ဦးအောင်သောင်း၊ တောင်သာမဲဆန္ဒနယ်၏ အဆိုနှင့်စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးခင်ဇော် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း
ဦးခင်ဇော်(ဒုတိယဝန်ကြီး၊လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)။ ။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့တင်ပြတဲ့ ကျေးလက်ဒေသ စိုက်ပျိုးရေ၊သောက်သုံးရေရရှိရေးအတွက် အထူးစီမံကိန်းချမှတ်ပြီးတော့ ဆောင်ရွက်ပေးဖို့ဆိုတဲ့ အဆိုနဲ့ပတ်သက်ပြီးတော့ ခုနကကျွန်တော်တို့ နယ်စပ်ဒေသဝန်ကြီးရှင်းလင်းတင်ပြသွားတဲ့ထဲမှာလဲ တော်တော်များများပါရှိသွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေနဲ့ဆိုရင်တော့ အဓိကကျွန်တော်တို့ စိုက်ပျိုးရေရရှိရေးကို အဓိကထား ဆောင်ရွက်ပေးပါတယ်။အဲ့ဒီတော့ ကျွန်တော်တို့ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှာ ဆည်မြောင်းဦးစီးဌာနနဲ့ ကျွန်တော်တို့ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနဆိုပြီးတော့ ဒီဌာနကြီး နှစ်ခုသည် စိုက်ပျိုးရေရရှိရေးကို အထူးပြုဆောင်ရွက်တဲ့ဌာနများ ဖြစ်ပါတယ်။ အဲဒီတော့ ဆည်မြောင်း ဌာနကဆောင်ရွက်ထားတဲ့ တာတမံကို ရေလှောင်ကန်များ ရေသောက်စနစ်များက ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့အတိုင်းမှာပဲ နှစ်ကာလကြာမြှင့်လာပြီဖြစ်တဲ့ အတွက်ကြောင့် ဆည်တွေက ကျွန်တော်တို့ရေပေးယူမှုမှာ ထိရောက်မှုများ တော်တော်နည်းပါး လာတာတွေ့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီတည်ဆောက်ပြီးတဲ့ဆည်များကို အထူးအစီ အစဉ်တွေနဲ့ ပြန်လည်မွန်းမံ ပြင်ဆင်ဖို့ဆိုတဲ့ စီမံချက်ချ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီဆည် တွေအနေနဲ့ဆိုရင် ကျွန်တော်တို့ ဆည်ရေသောက်စနစ် အဟောင်းတွေပြုပြင်ဖို့ဆိုရင်တော့ တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် ၁၆ ခုကိုရွေးချယ်ထားပြီး ဖြစ်ပါတယ်။ ပြီးတော့ တစ်ဆက်တည်း မှာ ကျွန်တော်တို့ ရေလှောင်တမံစီမံကိန်းများပြီး ပြီးတော့ ဆက်လက် ကျန်တဲ့စီမံကိန်း ၁၈ ခု ရှိနေပါတယ်။ ရေလှောင်တမံ ၁၈ ခုကိုလည်း ကျွန်တော်တို့ ရည်မှန်းချက်ချပြီးတော့ ဒါကိုဆက်လက် ဆောင်ရွက်သွားဖို့ စီမံထားပါတယ်။ အဲဒီတော့ ဒီလုပ်ငန်းနှစ်ရပ်လုံးကို ဆောင်ရွက်ဖို့ဆိုရင် ကျွန်တော်တို့ နိုင်ငံတော်ရဲ့ရှိတဲ့ရန်ပုံငွေပေါ်မှာ အခြေတည်ပြီးဆောင်ရွက်နေသလိုတစ်ဖက်ကလည်း ကျွန်တော်တို့ နိုင်ငံတကာချေးငွေကို ရှာဖွေဆောင်ရွက်လျက်ရှိပါတယ်။လောလောဆယ်အားဖြင့် အိန္ဒိယနိုင်ငံ ချေးငွေ ဒေါ်လာသန်း ၂၀၀ ခန့်ရှိပါတယ်။ ရယူဖို့အတွက်ကို နိုင်ငံတော်အကြီးအကဲ များက နှစ်ဖက်နိုင်ငံ အကြီးအကဲများ အားလုံးက ညှိနှိုင်းထားပြီးဖြစ်တဲ့အတွက်ကြောင့် ဒါကိုဆက်လက် ရယူပြီးတော့ အခုကျွန်တော် တင်ပြပါ မပြီးသေးတဲ့ရေသောက်စနစ် ၁၈ခု တည်ဆောက်ပြီးတဲ့ ဆည်အဟောင်း ၁၆ ခုရဲ့ ရေသောက်စနစ်တွေပြုပြင်ဖို့ကိုလည်း ကျွန်တော်တို့ ဆက်လက်စီမံ ဆောင်ရွက် သွားမယ်ဖြစ်ပါကြောင်းကို တင်ပြလိုပါတယ်။ ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာန အနေနဲ့ မြစ်ရေပြင်လုပ်ငန်းများကိုဆောင်ရွက်ပြီးတော့ စိုက်ပျိုးရေ ရရှိရေးကိုဆောင်ရွက်လျက် ရှိပါတယ်။ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနအနေနဲ့ဆိုရင်တော့ စိုက်ပျိုးရေ ရရှိရေးတင်မက ကျွန်တော်တို့အလျဉ်းသင့်သလို သောက်သုံးရေရရှိရေးကို အလျဉ်းသင့်တဲ့ဒေသတွေ မှာ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အထူးသဖြင့်ဆိုရင်တော့ အခုအစိုးရသစ်ကာလအပိုင်းမှာ လုပ်ငန်းရဲ့ ရည်ရွယ်ချက်အရဆောင်ရွက် ရတဲ့နေရာမှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်က ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန သည် သောက်သုံးရေရရှိရေးကို အဓိကထား ဆောင်ရွက်ခြင်းမရှိတော့ဘဲနဲ့ အဓိကအားဖြင့် စိုက်ပျိုးရေရရှိရေးကို ဆောင်ရွက်ရတဲ့အနေအထား ရှိပါတယ်။တူးဖော်တဲ့တွင်းများကလည်း စိုက်ပျိုးရေရရှိရေးကို အဓိကထားဆောင်ရွက်နေရပါတယ်။ သို့သော်လည်း တွင်းတူးတဲ့စက်များကို ပြန်ပြီးတော့သုံးသပ်လိုက် မယ်ဆိုရင်ဒီနယ်စပ်စည်ပင်မှာရှိတဲ့ တွင်းတူးစက်တွေဟာ တွင်းတိမ်းတူးစက်များသာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ပေ ၃၀၀ အနက်လောက်ထိကိုပဲတူးနိုင်ပြီးတော့ ကျွန်တော်တို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှာရှိတဲ့ စက်တွေကတော့ ပေ ၁၀၀၀ အနက် သူ့ထက်နက်တဲ့ထက်ပြီးတော့အနည်းဆုံးပေ ၁၀၀၀ထိကို သာတူးနိုင်တဲ့စက်တွေဖြစ် ပါတယ်။ဒီစက်တွေအားလုံးဟာ ကျွန်တော်တို့ လက်ဝယ်မှာ ရှိတဲ့အတွက်ကြောင့် အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းဒေသတွေ မှာ သောက်သုံးရေ ရရှိရေးဟာ အထူးလိုအပ် လာတာဖြစ်တယ့်အတွက်ကြောင့် ဒီအနက်တူးနိုင်တဲ့ တွင်းမြေစက်များကို နယ်စပ်စည်ပင်ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ တွင်းတူးခြင်း ဆက်လက်ဆောင်ရွက်သွားဖို့လည်း ညှိနှိုင်းစီစဉ်ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်းတင်ပါလိုပါတယ်။ ရန်ပုံငွေအခြေအနေနဲ့ကတော့ နယ်စပ်စည်ပင်ဝန်ကြီးဌာနရဲ့ရန်ပုံငွေ လုပ်ငန်းကိုကျွန်တော်တို့ကတော့ ပါဝင်ဆောင်ရွက်တဲ့ လုပ်ငန်းတွေ နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဝန်ကြီးဌာန ၂ ခု သည်မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသမှာရှိတဲ့ ကျေးလက်ဒေသမှာ သောက်သုံးရေ ရရှိ ရေးကို အထူးအစီအစဉ်အနေနဲ့ ပူးပေါင်းညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ကျွန်တော်တို့တင်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)
