုက်တွန်းဆောင်ရွက်ဖို့ကိစ္စတွေလည်း ကော်မတီက ပြန်ထိုင်ပြီးတော့မှ တိုက်ရိုက်ဘယ်လို နည်းလမ်းနဲ့ဆောင်ရွက်မယ်ဆိုတာကိုလည်း စီရင်သွားမယ့်အကြောင်းလည်း အချုပ်အားဖြင့်တော့ လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးခိုင်မောင်ရည် တင်ပြသလို ကတိကဝတ်ဖြစ်တဲ့ အပေါ်မှာရော၊ အကောင်အထည် ဖော်နိုင်တဲ့အပေါ်မှာရော ကော်မတီက လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိ ပါကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများက လာရောက်ပူးပေါင်း ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ဘက်က အပြည့်အဝပူးပေါင်းဆောင်ရွက်မှုနှင့် စိစစ်မှုများကို ဆက်လက်ပြီးတော့ ဆောင်ရွက်ကြိုးပမ်း ပေးပါ့မယ်အကြောင်း လာမယ့်အစီရင်ခံစာများမှာလည်း ဒီထက်ဒီထက် ပိုပြီးတော့ အကြံပြုချက်အတိုင်း ပြည့်စုံ အောင် ဆောင်ရွက်ပေးမယ့်အကြောင်း ကော်မတီရဲ့ကိုယ်စား ပြန်လည်ရှင်းလင်းတင်ပြရင်း ကျေးဇူးတင်ပါ တယ်ခင်ဗျား။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ အစီရင်ခံစာအပေါ် ဆွေးနွေးသွားတဲ့နေရာမှာ ကြယ်ပွင့်မပြမေးခွန်းများကို သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက ပြန်လည်ဖြေကြားတဲ့နေရာမှာ ထိပ်တန်းလျှို့ဝှက်၊ လျှို့ဝှက်တပ်လိုက်ခြင်းအားဖြင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံ ရောက်လာတဲ့အခါမှာ ဖော်ပြချက်များကို ကိုယ်စားလှယ်များကတစ်ဆင့် ပြည်သူများထံပြန်လည်ပြောကြားဖို့ကိစ္စ တော်တော်အခက် အခဲရှိကြောင်းကြားသိခဲ့ရပါတယ်။ တစ်ခါ ခုနက ခေတ္တနားနေချိန်မှာလည်း တံတားဦး ကိုယ်စားလှယ်က ဒီအကြောင်းတွေထပ်ပြီး သတိပေးပါတယ်။ သတိပြုခိုင်းပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာလည်း ဆွေးနွေးခဲ့တာရှိပါတယ်။ ကျွန်တော့်ဘက်က ပြည်သူ့လွှတ်တော်အနေနဲ့ စီစဉ်ထားမှု ကတော့ ဒီလို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်မပြမေးခွန်းများမေးတဲ့အခါမှာ ပြန်လည် ဖြေကြားမှုကို ထိပ်တန်းလျှို့ဝှက်၊ လျှို့ဝှက်များ တပ်ပြီး မဖြေဖို့ ကျွန်တော် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တကယ်ပြန်စဉ်းစားမယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ မေးလိုက်တဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံ နှုတ်နဲ့ ကြယ်ပွင့်ပြမေးခွန်းတွေမှာ ဖြေရပါတယ်။ အဲဒီလို ဖြေတာဟာတွေကလည်း အားလုံးပြည်သူသိအောင်ဖြေပေးရတဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက ကြယ်ပွင့်မပြမေးခွန်းနဲ့မေးမယ့်ဟာကိုလည်း ဖြေမယ်ဆိုလို့ရှိရင် ပြည်သူသိဖို့လည်းလိုပါတယ်။ သိဖို့ လိုတဲ့နေရာမှာ ခုနကပြောသလို ထိပ်တန်းလျှို့ဝှက်၊ လျှို့ဝှက်တပ်ထားခြင်းအားဖြင့် ဘာမှရည်ရွယ် ချက်မအောင်မြင်ဘဲနဲ့ ဖြစ်သွားနိုင်တဲ့အနေအထား ရှိပါတယ်။ ဒါကြောင့်မို့လို့ ခုနက ဒေါ်ခင်သန္တာ တံတားဦး မဲဆန္ဒနယ်က ထပ်ဆင့်မေးတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ ဒီအတိုင်းဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းလည်း လွှတ်တော်ကိုအသိပေးတင်ပြလိုပါတယ်။ ဒါကြောင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ ကိုယ်စား သာပေါင်းမဲဆန္ဒနယ်က ဦးဝင်းသန်းရဲ့ ပြန်လည်ရှင်းလင်းချက်ပေါ် မူတည် ပြီးတော့ကျွန်တော်တို့ကော်မတီရော၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် များအားလုံး ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် မိမိတို့ရဲ့မေးခွန်းတွေ၊ မိမိတို့ရဲ့အဆိုတွေ၊ ကတိကဝတ်တွေကို ဖော်ဆောင်တဲ့နေရာမှာ ပိုပြီးထိရောက် သွားမယ်ဆိုတဲ့အကြောင်း ဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကလည်း လိုက်ပါပူးပေါင်း ဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းခြင်ပါတယ်။
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံများစိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဥက္ကဋ္ဌ။ ။ အစီအစဉ် ၈ ကို ဆက်လက်ဆောင်ရွက်ပါမယ်။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၇၃ နည်းဥပဒေခွဲ (ဃ) အရ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်မှာဖြစ်ပါတယ်။ အဆိုတင်သွင်းရန် သက်ဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌအား ဖိတ်ခေါ်ပါတယ်။
ဦးဝင်းစိန်(ဥက္ကဋ္ဌ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ)။ ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပဉ္စမပုံမှန် စည်းအဝေးရဲ့ ပဉ္စမနေ့မှာ တင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီရဲ့ အစီရင်ခံစာကို တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာကို ကိုယ်စားလှယ် ၄ ဦးမှ ဆွေးနွေးခဲ့ပြီး ကော်မတီဝင်တစ်ဦးမှ ထပ်ဆင့်ရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို လွှတ်တော်မှ အတည် ပြုပေးနိုင်ပါရန် တင်သွင်းအပ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌ။ ။ အဆိုကို အတည်ပြုနိုင်ဖို့ လွှတ်တော်ရဲ့သဘောထားရယူပါမယ်။ အစိုးရ၏အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြုရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။
