အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့်ပေးပို့သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များဆိုင်ရာ ဥပဒေကို
ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီမှ ဦးခင်မောင်ရွှေ (အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ) အစီရင်ခံစာ တင်သွင်းခြင်း
ဥပဒေကြမ်းကော်မတီ၏ ကိုယ်စားပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှပေးပို့လာသောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့်စပ်လျဉ်းပြီး ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကိုဖတ်ကြား တင်ပြ သွားပါသည်။
၁။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် များဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အား ပြည်ထောင်စုလွှတ်တော် ကပေးပို့လာရာ အမျိုးသားလွှတ်တော်တွင် ၁၉-၁၀-၂၀၁၂ ရက်နေ့၌ စတင်တင် သွင်းခဲ့ပြီး ၅-၁၁-၂၀၁၂ ရက်နေ့တွင် အမျိုးသားလွှတ်တော်အစည်းအဝေး၌ ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပါသည်။ ထို့သို့ အတည်ပြုခဲ့သည့် ဥပဒေကြမ်း ကို အမျိုးသားလွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ပေးပို့ခဲ့ပါသည်။
၂။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဥပဒေကြမ်းကို လေ့လာ စိစစ်နိုင်ရန် ၉-၁-၂၀၁၃ ရက်နေ့၌ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ဥပဒေ ကြမ်းများ စိစစ်ရာတွင် အခြေခံရမည်မူ အချက် ၁၂ ချက်နှင့်အညီ စိစစ်ခဲ့ပါ သည်။
၃။ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ဆုံးဖြတ်ချက် အမှတ်(၂/၂၀၁၁)နှင့်အညီ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများနှင့် အဆင့်အတန်းတူညီစွာ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ခံစားခွင့် ပြုနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တင်သွင်းခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
၄။ ဥပဒေကြမ်းတွင် ပုဒ်မ ၇ ခုပါရှိပြီး အမျိုးသားလွှတ်တော်မှ ပုဒ်မ ၃ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၇ တို့ကို ဥပဒေရေးထုံးနှင့် ညီညွတ်စေရန် စာသားပြင်ဆင် ပြီး အတည်ပြုပေးခဲ့ပါသည်။
၅။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှ ပြင်ဆင်အတည်ပြုထားသည့်အတိုင်း ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ နှင့်အညီ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ အရ လွှတ်တော်သို့ အစီရင်ခံအပ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်ခဲ့ပါသည်။
