ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ ပေါက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဦးခင်မောင်ညိုဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဥပဒေကြမ်းကော်မတီ ကိုယ်စား ၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း အစီရင်ခံစာ တင်ပြသွားမှာဖြစ်ပါတယ်။
၁။ ၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူအက်ဥပဒေ (The Custodian of Movable Property Act,1945) သည် ဒုတိယကမ္ဘာစစ်ကြောင့် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို လက်လွတ်ဆုံးရှုံးခဲ့ရသည့် ပိုင်ရှင်များ၏ ပစ္စည်းများ ပြန်လည်ရရှိနိုင်ရန်နှင့် ပစ္စည်း ပိုင်ရှင်များသို့ ပြန်လည်ပေးအပ်နိုင်ရန်အတွက် ပစ္စည်းထိန်းခန့်အပ်နိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ပစ္စည်းထိန်းထံမှ ပြန်လည်တောင်းခံနိုင်ရန် ကာလသတ်မှတ်ချက်ကို ယင်း ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (၂)တွင် 1st November 1948 ဟူ၍ လည်းကောင်း၊ ပုဒ်မ ၉ ပုဒ်မခွဲ (၁-က)တွင် 31st October 1948 ဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားပါသည်။
၂။ အဆိုပါကာလသတ်မှတ်ချက်သည် ယခုအခါ နှစ်ပေါင်းများစွာ ကျော်လွန်သွားပြီဖြစ်၍ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများအား ပစ္စည်းထိန်းထံမှ ပြန်လည်တောင်းခံနိုင်ခွင့် ဆိတ်သုဉ်း သွားပြီဖြစ်သည်ဟုဆိုနိုင်ပါသည်။ ထို့အပြင်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ခေတ်ကာလအခြေအနေ နှင့် ဆီလျော်မှုမရှိတော့ခြင်း အချိန်ကာလကြာမြင့်စွာ ကျင့်သုံးမှုမရှိခြင်း၊ နောင်အနာဂါတ်တွင်လည်း ဆက်လက်ကျင့်သုံးရန် အကြောင်းမရှိခြင်းတို့ကြောင့် ရုပ်သိမ်းရန် လိုအပ်သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ဤအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ရေးဆွဲပြုစုခဲ့ပါသည်။
၃။ ထိုသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြုစုရေးဆွဲထားသည့် ၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း အား ပြည်ထောင်စုလွှတ်တော်သို့ အထက်ရည်ညွှန်း (၁)ပါစာဖြင့် ပေးပို့ခဲ့ပါသည်။
၄။ ပြည်ထောင်စုလွှတ်တော်မှ အထက်ရည်ညွှန်း (၂)ပါစာဖြင့် ပြည်သူ့လွှတ်တော်တွင် စတင် ဆွေးနွေးရန် ပေးပို့ခဲ့မှုအပေါ်တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၁ (က)၊ ၄၄ နှင့် ၄၅ တို့နှင့် အညီ ဆောင်ရွက်နိုင်ရန် ၃၁- ၁၂-၂၀၁၂ ရက်နေ့တွင် ကော်မတီ အစည်းအဝေး ကျင်းပခဲ့ပါသည်။
၅။ ၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတွင် ပုဒ်မ ၂ ခုပါရှိပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအား လွှတ်တော် မှ တာဝန်ပေးအပ်ထားသည့် အချက် ၁၂ ချက်နှင့် လေ့လာစိစစ်ခဲ့ကြရာ ယင်းအချက် ၁၂ ချက် နှင့် ကိုက်ညီမှုရှိကြောင်း လေ့လာစိစစ်တွေ့ရှိရပါသည်။
၆။ သို့ဖြစ်ပါ၍ ၁၉၄၅ ခုနှစ်၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းသူ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပေးနိုင်ပါရန် ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၄၄ နှင့်အညီ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ အရ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
