ဦးအောင်သောင်းတောင်သာမဲဆန္ဒနယ်၏ အဆိုအား ဦးအောင်ကျော်စိုး(နတ်မောက် မဲဆန္ဒနယ်)မှ ထောက်ခံ ဆွေးနွေးခြင်း

ဦးအောင်သောင်းတောင်သာမဲဆန္ဒနယ်၏“ရေရှားပါးသောဒေသများရှိ ကျေးလက်ပြည်သူများ၏ စီးပွားရေး လူမှုရေးဘဝ သင့်တင့်စွာရရှိရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအထောက်အကူ ဖြစ်စေရန် ပြုပြင်ဆောင်ရွက် နိုင်ရေး အတွက် စိုက်ပျိုးရေ၊ သောက်ရေ၊ သုံးရေ ရှားပါးခက်ခဲနေသည့် အခြေအနေ အားလုံးကို သိရှိပြုပြင် ဆောင်ရွက်နိုင်ရန် အထူးအဖွဲ့များစေလွှတ်စုံစမ်းရေး တွေ့ရှိချက်များအပေါ် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုအား ဦးအောင်ကျော်စိုး(နတ်မောက် မဲဆန္ဒနယ်)မှ ထောက်ခံ ဆွေးနွေးခြင်း

 

ဦးအောင်ကျော်စိုး(နတ်မောက်မဲဆန္ဒနယ်)။.        ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ကျွန်တော်ဦးစွာ ပဏာမနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးဖြစ်ပါတယ်။ အဆိုရှင်တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းတင်သွင်းသွားတဲ့အဆိုဟာ ကျွန်တော်တို့ နေထိုင်တဲ့ မကွေးတိုင်းဒေသကြီး အပါအဝင် ရေရှားပါးတဲ့ဒေသများအတွက် အလွန် ထင်ဟပ်ပေါ်လွင်တဲ့ အဆိုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသမှာရှိတဲ့ တောင်သူများဟာ မိုးရေကိုမှီခိုပြီးတော့ စိုက်ပျိုးစားသောက်နေကြ ရတာဖြစ်ပါတယ်။ ယခုနှစ်မှာ မိုးရွာသွန်းမှုပုံမမြှန်ခင်း၊ နည်းပါးခြင်း၊ မိုးမရွာသွန်းခြင်း တို့ကြောင့် တောင်သူတွေဟာ စိုက်ပျိုးရေးမှာ အခက်အခဲကြုံတွေ့ ရင်ဆိုင်နေကြရပါတယ်။ မိုးဟာကွက်ကျား ရွာတဲ့အတွက်ကြောင့် သောက်သုံးရေမှီခိုအားထားတဲ့ ဆည်ကန်များဟာလည်း ရေဝင်ရောက်မှု လွန်စွာနည်းပါးနေလြှက်ရှိပါတယ်။ ဒါ့ကြောင့် ယခုဆိုလျှင် သောက်သုံးရေပါ အခက်ကြုံနေကြရပြီ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို နိုင်ငံတော်အစိုးရမှသာ တာဝန်ယူဆောင်ရွက်မှသာ ထိရောက် မှန်ကန်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်အဆိုရှင် တောင်သာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း တင်သွင်းတဲ့ အဆိုကို ထောက်ခံ ပါကြောင်းတင်ပြအပ်ပါတယ် ခင်ဗျား။ အားလုံး ကိုကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

Standard (Image)