‌ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကြမ်းအပေါ် ဥပဒေကြမ်းကော်မတီရဲ့စီစစ်တွေ့ရှိချက် အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း

ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဦးစိုးစိုးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်းကော်မတီရဲ့ တာဝန်ပေးအပ်ချက်အရ ‌ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကြမ်းအပေါ် ဥပဒေကြမ်းကော်မတီရဲ့စီစစ်တွေ့ရှိချက် အစီရင်ခံစာအား ဖတ်ကြားတင်သွင်းသွားမှာဖြစ်ပါတယ်။

          ၁။       ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကြမ်း ကို အထက်ရည်ညွှန်း(၁)ပါစာဖြင့် ပြည်ထောင်စုလွှတ်တော်က ပေးပို့လာရာ အမျိုးသားလွှတ်တော်တွင် ၇-၈-၂၀၁၂ ရက်နေ့၌စတင် တင်သွင်းခဲ့ပြီး ၂၂-၈-၂၀၁၂ ရက်နေ့  အမျိုးသားလွှတ်တော်အစည်းအဝေးတွင်  ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပါသည်။

၂။       ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းတွင် အခန်း ၁၃ ခန်း နှင့် ပုဒ်မပေါင်း ၇၂ ခု ပါရှိပါသည်။

၃။       ယင်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်ကို အောက်ပါအတိုင်း တွေ့ရှိရပါသည် -

(က)    ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာမှုကို အထောက်အကူ ပြုနိုင်ရန်၊

(ခ)     နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်လိုအပ်သည့် ငွေကြေး အရင်းအနှီးများ စုစည်းရယူနိုင်မည့် ငွေချေးသက်သေခံလက်မှတ် ဈေးကွက်စနစ်တကျ ပေါ်ထွန်းလာစေရန်၊

(ဂ)     နိုင်ငံတော်နှင့် ပုဂ္ဂလိကငွေရေးကြေးရေး လုပ်ငန်းစွမ်းဆောင်မှု မြင့်မားလာစေပြီး စီးပွားရေးကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်ထွန်းကားလာစေရန်၊

(ဃ)    ငွေချေးသက်သေခံလုပ်ငန်း ချောမွေ့စေ‌ရေးနှင့် မှန်ကန်သောနည်းလမ်းဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရေးတို့အတွက် ကြီးကြပ်ကွပ်ကဲနိုင်ရန်၊

(င)     ငွေချေးသက်သေခံလက်မှတ် ဈေးကွက်တွင် ပါဝင်ဆောင်ရွက်သူများအား ဥပဒေနှင့် အညီ အကာအကွယ်ပေးနိုင်ရန်၊

(စ)     အများပြည်သူ၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန် အားပေးခြင်းဖြင့် နိုင်ငံတော်၏ ငွေရေးကြေးရေးဆိုင်ရာမူဝါဒများကို အထောက်အကူပြုနိုင်ရန်တို့ ဖြစ်ပါသည်။

၄။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သော ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်ရမည့်မူ(၁၂)ချက်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ နှင့် အညီ  ၂၃-၁၀-၂၀၁၂ နေ့တွင်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

၅။       ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ  ပြင်ဆင်ချက် စုစုပေါင်း ၁၃၆ ချက်တွေ့ရှိရပြီး အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း လက်ခံ သဘောတူသည့်အချက် ၈၄ ချက်၊ မူလပြဋ္ဌာန်းချက်အတိုင်းထားရှိရန် ၉ ချက်နှင့် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် ၄၃ ချက် ဖြစ်ပါသည်။

၆။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေးဥပဒေကြမ်း အားစိစစ်ခဲ့ရာ ပြင်ဆင်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(၁)     အမျိုးသားလွှတ်တော်ပြင်ဆင်ချက် အပိုဒ် ၂ အပိုဒ်ခွဲ (ဋ) အားကောင်တာ ဈေးကွက် ဆိုသည်မှာ စာရင်းမဝင်သော ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်းအား စုစည်းဆောင်ရွက်သည့် ဈေးကွက်ကိုဆိုသည် ဟု ပြင်ဆင်ပါသည်။

(၂)     အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အပိုဒ် ၂ အပိုဒ်ခွဲ(ဎ)ရှိ ရောင်းခြင်း ဝယ်ခြင်း စကားရပ်အစား ရောင်းဝယ်ခြင်းဟု အရေးအသားကျစ်လစ်မှုရှိစေရန်ပြင်ဆင်ပါသည်။ 

(၃)     အခန်း (၃) ခေါင်းစဉ်အား ကော်မရှင်ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ဟု ပြင်ဆင်ပါသည်။

(၄)     အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အပိုဒ် ၄ အပိုဒ်ခွဲ (က) ရှိ  ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး စကားရပ်အားပယ်ဖျက်၍   သင့်လျော်သည့် ပုဂ္ဂိုလ် အနည်းဆုံး ငါးဦးပါဝင်သော ကော်မရှင်အဖွဲ့ကိုဖွဲ့စည်းရမည်ဟု ပြင်ဆင်ပါသည်။

(၅)     အပိုဒ် ၇ အပိုဒ်ခွဲ (က) မူလပြဋ္ဌာန်းချက်အား ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း လိုင်စင်လက်မှတ်ထုတ်ပေးရန် လျှောက်ထားချက်ကိုစိစစ်ပြီး လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်သည်ဟု ပြင်ဆင်ပါသည်။

(၆)     အပိုဒ် ၇ အပိုဒ်ခွဲ (ခ) မူလပြဋ္ဌာန်းချက်ရှိ ကာလသတ်မှတ်ရပ်ဆိုင်းခြင်း နှင့် ရုပ်သိမ်းခြင်း စကားရပ်တို့အား နေရာအထားအသိုပြင်ဆင်၍ လိုင်စင်ရရှိသူက တာဝန်နှင့် စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖောက်ဖျက်လျှင် လိုင်စင်ကိုကာလ သတ်မှတ်ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုနိုင်သည်ဟု ပြင်ဆင်ပါသည်။

(၇)     အပိုဒ်၈ အပိုဒ်ခွဲ (ခ) မူလပြဋ္ဌာန်းချက်အား စတော့အိပ်ချိန်းက လိုက်နာရမည့် တာဝန်နှင့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် ခွင့်ပြုမိ့န်ကာလ သတ်မှတ်ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုနိုင်သည်ဟု နေရာအထားအသို မှန်ကန်စေရန် ပြင်ဆင် ပါသည်။

(၈)     အပိုဒ် ၈ အပိုဒ်ခွဲ(ဂ)အပိုဒ်ခွဲငယ် (၄) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ရှိ အခန်း ၁၁ ပါ စကားရပ်အစား  အခန်း ၉ ပါ ဟု ပြင်ဆင်ပါသည်။

(၉)     အမျိုးသားလွှတ်တော် ပြင်ဆင်ချက်အပိုဒ် ၁၇ အပိုဒ်ခွဲ (ဂ) အား သတ်မှတ်ချက် များနှင့်အညီ  ခွင့်ပြုမတည်ငွေရင်းနှင့် အနည်းဆုံးထည့်ဝင်ပြီး မတည်ငွေရင်းရှိရမည် ဟု ပြင်ဆင်ပါသည်။

(၁၀)    အမျိုးသားလွှတ်တော် ပြင်ဆင်ချက် အပိုဒ် ၁၈ အား အရေးအသားကျစ်လစ်စေရန် အတွက် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီသည် ကော်မရှင်ကထုတ်ပေးသော လိုင်စင်တစ်မျိုးမျိုးရရှိလျှင် လိုင်စင်အမျိုးအစားအလိုက် ခွင့်ပြုထားသော ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကို လုပ်ကိုင်ခွင့်ရှိသည်ဟု ပြင်ဆင်ပါသည်။

(၁၁)    အပိုဒ် ၁၉ အပိုဒ်ခွဲ (ခ) မူလပြဋ္ဌာန်းချက်အား မြန်မာနိုင်ငံကုမ္ပဏီများနှင့် သက်ဆိုင်သော တည်ဆဲဥပဒေနှင့်အညီ စာရင်းစစ်ကို ခန့်ထားခြင်းမပြုမီ ကော်မရှင်၏ ခွင့်ပြုချက်ကို ရယူရမည်ဟု ပြင်ဆင်ပါသည်။

(၁၂)    အခန်း (၅) အပိုဒ် ၂၃ အား အရေးအသားကျစ်လစ်မှု ရှိစေရန်အတွက် လိုင်စင် အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်ဟု ပြင်ဆင်ပါသည်။

(၁၃)    အပိုဒ် ၁၂ အပိုဒ်ခွဲ(တ)၊ အပိုဒ် ၂၆ အပိုဒ်ခွဲ (က)နှင့် အပိုဒ်ခွဲ(ခ)၊ အပိုဒ်၂၈ အပိုဒ်ခွဲ (ခ)၊ အပိုဒ် ၃၀၊ အပိုဒ် ၃၁၊ အပိုဒ် ၃၃ အပိုဒ်ခွဲ(က) နှင့်အပိုဒ်ခွဲ(ခ)၊ အပိုဒ် ၃၄ အပိုဒ်ခွဲ(က) အပိုဒ်ခွဲ(ခ) တို့ပါ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များတွင် လုပ်ငန်းလိုင်စင် စကားရပ်၌ လုပ်ငန်းဟူသော စကားရပ်သည် မလိုအပ်ပါသဖြင့်ပယ်ဖျက်၍ လိုင်စင်ဟု ပြင်ဆင်ပါသည်။

(၁၄)    အပိုဒ် ၂၈ အပိုဒ်ခွဲ (က) အား ပုဒ်မ၂၅၊ ပုဒ်မ၂၆ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၂၇ အရ လျှောက်ထားသည့် လိုင်စင်လျှောက်လွှာ လက်ခံရရှိသည့်အခါ လိုင်စင်အမျိုးအစား အလိုက် သတ်မှတ်ထားသောအရည်အချင်းများ၊ စည်းကမ်းများနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပြီး လိုင်စင်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်ဟု ပြင်ဆင်ပါသည်။

(၁၅)    အပိုဒ် ၃၃  အပိုဒ်ခွဲ (က) မူလပြဋ္ဌာန်းချက်ရှိ နည်းဥပဒေများ စကားရပ်ရှိ များ စကားရပ်အား ပယ်ဖျက်၍ နည်းဥပဒေဟု ပြင်ဆင်ပါသည်။

(၁၆)    အပိုဒ် ၃၄ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အား ကော်မရှင်သည် လိုင်စင်ရရှိသူက အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်သည့်အခါ လိုင်စင်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုနိုင်သည်ဟု ပြင်ဆင်ပါသည်။

(၁၇)    အပိုဒ် ၃၅ အပိုဒ်ခွဲ (င) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ရှိ အခန်း ၁၁ ပါ စကားရပ်အစား  အခန်း ၉ ပါ ဟု ပြင်ဆင်ပါသည်။

(၁၈)    အပိုဒ် ၃၅ အပိုဒ်ခွဲ (ဆ) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ရှိ ပြစ်မှုထင်ရှား စကားရပ်သည် မလိုအပ်ပါသဖြင့် ပယ်ဖျက်၍ လိမ်လည်မှု၊ အလွဲသုံးစားမှု၊ ခိုးမှု၊ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု သို့မဟုတ် ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သော ပြစ်မှုဖြင့် အစီရင်ခံရခြင်း ဟု ပြင်ဆင်ပါသည်။

(၁၉)    အပိုဒ် ၃၈ အပိုဒ်ခွဲ (က) အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်ရှိ  အက်ဥပဒေ သို့မဟုတ် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေများအရစကားရပ်အစား သက်ဆိုင်သော တည်ဆဲဥပဒေများအရ စကားရပ်ကိုအစားထိုး၍ ကော်မရှင်ထံမှ ခွင့်ပြုချက် ရရှိပြီးနောက် မြန်မာနိုင်ငံကုမ္ပဏီများနှင့် သက်ဆိုင်သော တည်ဆဲဥပဒေများအရပေးရန် တာဝန်ကန့်သတ်ထားသည့် လီမိတက်ကုမ္ပဏီ သို့မဟုတ် ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းတည်ထောင်သော အဖွဲ့အစည်းဖြစ်သည်ဟု ပြင်ဆင်ဖြည့်စွက်ပါသည်။

(၂၀)    မူလပြဋ္ဌာန်းချက်နှင့် အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်များတွင် မပါဝင်သည့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည် စကားရပ်အား      အပိုဒ် ၄၀ အပိုဒ်ခွဲ (ဃ) အဖြစ် အသစ်ဖြည့်စွက်ပါသည်။

(၂၁)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အပိုဒ် ၄၃ ရှိ ပြင်ဆင်ရမည် စကားရပ်အား ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပါသည်။

(၂၂)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အပိုဒ် ၄၇ အား ကောင်တာဈေးကွက်သည် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရ မည်ဟု ပြင်ဆင်ပါသည်။

(၂၃)    အပိုဒ် ၄၈ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ရှိ အခန်း ၁၁ ပါ စကားရပ်အစား        အခန်း ၉ ပါဟု ပြင်ဆင်ပါသည်။

(၂၄)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အပိုဒ် ၅၃ အပိုဒ်ခွဲ (ဂ) အား ပုဒ်မ ၃၄ အရ ကော်မရှင်က လိုင်စင်ရရှိသူအား လိုင်စင်ကိုကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုသည့် ဆုံးဖြတ်ချက်ဟု ပြင်ဆင်ပါသည်။

(၂၅)    အခန်း(၁၁) တားမြစ်သည့်ပြုလုပ်မှုများဟူသော အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ခေါင်းစဉ်အား အခန်း(၉)တားမြစ်သည့်ပြုလုပ်မှုများဟု ပြင်ဆင်ပါသည်။

(၂၆)    အပိုဒ် ၅၁ မူလပြဋ္ဌာန်းချက်ရှိ အပြုအမူများမှာ စကားရပ်အား ခေါင်းစဉ်နှင့် လိုက်လျောညီထွေရှိစေရန် ပြုလုပ်မှုများ ဟု ပြင်ဆင်ပါသည်။

(၂၇)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အခန်း ၁၁ အပိုဒ် ၅၅ ရှိ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူမည်သူမျှ စကားရပ်အား ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူများသာမက ယင်းလုပ်ငန်းနှင့် ဆက်နွယ် ဆောင်ရွက်သူများအားလုံး အကျုံးဝင်စေရန် သက်ဆိုင်ရာ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူ စကားရပ်အား ပယ်ဖျက်ပါသည်။

(၂၈)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အခန်း ၁၁ အပိုဒ် ၅၆ အပိုဒ်ခွဲ (ခ) အား   ကော်မရှင်၏ခွင့်ပြုမိန့်မရရှိဘဲ ကောင်တာဈေးကွက်ကိုဖြစ်စေ၊ စတော့အိပ်ချိန်း ကိုဖြစ်စေ ဖွဲ့စည်း တည်ထောင်ခြင်း၊ ကောင်တာဈေးကွက် သို့မဟုတ် စတော့ အိပ်ချိန်း၏ လုပ်ငန်းများ၊ ကောင်တာဈေးကွက် သို့မဟုတ် စတော့အိပ်ချိန်း သဘောသက်ရောက် သောလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရဟု ပြင်ဆင်ပါသည်။

(၂၉)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အပိုဒ် ၆၁ အား မည်သူမဆို ပုဒ်မ ၅၅ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြင်ဆင်ပါသည်။                  

(၃၀)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အခန်း ၁၃ အပိုဒ် ၆၈ အား  ဥပဒေရေးထုံးအရ မြန်မာနိုင်ငံတွင် ငွေချေးသက်သေခံလက်မှတ်ဈေးကွက်ကို ဤဥပဒေနှင့်အညီ ပီပြင်စွာ တည်ထောင်ပြီး စနစ်တကျလုပ်ကိုင်ဆောင်ရွက်ခြင်း မပြုနိုင်မီ ကူးပြောင်းဆဲကာလ အတွင်းဟု ပြင်ဆင်ပါသည်။

(၃၁)    အပိုဒ် ၆၉ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့အတွက်  စကားရပ်အစား  ပြည်ထောင်စုအစိုးရအဖွဲ့၏ ဟု ပြင်ဆင်ပါသည်။

(၃၂)    အပိုဒ် ၆၄ မူလပြဋ္ဌာန်းချက်အား ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်ဟု ပြင်ဆင်ပါသည်။

(၃၃)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အခန်း ၁၁ အပိုဒ် ၇၁ ရှိ ဝန်ကြီးဌာန၏ စကားရပ်အား  ကော်မရှင်၏ဟု ပြင်ဆင်ပါသည်။

(၃၄)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အခန်း ၁၃ အပိုဒ် ၇၂ အပိုဒ်ခွဲ (ခ) အား ဝန်ကြီးဌာနနှင့် ကော်မရှင်တို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်နိုင်သည်ဟုပြင်ဆင်ပါသည်။          

၇။       သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရစိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ နှင့်အညီ အတည်ပြုနိုင်ပါရန် လွှတ်တော်သို့ အစီရင်ခံ တင်ပြအပ်ပါသည်။အားလုံးကျေးဇူးတင်ပါတယ်။

Standard (Image)