ဦးအောင်သောင်း၊ တောင်သာမဲဆန္ဒနယ်၏ အဆိုနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး မှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း

ဦးအောင်သောင်း၊ တောင်သာမဲဆန္ဒနယ်၏ အဆိုနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး မှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း

           

          ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး(ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန)။      ။  လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ လေးစားစွာ ဂါရဝပြုနှုတ်ခွန်းဆက် သအပ်ပါတယ်။ ကျွန်တော်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ     ဗိုလ်ချုပ်ကြီးသိန်း‌ဌေး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ အဆိုအပေါ်မှာ ပြန်လည်ရှင်း လင်းဖြေကြားသွားမှာဖြစ်ပါတယ်။ အဆိုရဲ့ အနှစ်ချုပ် ကတော့ သောက်သုံးရေရှားပါးတဲ့၊ စိုက်ပျိုးရေ ရှားပါးတဲ့ ဒေသအရပ်အညာမှာ စိုက်ပျိုးရေးနှင့်သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် အထူး အဖွဲ့များစေလွှတ်လေ့လာ ပြီးတော့ တွေ့ရှိချက် အပေါ်မှာ ပြည်ထောင်စု အစိုးရက ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့အဆိုပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ယခင်ဆောင်ရွက်ချက်များ နှင့်ပါ တစ်ပေါင်းတည်းတင်ပြမှသာ ပြည့်စုံမှာဖြစ်တဲ့အတွက်ကြောင့် တင်ပြခွင့်ပြုပါရန် လွှတ်တော် ဥက္ကဋ္ဌကြီးအား လေးစားစွာပန်ကြားအပ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံမှာ ကျေးရွာ၊ ကျေးလက်ဒေသရေရရှိရေးနှင့်ပတ်သက်ပြီးတော့ စစ်တမ်း တစ်ခု ကောက်ခဲ့ ပါတယ်။ ဒီလိုကောက်ခဲ့တဲ့အခါမှာ ကျေးရွာပေါင်း ၆၄၉၂၇ ရွာရှိပြီးတော့ ဒီရွာတွေအနက်မှာ သန့်ရှင်းတဲ့ သောက်သုံးရေရရှိတဲ့ကျေးရွာပေါင်း ၄၁၆၉၂ ရွာနဲ့ ရေအင်မတန်ခက်ခဲနေတဲ့ ၈၇၉ ရွာ ရေလုံးဝ မလုံလောက်တဲ့ကျေးရွာ ၉၁၆၆ ရွာနဲ့ ခုနက သန့်ရှင်းတဲ့ သောက်သုံးရေမရတဲ့ရွာ ၁၃၁၈၀ ရွာ ဆို ပြီးတော့ စုစုပေါင်းရေလိုအပ်ချက်နဲ့ပတ်သက်တဲ့ရွာပေါင်း ၂၃၂၂၅ ရွာရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒီလိုဖြစ်တဲ့အတွက်ကြောင့် ယခင် နတလဝန်ကြီးဌာန ယခု နယ်ရေးရာဝန်ကြီးဌာနအနေနဲ့ ကျေးလက် ဒေသသောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ၂၀၀၀-၂၀၀၁ ခုနှစ် ဘဏ္ဍာရေးနှစ်ကနေပြီးတော့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်ထိ ၁၀ နှစ်စီမံကိန်းရေးဆွဲပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ရေလိုအပ်ချက် ရှိနေတဲ့ ကျေးရွာပေါင်း ၂၃၈၇၀ အတွက် ရေရရှိရေး လုပ်ငန်း ပေါင်း စုစုပေါင်း ၃၄၈၅၈ ခုကိုဆောင်ရွက်ပေးနိုင် ပြီးတော့ ရေရှားပါးတဲ့ အပူပိုင်းဇုန် တိုင်းဒေသကြီး ၃ ခုဖြစ်တဲ့ စစ်ကိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ ကျေးရွာ ပေါင်း ၁၅၉၆၈ ရွာနဲ့ သန့်ရှင်းသော သောက်သုံးရေရရှိရန် လိုအပ်တဲ့ကျေးရွာပေါင်း ၈၁၉၅ ရွာကို လည်းကောင်း၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ကျေးရွာပေါင်း ၄၈၉၄၉ ရွာရှိတဲ့အနက် ကျေးရွာပေါင်း ၁၅၆၇၅ ရွာကိုလည်းကောင်း အသီးသီးဆောင်ရွက်ပေးနိုင်တဲ့အတွက်ကြောင့် လူဦးရေ ၁၅.၅၂ သန်းကို အကျိုးပြုနိုင်ခဲ့ပါတယ်။ ဒီနေရာမှာလည်း ၂၃၈၇၀ ရွာဆောင်ရွက်ပေးတဲ့အခါမှာ အပူပိုင်းဒေသမှာပါဝင်တဲ့ ခုနက တိုင်းဒေသကြီး ၃ ခုက ရွာပေါင်း ၈၀၀၀ ကျော်ဆောင်ရွက်ပေးခဲ့တဲ့ အနေအထားကို ချင့်ချိန်မယ်ဆိုရင်တော့ ဒီဒေသတွေအတွက် ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးခဲ့ တယ်ဆိုတာ ပေါ်လွင်မှာ ပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးခဲ့ပေမယ့် ဒီ ၂၀၀၀ ပြည့်နှစ်ကနေပြီးတော့ အခု ၂၀၁၃ ခုနှစ်အထိ ၁၃ နှစ်ကာလအတွင်း တိုးတက်များပြားလာတဲ့ လူဦးရေအပေါ်မှာမူတည် ပြီးတော့ ရေလိုအပ်ချက်တွေ ထပ်မံဖြစ်ပေါ်လာတဲ့အတွက်ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေ နဲ့လည်း ပြည်ထောင်စု အစိုးရသစ် လက်ထက်မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကနေပြီးတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်စီမံကိန်းရေးဆွဲတဲ့နေရာမှာ ရေလိုအပ်တဲ့ကျေးရွာ ၅၂၁၁ ရွာမှာ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေးကို ဆက်လက်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ စီမံကိန်းရေးဆွဲ ဆောင်ရွက်ပြီးဖြစ်ပါတယ်။

          တစ်ဖက်မှာလည်း ဒီလိုဆောင်ရွက်တဲ့နေရာမှာ ခုနက ၅၂၁၁ ရွာဆိုတဲ့နေရာမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် စုစုပေါင်း ဒေသ ၂၀ မှာ တစ်နှစ်ကို ရွာ ၅၀ နှုန်းနဲ့ စုစုပေါင်း တစ်နှစ်ကို ရွာ ၁၀၀၀ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ အဲဒီအပြင် အထူးလိုအပ်တဲ့ ရွာ ၂၁၁ ရွာကို ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ အဲဒီအပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့လည်း နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ နယ်စပ်ဒေသများမှာ ရေရရှိရေးလုပ်ငန်းပေါင်း သောက်သုံးရေ ၁၅၀ နှင့် စိုက်ပျိုးရေ ၇၅၊ စုစုပေါင်း ၂၂၅ ရွာရရှိရေး ကိုလည်း သီးခြားအစီအစဉ်နှင့်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ခုနက ဖော်ပြပြီးဖြစ်တဲ့ တိုင်း ၃ တိုင်းမှာတော့ ကျေးရွာ ၉၈၂ ရွာ ပါဝင်ပြီးတော့ ကျန်တိုင်းဒေသကြီး မှာတော့ ကျေးရွာပေါင်း ၄၂၂၉ ရွာ ပါဝင်မှာဖြစ်ပါတယ်။ အခု ၅ နှစ်စီမံကိန်းမှာတော့ နောက်ထပ် လူဦးရေ ၂.၇၉ သန်းကို အကျိုးပြုစေမှာဖြစ်တဲ့အတွက်ကြောင့် ခုနက ၂ ရပ်ပေါင်းမယ်ဆိုရင်တော့ လူဦးရေ ၂၃ သန်းအထိလုံလောက်စေမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီလုပ်ငန်းရပ်က ကျွန်တော်တို့ နှစ် ၃၀ လောက် ဆောင်ရွက်ရမယ့် လုပ်ငန်းကြီးဖြစ်တယ်လို့ မူလကတည်းက တွက်ချက်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့တဲ့ အတွက်ကြောင့် ဒီလိုလုံလောက်မှုမရှိတဲ့ အပိုင်းကို ဒီနိုင်ငံတော်ထောက်ပံ့ငွေ တစ်ခုတည်းနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ပြီးစီးမှာမဟုတ်တဲ့အတွက်ကြောင့် UNICEF ကဲ့သို့သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ၊ JICA, BAJ ကဲ့သို့သော နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီးတော့ လိုအပ်ချက်များအပေါ် ကွင်းဆင်းလေ့လာပြီးတော့ ၅ နှစ်စီမံကိန်း တစ်ရပ်ကို ကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာ အပူပိုင်းဇုန် တိုင်းဒေသကြီး ၃ ခုမှာ ကျေးရွာပေါင်း ၁၆၅ ရွာနဲ့ ကျန်တဲ့ပြည်နယ်တိုင်းဒေသကြီးတွေမှာ ၂၉၁ ရွာစုစုပေါင်း ၄၅၆ ရွာ ဆက်လက်ဆောင် ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ အကျိုးပြုမယ့်လူဦးရေကတော့ ၃၆၀၀၀၀ ဖြစ်ပါတယ်။ ဒီနေရမှာ နိုင်ငံတကာ အကူအညီနဲ့ ဆောင်ရွက်တဲ့ အပိုင်းမှာ ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါကျရင် ကျွန်တော်တို့ အနေနဲ့ လိုအပ်ချက်တွေအမြောက်အမြားရှိပေမယ့် သက်ဆိုင်ရာနိုင်ငံများအနေနဲ့ သူတို့ရ ကန့်သတ်ချက်များအရ ခုနက အရေအတွက်ကိုနှိုင်းဆမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဆောင်ရွက်နိုင်တာ ရဲ့ ၁၂ ပုံ ၁ ပုံလောက်ပဲဆောင်ရွက်နိုင်တယ်ဆိုတာကို ၈ ရာခိုင်နှုန်းလောက်ပဲဆောင်ရွက်နိုင်တယ် ဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့သုံးသပ်တွေ့ရှိရမှာပဲဖြစ်ပါတယ်။

   ဒါကြောင့် ဒီလိုဆောင်ရွက်ပေးပြီးသည့်တိုင်အောင် ကျွန်တော်တို့ဒီနှစ် ၃၀ စီမံကိန်းမှာ နောက်ထပ် နိုင်ငံတကာအကူအညီနဲ့ ရေရရှိရေးလုပ်ငန်းပေါင်း ၃၆၀၇ ခုကို ထပ်မံဆောင်ရွက်ဖို့ ဆိုတာကို လည်း ညှိနှိုင်းပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီကနေ့ ရေရရှိမှုအခြေအနေကို ကျွန်တော်တို့ သုံးသပ်ကြည့်ရှုမယ် ဆိုလို့ရှိရင်တော့ သာမန်အားဖြင့်တော့ ကျွန်တော်တို့ အပူပိုင်းဒေသ တွေမှာ သောက်သုံးရေ လိုအပ်ချက်ကို လိုအပ်တယ်လို့ လူအများက သိရှိကြမှာဖြစ်ပါတယ်။ သို့ပေမယ့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဒေသအားလုံးကို အဖွဲ့တွေစေလွှတ်ပြီးတော့ ဆာဗေး လုပ်ကြည့်တဲ့အခါမှာ အထူးသဖြင့် ဖယ်ခုံရဲ့အနောက်ခြမ်းဒေသတွေ နောက်တစ်ခါ ဆီဆိုင်မြို့နယ် ပွန်ချောင်းရဲ့ အနောက်ပိုင်းဒေသတွေမှာဆိုလို့ရှိရင် အနားမှာချောင်းရှိနေလျက်ပင် ကျေးရွာတွေဟာ ရေမရရှိတဲ့အခြေအနေတွေကို တွေ့ရှိရတာပဲဖြစ်ပါတယ်။ အဲဒီတော့ သန့်ရှင်းရေးတဲ့ရေမရှိတဲ့ အတွက်ကြောင့် ဒီဒေသမှာနေထိုင်တဲ့ကလေးတွေဟာ ဝက်သက်ရောဂါလို့ဟာမျိုး ဒီတစ်ကြိမ်ဖြစ်ပြီး ပျောက်သွားရမယ့်ရောဂါမျိုးကိုပင်လျင် ရေရှည်အနေနဲ့ ဖြစ်ပွားနေတယ်ဆိုတာလည်း ကျွန်တော်တို့ ဝမ်းနည်းစွာ တွေ့ရှိနေရတာပဲဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့ တစ်ချိန်တုန်းက အပူပိုင်းဒေသ တွေမှာ တွေ့ရှိရတဲ့အနာကြီးရောဂါလိုဟာမျိုးကလည်း ဒီဒေသတွေမှာ အမြောက်အမြား ဆက်လက်ရှိ နေဆဲဖြစ်တယ်ဆိုတာ  တွေ့ရှိရတာပဲဖြစ်ပါတယ်။ ဒီလိုတွေ့ရှိရတဲ့အတွက်လည်း ကျွန်တော်တို့ နယ်စပ် ရေးရာဝန်ကြီးဌာနအနေနဲ့ ဒီဒေသတွေကို ဦးစားပေးပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုဖြစ်တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ကျန်တဲ့တိုင်းဒေသကြီး ပြည်နယ်တွေနဲ့ နှိုင်းစာရင်ပိုတောင်မှ လူမှုအဆင့်အတန်းတွေဟာ နိမ့်ကျနေတာဖြစ်တဲ့ အတွက်ကြောင့် ရေရရှိရေးလုပ်ငန်းတွေကို ကျွန်တော် တို့အထူးအစီအစဉ်နဲ့ ဆောင်ရွက်နေတဲ့ အစိတ်အပိုင်းတွေ လည်းှရှိကြောင်း ကျွန်တော့်အနေနဲ့ တင်ပြ အပ်ပါတယ်။

          ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာကျတော့ သူတို့ကိုယ်တိုင် ကလည်းကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်တဲ့နေအထားဖြစ်အောင် ကျွန်တော်တို့ စက်ယန္တရား ပံ့ပိုး ခြင်း၊ ငွေကြေးပံ့ပိုးခြင်း၊ နောက်တစ်ခါ ဘဏ္ဍာငွေချမှတ်ပေးခြင်းနှင့် သက်ဆိုင်တဲ့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေကလည်း ပြည်သူများကလည်း တစ်စိတ်တစ်ပိုင်းပါဝင်ဆောင်ရွက်ခြင်း နည်းလမ်းနဲ့ ကျွန်တော်တို့ ဒီနှစ်မှာစပြီးတော့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့နဲ့ ဒီလို ပြည်သူလူထုကပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီအစိုးရတစ်ခုတည်းက ဆောင်ရွက်တဲ့ လုပ်ငန်းရလဒ်များထက်ပိုပြီးတော့ တိုးတက်တဲ့ရလဒ်များ ရရှိမယ်လို့လည်း ကျွန်တော်‌့အနေနဲ့ သုံးသပ် ရရှိတာဖြစ်ပါတယ်။ နောက် ယခုနှစ် ကျေးလက်ဒေသသောက်သုံးရေရရှိရေးလုပ်ငန်းများဟာ ကျွန်တော်တို့ ဖြည့်စွက်ရန်ပုံငွေကျမှ ဘဏ္ဍာငွေရရှိခြင်းဖြစ်တဲ့အတွက်ကြောင့် အခု ရရှိတဲ့အချိန် ၂ လ၊ ၃ လအတွင်းမှာ အလွန်လျင်မြန်စွာနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း မူလက ဌာနကဆောင်ရွက်တဲ့စနစ်အစား အိတ်ဖွင့်တင်ဒါနဲ့ ကုမ္ပဏီပေါင်း ၉၀ ကျော်ခေါ်ယူပါတယ်။ အဲဒီထဲကနေ ကုမ္ပဏီပေါင်း ၁၅ ခုက တင်ဒါ အောင်မြင်ပြီးတော့ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်းအပ်နှံပြီးတော့ သောက်သုံးရေရရှိရေး အရည်အသွေး ပိုင်းကို ၅ နှစ်ကာလအထိ စနစ်တကျတာဝန်ယူခိုင်းတဲ့ စည်းကမ်းသတ်မှတ်ချက်တွေလည်း စံချိန်စံ ညွှန်းသတ်မှတ်ချက်တွေလည်း ပါဝင်တဲ့အတွက်ကြောင့် ဒီနှစ်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်တဲ့ အခါမှာ မူလကထက် အရည်အသွေး ပိုမိုမြင့်မားလာမယ်လို့လည်း ကျွန်တော့်အနေနဲ့ တာဝန်ယူပြီး တော့တင်ပြအပ်ပါတယ်။ ဒါကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ အခုလို ဆောင်ရွက်ခဲ့တဲ့ အားလျော်စွာ တစ်ဖက်မှာလည်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့လည်း မူလ ရည်မှန်းချက်တာဝန်ဖြစ်တဲ့ စိုက်ပျိုးရေရရှိရေး သာမက နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ သောက်သုံးရေ ရရှိ ရေးအတွက် ဒီဌာနကတော့ အင်မတန်ကြာမြင့်စွာ ဖွဲ့စည်းခဲ့တဲ့ ဌာနဖြစ်တဲ့အတွက်ကြောင့် ၁၉၅၂-၁၉၅၃ ဘဏ္ဍာရေးနှစ်ကနေပြီးတော့ အခုအချိန်အထိ စက်ရေတွင်းပေါင်း ၃၈၃၂၀  တွင်း စိုက်ပျိုးရေး ရေတွင်းပေါင်း ၈၃၁၅ တွင်းတို့ကို တူးဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အခု ပစ္စုပန်ကာလဖြစ်တဲ့ ၂၀၁၀-၂၀၁၁ ခုနှစ်ကနေ ၂၀၁၂-၂၀၁၃ ခု ၃ နှစ်တာကာလအတွင်းမှာလည်း မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသတွေမှာ သောက်သုံးရေ စက်ရေတွင်းပေါင်း ၂၀၅ တွင်းနဲ့ စိုက်ပျိုးရေးစက်ရေတွင်း ပေါင်း ၁၂၀၉ တွင်းတူးဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် မန္တလေး တိုင်းဒေသကြီး၊ တောင်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းတင်ပြ ခဲ့တဲ့ စိုက်ပျိုးရေ၊ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် ရေရှားပါးတဲ့ဒေသများကို ကျွန်တော်တို့ အထူးအနေနဲ့ ဆောင်ရွက်ပေးဖို့ကိစ္စရပ်မှာ ကျွန်တော်တို့ ဝန်ကြီးဌာနနှစ်ခု ဆက်လက်ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ ပြည်ထောင်စု အစိုးရကိုယ်စားတာဝန်ယူတင်ပြအပ်ပါတယ်။ တစ်ဖက်မှာလည်း စိုက်ပျိုးရေး ရေရရှိရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဟာ သူ့ရဲ့ မူလတာဝန်အတိုင်း ဆည်များတည်ဆောက်ခြင်း၊ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ခြင်း၊ မြေအောက်ရေရရှိရေး လုပ်ငန်း များဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာမှာ တည်ဆောက်ပြီးဆည် ၃၇၇ ခုနှင့် အကျိုးပြု ဧကပေါင်း ၄.၁ သန်း မြစ်ရေတင်လုပ်ငန်း ၃၆၇ ခုနှင့် အကျိုးပြုဧကပေါင်း ၇၄၂၄၈၆ ဧကတို့ ဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ တင်ပြပါ အဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအနေဖြင့် စိုက်ပျိုးရေးနှင့် သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေနှင့် နှစ်တိုနှစ်ရှည်စီမံကိန်းများ၊ ရည်မှန်းချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့အပြင် နိုင်ငံတကာအကူအညီနဲ့ အထောက်အပံ့များဖြင့်လည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များကလည်း သီးခြားအစီအမံ များဖြင့် ဆောင်ရွက်ခြင်းများရှိပါကြောင်း တင်ပြအပ်ပါတယ်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ ကျေးလက်ဒေသများမှာ ရေရှားပါးမှုရှိနေသေးသည်မှာ ပကတိ အမှန်တရား ပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အဆိုပြုထားသည့် အတိုင်း ကျေးလက်များ သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး အစီအမံများကို ပြည်ထောင်စု အစိုးရအနေဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ တစ်ဖက်မှာလည်း ပြည်သူလူထုအပိုင်းဟာ အင်မတန်မှအင်အားကြီးမားတဲ့အပိုင်းဖြစ်ပါတယ်။ ဒီကနေ့ ကျင့်သုံးနေတဲ့ မဟာဗျူကလည်း ပြည်သူလူထုဗဟိုပြု မဟာဗျူဟာဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုအပိုင်း ကလည်း တစ်တပ်တစ်အားပါဝင်လာရေးအတွက် ပြည်သူ့ကိုယ်စားလှယ်ကြီးများမှ စည်းရုံးဆောင် ရွက်ပေးနိုင်ပါရန် တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

Standard (Image)