နေပြည်တော်၊ ဇန်နဝါရီ ၁၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင်မောင်သိမ်းနှင့် ဦးဇော်မြင့်ဖေ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဦးအုန်းသန်း၊ ဦးစိုးတင့်၊ ဦးအေးကြူ၊ ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် အားကစားခန်းမ၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒေသ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့ဆန္ဒနှင့် မျှော်လင့်ချက်များကို လွှတ်တော်များမှတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များက အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံသားများ၏ဆန္ဒနှင့် လိုအပ်ချက်များကို အချိန်တိုအတွင်း ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတော်အစိုးရ တို့မှ ကြိုးပမ်းဖော်ဆောင်ပေး နေမှုများ၊ ဒေသဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီဖြည့်ဆည်းပေးသွား မည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်တို့က ဒေသဖွံ့ဖြိုးရေးအတွက် ပါဝင်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး သည်။
ထိုမှတစ်ဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြင်းခြံမြို့၊ မဏိကဉ္ဇနာ ခန်းမ၌ ကျင်းပသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်အားပေးသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြင်းခြံမြို့သို့လာရောက်ရခြင်း ရည်ရွယ်ချက်နှင့် လွှတ်တော်များ၏ ပြည်သူ့ဆန္ဒနှင့် မျှော်လင့်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက် နေမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များက ဒေသ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်နှင့်အခက်အခဲများကို ပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းပိုင်းဆိုင်ရာ ပံ့ပိုးဆောင်ရွက်ပေးသွားမည့် အစီအစဉ် များကို ပြန်လည်ဆွေးနွေးဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြား၍ တက်ရောက်လာသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
အဆိုပါတွေ့ဆုံပွဲများ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ယခုလို မိမိတို့လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် ကြုံတွေ့နေရသည့်အခက်အခဲ များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ ပြည်သူများ၏တင်ပြချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဘဏ္ဍာငွေ ခွဲဝေရရှိမှုအခြေအနေ ပေါ်မူတည်၍ မျှမျှတတ ဥပဒေနှင့်အညီ ကြိုးပမ်းဖော်ဆောင် ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည့်အပိုင်းနှင့် နိုင်ငံတော်အစိုးရအပိုင်းနှင့်ညှိနှိုင်းတိုင်ပင် ပူးပေါင်း ဆောင်ရွက်ပေးသွားရမည့် ကိစ္စများအား ဆက်လက်ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း ပြည်သူများမှ ရွေးချယ်ထားသည်နှင့်အညီ ပြည်သူအများ၏လိုအပ်ချက် အခက်အခဲများကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးပြီး တစ်ဖက်မှလည်း မိမိရပ်ရွာဖွံ့ဖြိုးစည်ပင်သာယာအောင် စိတ်ရင်းစေတနာဖြင့် ကြိုးပမ်းဆောင်ရွက် သွားရမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များ ခရီးစဉ်၌ ဒေသခံပြည်သူများမှ မိမိတို့ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေး စသည့်အခက်အခဲများကို ကိုယ်တိုင် ကိုယ်ကျ ပွင့်ပွင့်လင်းလင်း တင်ပြခွင့်ရရှိသည့်အပြင် တင်ပြချက်များကိုလည်း လွှတ်တော်ဥက္ကဋ္ဌမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ပေးသဖြင့် ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဟူသည့် ဆောင်ပုဒ်အတိုင်း ဆောင်ရွက် သည့်အတွက် ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာရှိကြောင်းကိုလည်း သိရှိရသည်။
