ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော သဘာဝအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကြမ်းဆိုင်ရာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက် အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း

ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးအောင်မြသန်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကော်မတီ၏ တာဝန်ပေးချက်အရ လွှတ်တော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော သဘာဝအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကြမ်းဆိုင်ရာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက် အစီရင်ခံစာအား ဖတ်ကြားတင်သွင်းသွားမှာဖြစ်ပါတယ်။ 

၁။       ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့သော "သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်း"ကို အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးခဲ့ပြီး ပြင်ဆင်ချက်များဖြင့် အတည်ပြု  ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရန် ၇-၈-၂၀၁၂ ရက်စွဲဖြင်‌့ ပေးပို့လာပါသည်။ 

၂။       သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၏ ရည်ရွယ်ချက်များကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-

(က)    သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးရေး အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို စနစ်တကျ ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်ရန် အမျိုးသားကော်မတီနှင့် ဒေသဆိုင်ရာ အဖွဲ့များဖွဲ့စည်း ဆောင်ရွက်ရန်၊

(ခ) သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်း ပြည်ပအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများနှင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပင်လယ်ရပ်ခြားဒေသတွင်း အဖွဲ့အစည်းများနှင့်လည်းကောင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊

(ဂ)     သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည် ထိန်းသိမ်းကာကွယ်ရန်၊ 

(ဃ)    ဘေးသင့်ပြည်သူများအား ပိုမိုကောင်းမွန်သည့် လူမှုဘဝရရှိစေရေးအတွက်  ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စီစဉ် ဆောင်ရွက်ပေးရန်တို့ကို တွေ့ရပါသည်။

၃။       ဤဥပဒေကို ရေးဆွဲအတည်ပြုနိုင်ပါက ရရှိနိုင်သည့်အကျိုးကျေးဇူးအချက် ၈ ချက်ကိုလည်း  တစ်ပါတည်းတင်ပြထားပါသည်။ မူလဥပဒေတွင် နိဒါန်းနှင့်အခန်း ၈ ခန်း၊ ပုဒ်မ ၄၀ ခုဖြင့် ရေးဆွဲထားသည်ကို တွေ့ရှိရပါသည်။

၄။       သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကြမ်း၊ မူလပြဋ္ဌာန်းချက်အပေါ်တွင် အမျိုး သားလွှတ်တော်က နိဒါန်းနှင့်ဥပဒေပုဒ်မ၊ ပုဒ်မခွဲများ အပါအဝင် အချက် ၄၇ ချက်ကို ပြင်ဆင် ချက်များဖြင့် အတည်ပြုခဲ့ပါသည်။

၅။       ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး ပေးပို့လာသော ဥပဒေကြမ်းကို ၂၈.၈.၂၀၁၂  ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီးလေ့လာ စိစစ်ခဲ့ကြပါသည်။ ထိုသို့ စိစစ်ရာတွင် ပြည်သူ့လွှတ်တော်မှ တာဝန် ပေးအပ်ထားသည့် မူ ၁၂ ချက်နှင့် လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄  အရ လည်းကောင်း စိစစ်ခဲ့ကြပါသည်။

၆။       ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ် တွေ့ရှိချက်နှင့် ပြင်ဆင်ချက်စုစုပေါင်း ၅၆ ချက်ရှိပြီး အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း လက်ခံသဘောတူသည့်အချက် ၅၁ ချက်၊မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် ၁ ချက် နှင့် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၄ ချက် ဖြစ်ပါသည်။

၇။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည်" သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်း"အား စိစစ်ခဲ့ရာ ပြင်ဆင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က)    အခန်း(၂) အပိုဒ် ၄ နှင့် အခန်း(၄) အပိုဒ် ၇ တို့ရှိ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်  ဘေးခေါင်းစဉ်များအား"(က) ဖွဲ့စည်းခြင်း" ဟု ပြင်ဆင်ဖြည့်စွက်ပါသည်။

(ခ)     အခန်း(၂) အပိုဒ် ၅ နှင့် အခန်း(၄) အပိုဒ် ၉ တို့ရှိ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ဘေးခေါင်းစဉ်များအား"(ခ)တာဝန်နှင့် လုပ်ပိုင်ခွင့်များ"ဟု ပြင်ဆင်ဖြည့်စွက်ပါသည်။

၉။       သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် "သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကြမ်း" အားပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ နှင့်အညီ အတည်ပြုနိုင်ပါရန် လွှတ်တော်သို့ အစီရင်ခံ တင်ပြအပ်ပါသည်။ ဥပဒေကြမ်းကော်မတီ ပြည်သူ့လွှတ်တော် အားလုံးကို ကျေးဇူးတင်ပါတယ်။

Standard (Image)