ဦးအောင်သောင်း(တောင်သာမဲဆန္ဒနယ်)၏ အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးအောင်သောင်း(တောင်သာမဲဆန္ဒနယ်)၏ အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

 

ဥက္ကဋ္ဌ။။ လွှတ်တော်ကိုယ်စားလှယ် အဆိုတင်သွင်းသူ ဦးအောင်သောင်းရဲ့ သဘောထားသိလိုပါတယ်။

 

 ဦးအောင်သောင်း(တောင်သာမဲဆန္ဒနယ်)။             ။ကျွန်တော်တင်ပြတဲ့ အဆိုကတော့ ဒီလိုရေရှားပါးတဲ့ နေရာမှာ စိုက်ပျိုးရေနှင့် သောက်ရေ၊ သုံးရေရရှိရေးအတွက်ဖြစ်ပါတယ်။ အဲဒါတွေ အတွက်ကို ကျွန်တော်တို့ ဒီနေ့ နယ်စပ်ရေးရာဝန်ကြီးဌာနက တင်ပြသွားတဲ့ သောက်ရေ၊ သုံးရေ ရရှိရေး ဆောင်ရွက်ချက်ဟာ အားရစရာလည်း ကောင်းပါတယ်။ ကျေနပ်စရာ လည်းကောင်းပါတယ်။ ပြည်သူအများသိရင်လည်း အင်မတန်မှ ဝမ်းသာသွားမယ်လို့ မျှော်လင့်ပါတယ်။ အခုလည်းပဲ နယ်စပ်ရေးရာဝန်ကြီးဌာနက ကျွန်တော်တို့ တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပြီးတော့မှ သောက်ရေ သုံးရေ ရရိအောင် ဆောင်ရွက်မယ်ဆိုတဲ့ အစီအမံကြားသိရတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ အဲတော့ ဆည်မြောင်း ဦးဌာနကလည်းပဲ နယ်စပ်ရေးရာ ဝန်ကြီးဌာန နှင့် ပေါင်းစပ်ပြီးတော့မှ စိုက်ပျိုးရေ၊ သောက်ရေ၊ သုံးရေ ရရှိနိုင်အောင် ဆောင်ရွက်မယ်လို့ သိရှိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲတော့ ဒီဝန်ကြီးဌာန နှစ်ခုလုံးရဲ့ကနေပြီးတော့မှ ရေရှားပါးတဲ့ ဒေသတွေကို အထူးပြုပြီးတော့မှ ဆောင်ရွက်ပေးမယ်လို့ဆိုတဲ့ ကျွန်တော် တို့ ကတိကဝတ်ကိုလည်းပဲ ဤလွှတ်တော်မှ မှတ်တမ်းတင်ထားရင် ကျွန်တော် အဆိုရှင် အနေနဲ့ ကျေနပ်လက်ခံ ပါကြောင်း တင်ပြရင်း နိဂုံချုပ်အပ်ပါတယ်။ (ဩဘာသံများ)

          ဥက္ကဋ္ဌ။  ။ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျာ။ အဆိုရှင် ဦးအောင်သောင်း တင်သွင်းတဲ့ အဆိုနဲ့ ပတ်သက်ပြိး နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ လယ်ယာနှင့် ဆည်မြောင်းရေးရာဝန်ကြီးဌာန တို့မှလည်း အဆိုပေါ်မူတည်ပြီး ပြန်လည် ရှင်းလင်းတင်ပြ ပေးခဲ့ပါတယ်။ ဒီလိုတင်ပြတဲ့ နေရာမှာ ဝန်ကြီးဌာန နှစ်ခု ပူးပေါင်းဆောင်ရွက်မယ်။ ပူပြီးတော့ လုပ်ငန်းတွင်ကျယ်အောင် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံခြား အထောက်အပံ  အကူအညီလည်း ရယူသွားရမယ်။ ကြိုးလည်းကြိုးစားရမယ် ထိုနည်းတူစွာပဲ ပြည်သူများရဲ့ အားဟာ အင်မတန် အရေးကြီးတဲ့အတွက် ပြည်သူများ ပူးပေါင်းပါဝင်မယ် ဆိုရင်လည်း အချိန်တိုအတွင်းမှာ ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းကြီးကို ဆောင်ရွက်နိုငမယ်လို့ တင်ပြသွားချက်ဟာ ဒီကနေ့ သောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်နေတဲ့ ကျေးရွာများ၊ ကျေးရွာများဆိုတဲ့ နေရာမှာ ခုနက တင်ပြသွားသလို ပြည်နယ် ပြည်မတင် မကပဲနဲ့ တစ်ချို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ဖြစ်ပေါ်နေပါကြောင်း၊ ကြားသိရပါတယ်။ အဲလိုဆောင်ရွက်တဲ့ နေရာမှာလည်း တကယ့်ကို ဦးစားပေး အရေးကြီးရမယ့် ကိစ္စတွေကို ဆောင်ရွက်ပေးမယ် ဆိုတဲ့ဟာလည်း ကြားသိလိုက်ရပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ အဆိုရှင် တင်သွင်းတဲ့ အဆိုဟာလည်း တကယ်ဆိုရင် တကယ့်ပကတိ လိုအပ်ချက်ပေါ်မှာ မှုတည်ပြီးတော့ တင်ပြတာ ဖြစ်သလို ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ခံပြီးဆောင်ရွက်နေတဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် လယ်ယာနှင့် ဆယ်မြောင်း ဝန်ကြီးဌာနရဲ့ ရှင်းလင်းတင်ပြချက်တွေ ဆောင်ရွက်ချက်တွေဟာလည်း ကျွန်တော်တို့နဲ့ သိသာထင်ရှားစွာ မြင်ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုဆောင်ရွက်တဲ့နေရာကို ကျွန်တော်တို့ အဆိုရှင်တင်ပြသလို မှတ်တမ်းတင် ထားရှိပြီးတော့ တစ်ဖက်ကလည်း ဒီထက်ပိုပြီးတော့ လျှင်လျှင်မြန်မြန်နှင့် ထိရောက်စွာ ဆောင်ရွက် နိုင်ဖို့အတွက်လည်း ဆက်လက်ကြိုးစားသွားဖို့လည်း ရှိတယ်ဆိုတာ သိရတဲ့အတွက် အဆိုရှင် အကြုံပြု ဆွေးနွေး တင်ပြသလို ဒီတင်ပြချက်ဆွေးနွေးချက်တွေကို မှတ်တမ်းတင်ထားရှိပြီးတော့ နိုင်ငံတော် အစိုးရရဲ့ ဆောင်ရွက်ချက် များကိုလည်း ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ပြည်သူ့ကိုယ်စားလှယ်တွေက ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ဖို့ ဆိုတဲ့နေရာမှာ ပြည်သူများရဲ့အားလည်းလိုအပ်တယ်ဆိုတာ အမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုနှင့် ပတ်သက်လို့ ကျွန်တော်ရှင်းလင်းတင်ပြပါမယ်။ တောင်သာမဲဆန္ဒနယ်မှ ဦးအောင်သောင်း တင်သွင်းတဲ့  ရေရှားပါးသောဒေသများရှိ ကျေးလက်ပြည်သူများ၏ စီးပွားရေး လူမှုရေးဘဝ သင့်တင့်စွာရရှိရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထောက်အကူ ဖြစ်စေရန် ပြုပြင်ဆောင်ရွက် နိုင်ရေးအတွက် စိုက်ပျိုးရေ၊ သောက်ရေ၊ သုံးရေ ရှားပါးခက်ခဲနေသည့် အခြေအနေ အားလုံးကို သိရှိပြုပြင် ဆောင်ရွက်နိုင်ရန် အထူးအဖွဲ့များ စေလွှတ် စုံစမ်းရေး တွေ့ရှိချက်များအပေါ် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်များအပေါ် ပူးပေါင်းဆောင်ရွက်ချက်းအပေါ် ပူးပေါင်းဆာင်ရွက်ကူညီရန် မှတ်တမ်း တင်ခြင်းကို လွှတ်တော်က သဘောတူ ပါသလားခင်ဗျား။

          [သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

          ဥက္ကဋ္ဌ။  ။ လွှတ်တော်က သဘောတူတဲ့အတွက် ဦးအောင်သောင်းတင်သွင်းတဲ့ အဆိုကို လွှတ်တော်မှ မှတ်တမ်းတင်ထားရှိပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ)

Standard (Image)