ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ကိုရီးယားသမ္မတနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr.KANG Chang-hee ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီလ ၂၂ ရက်ညနေ ၄း၀၀ တွင် နေပြည်တော်ရှိ ဇဗ္မူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ရှးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ကိုရီးယားသမ္မတနိုင်ငံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌအား ဇဗ္မူသီရိဧည့်ခန်းမဆောင်အရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ ခင်မင်ရင်းနှီးစွာကြိုဆိုနှုတ်ဆက်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦးနှင့် ဦးတီခွန်မြတ်၊ ကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Kim Hae-young တို့ တက်ရောက်သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင် သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား မိမိတို့လွှတ်တော်မှ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မိမိတို့ လွှတ်တော်ကို ပါတီ ၁၇ ခုမှ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ပါတီစုံ၊ တိုင်းရင်းသားစုံ၊ အယူဝါဒ အမျိုးစုံနှင့် ဖွဲ့စည်း ထားသော်လည်း ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် အယူဝါဒစွဲ မထားရှိပဲ ပြည်ထောင်စု အကျိုး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ရည်ရွယ်ပြီးဆောင်ရွက်နေကြပါကြောင်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံအစိုးရ၊ လွှတ်တော်များနှင့် ပြည်သူများကြား နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အတွက်များစွာ အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားပြီး ကိုရီးယားအမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှ မြန်မာ-ကိုရီးယား နှစ်နိုင်ငံသည် အလွန်ရှည်ကြာသည့် ချစ်ကြည်ရင်းနှီးမှုရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကိုးရီးယားနိုင်ငံထက် (၃) ဆမျှ ကြီးမားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေနှင့် သဘာဝအရင်းအမြစ် ကြွယ်ဝ ချမ်းသာသည့်နိုင်ငံဖြစ်၍ ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစပ်နိုင် ပါက နှစ်ဦးနှစ်ဖက် အောင်မြင်မှုများ ရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားလိုပါကြောင်း ပြန်လည်ပြောကြားသည်။
