ဦးအောင်သောင်းတောင်သာမဲဆန္ဒနယ် မှ အဆိုတင်သွင်းခြင်း

“ရေရှားပါးသောဒေသများရှိ ကျေးလက်ပြည်သူများ၏ စီးပွားရေး လူမှုရေးဘဝ သင့်တင့်စွာရရှိရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအထောက်အကူ ဖြစ်စေရန် ပြုပြင်ဆောင်ရွက် နိုင်ရေး အတွက် စိုက်ပျိုးရေ၊ သောက်ရေ၊ သုံးရေ ရှားပါးခက်ခဲနေသည့် အခြေအနေ အားလုံးကို သိရှိပြုပြင် ဆောင်ရွက်နိုင်ရန် အထူးအဖွဲ့ များစေလွှတ်စုံစမ်းရေး တွေ့ရှိချက်များအပေါ် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုတင်သွင်းခြင်း။

 

ဦးအောင်သောင်း(တောင်သာမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းပို့သရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသ ကြီးတောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တင်သွင်းမယ့် အဆိုကတော့ စိုက်ပျိုးရေး၊ သောက်ရေ၊ သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ရေရှားပါး ခက်ခဲသောနေရာများသို့ အထူးအဖွဲ့များစေလွှတ်လေ့လာစေရန်နှင့် တွေ့ရှိချက်အပေါ် အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အဆိုကို တင်သွင်းသွားမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် အချို့မှာ မိုးခေါင်ခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း၊ ရေလုံလောက်မှုမရှိသောကြောင့် စိုက်ပျိုးနိုင်ခြင်း မရှိဘဲနဲ့ သီးနှံများမထွက်၍ စားဝတ်နေရေးခက်ခဲခြင်း၊ ဆင်းရဲနွမ်းပါးမှုဝန်များ ပိုမိုခံစားနေ ရကြောင်း တွေ့ရှိရပါတယ်။ မိုးရေကိုသီးသန့်ထား၍ မိုးကောင်းသောက်ဒေသများမှာဆိုရင် ပုံမှန် မိုးမရွာခြင်း၊ မိုးလုံးဝမရွာခြင်းတို့ကြောင့် စိုက်ပျိုးရန် အခက်အခဲများ လည်းပဲ ကြုံတွေ့နေရပါတယ်။ မြစ်ရေတိမ်ဒေသများမှာလည်း လျှပ်စစ်မီးအခက်အခဲ၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ လျှပ်စစ်မီး ပုံမှန်မလာခြင်းတို့ကြောင့် သုံးသီးစိုက်ပျိုးရမယ်လို့ လျာထားချက်အစား နှစ်သီးပင်မစိုက်ပျိုးနိုင်ပဲ နဲ့ ဝင်ငွေနည်းပါးပြီး စားဝတ်နေရေး၊ လူမှုရေးကိစ္စများလည်း အခက်အခဲဖြစ်နေ ကြောင်းတွေ့ရှိရပါတယ်။ ဆည်ရေသောက် စိုက်ပျိုးမြေများမှာလည်း ဆည်များ တည်ဆောက်ပြီးစီးသော်လည်းပဲ ရေပေးမြောင်းအဆင့်ဆင့် မပြီးစီးသေး၍သော်လည်းကောင်း တည်ဆောက်ပြီးသွား သော်လည်းပဲ ပြုပြင်ထိန်းသိမ်းမှု အားနည်း၍ မြောင်းများ ကျိုးပေါက်ပျက်စီးနေ၍ လိုရာကို ရေမရောက်၊ မလိုသောနေရာများကို ရေများရောက်ရှိပြီး စိုက်ပျိုးမှုကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။ အထူးသဖြင့် ဤအခက်အခဲများသည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီးများမှာ ပိုမိုဖြစ်ပေါ်လျှက်ရှိကြောင်းတွေ့ရှိရ ပါတယ်။ သောက်ရေ သုံးရေ ရရှိရေးအတွက်လည်းပဲ မြစ်နားချောင်းနားအနီးမှာ တည်ရှိတဲ့ ကျေးလက်လူထု အနည်းစု ၃၀ % အတွက်သာ အဆင်ပြေနိုင်သော်လည်းပဲ လူဦးရေ ၇၀% မျှ နေထိုင်တဲ့ ကျေးရွာအများစုမှာ မြစ်ဝေးချောင်းဝေး ကုန်းတွင်းဒေသများသာ ဖြစ်သည့်အတွက် အဆိုပါကျေးရွာများရှိ လူထုအဖို့ သောက်ရေသုံးရေ ရရှိရေး အတွက် နေ့စဉ်မလုပ်မဖြစ် လုပ်ငန်း ကြီးတစ်ခုအဖြစ် ဝန်ထုပ်ဝန်ပိုး ကြီးမားစွာဖြင့် စီစဉ်ဆောင်ရွက်နေရပါတယ်။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးများအတွင်းမှာ အချို့ဒေသများမှာ နှစ်မိုင်သုံးမိုင်မှ လေးမိုင် ငါးမိုင်အထိ ဝေးသောနေရာများသို့ လူတစ်ဦး၊နွားတစ်ရှဉ်း၊ လှည်းတစ်စီး၊ ရေတစ်စည်နှင့် နေ့စဉ် မလုပ်မဖြစ်အလုပ်တစ်ခုလို သွားရောက်ပြီးတော့မှ ရေရရှိရေးအတွက် ဆောင်ရွက်လျှက် ရှိကြပါတယ်။ လက်တွေ့အားဖြင့် မကွေးတိုင်းဒေသကြီးတစ်ချို့မှာ ကျေးရွာများမှာ ဆိုလျှင် ကျွဲနွားများ အတွက်သောက်သုံးရေ ကိုပင် အခက်အခဲရှိလွန်းလှသဖြင့် နွားစားကျက်ပေါ်မှာ လူတွေ ရေချိုးပြီးတော့မှ ရေတက်ချိုးပြီးတော့မှ ကျန်တဲ့ရေကို ကျွဲနွားများသောက်သုံးရေအဖြစ် ထပ်မံအသုံးပြုရတဲ့ အခြေအနေရှိပါတယ်။ အချို့ဒေသများမှာ အလွန်ဝေးကွာသောပြင်ပနေရာများသို့ သဲချောင်းမြေများကို ယက်ယူပြီးတော့မှ စဉ့်ရေကို ရေမှုတ်ကလေးဖြင့် ခပ်ယူရတဲ့အခါ ရေတစ်အိုး ပြည့်ဖို့အတွက် အချိန်ကြာမြင့်စွာ ခပ်ယူရပါတယ်။ ဤအဖြစ်အပျက်ဟာဆိုလို့ရှိရင် မဗေဒါရေခပ် သည်ထက်တောင် ပိုမိုအချိန်ပေးရသည်များလည်း တွေ့ရှိနေရပါတယ်။ အထူးသဖြင့် ရေရရှိရေး အတွက်ကို ကလေးများကိုပါ ခိုင်းစေနေရသဖြင့် ကျောင်းပညာရေးပါ ထိခိုက်လာတာကိုလည်း တွေ့ရှိရပါတယ်။ အချို့ဒေသများမှာ သန့်ရှင်းသောရေမရရှိသဖြင့် ကျေးရွာလူထု ကျန်းမာရေး ထိခိုက်ခြင်း၊ ကူးစက်ရောဂါများခံစားရခြင်း၊ တီဘီနှင်‌့ အနာကြီးရောဂါ၊ မျက်စိရောဂါ စသည်ဖြင့် အများအပြား ဖြစ်ပွားခြင်းအထိ ကျန်းမာရေးပိုင်း‌တွေမှာ အခက်အခဲများစွာ ကြုံတွေ့လာရကြောင်း တွေ့ရှိရပါတယ်။  မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အချို့ကျေးရွာကျေးလက် ဒေသများမှာ ရေရှား ပါးလွန်းသဖြင့် ရေကိုမမြင်ရပဲ ဖုန်၊သဲ၊တံလျှပ်များကိုသာ အများဆုံးမြင်တွေ့နေရပါတယ်။ ရေရရှိ ရေးအတွက် ဂါလံတစ်ထောင်ဆိုလျှင် ပျမ်းမျှ ငွေ ၆၅၀၀ ကျပ်လောက်အထိ ဝယ်ယူအသုံးပြုနေရ ပါတယ်။ စီးပွားရေးကိုလည်း ထိခိုက်လာ ပါတယ်။ နောက်ဆက်တွဲအဖြစ် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးများပါ အခက်အခဲများကြုံတွေ့လာရတဲ့ အခြေအနေရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း ရှိ ရေရှားပါးလွန်းသော နေရာများမှာ ရေရရှိရေးအတွက် ပေတစ်ထောင်ကျော် နက်သည်အထိ တူးဖော် မှသာ ရေရရှိရတဲ့ အခြေအနေရှိတဲ့အတွက် ငွေကြေးအကုန်အကျ အလွန် များခြင်း၊ ဆည်မြောင်းမြေအောက် လက်တံများ တိမ်ကောနေမှုကို အချိန်မှီပြုပြင်ပေးနိုင်မှုမရှိ၍ ရေလုံလောက်စွာမရရှိခြင်း၊ နာဂဒေသများမှာ လည်းပဲ သောက်သုံးရေအတွက် စိမ့်စမ်းရေ ရရှိသောနေရာများကို ရှာဖွေပြီး ရေလှောင်ကန်များ တည်ဆောက်ပြီးတော့ ရေပိုက်များဖြင့် အဆင့် ဆင့်သွယ်တန်း ရယူခြင်းဖြင့် ရေရှားပါးမှုဒုက္ခကို ဖြေရှင်းနေရပါတယ်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရေနှင်‌့နီးသဖြင့် ရေကိုမြင်တွေ့နေရပြီး အလွယ်တကူရေရနိုင်ပါတယ်။ အကယ်၍ ရေဟာ ရေငန်နေသည့်တိုင်အောင် သောက်မရသော်လည်းပဲ သုံးရေအဖြစ်သုံးစွဲရင် ရနိုင်ပါတယ်။ ရေကိုမမြင်ရပဲ ဖုန်နှင့်တံလျှပ်ကိုသာ မြင်ရသည့်အညာဒေသများထက် များစွာအခြေအနေကောင်း တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

          ယခုတင်ပြခဲ့တဲ့အခြေအနေများအရ အညာဒေသများတွင် စိုက်ပျိုးရေ၊ သုံးရေ၊ သောက်ရေ မည်မျှ အခက်အခဲရှိကြောင်း သိသာထင်ရှားပါတယ်။ သို့အတွက်ကြောင့်အညာဒေသနေ ပြည်သူ များက ထမင်းအသက် ခုနှစ် ရက် ရေအသက် တစ်မနက် ဆိုသည့် စကားအတိုင်း ရွှေကိုမလို ရေကိုသာလိုသည်ဟု ပြောရခြင်း ဖြစ်ပါတယ်။ အညာဒေသများဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း စစ်ကိုင်းတိုင်း တို့မှာ နိုင်ငံတော်အစိုးရအဆက်ဆက်ကနေပြီးတော့ အမြော်အမြင်ကြီးမားစွာနဲ့ ရေရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ သောက်သုံးရေရရှိရေးများကို စေတနာအပြည့်အဝနဲ့ ဂရုတစိုက် ဆောင်ရွက်ပေးခဲ့တာလည်း ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရေလှောင်တာတမံ ၄၆ ခု၊ ရေလွှှဲဆည် ၂၃ ခု၊ ရေလှောင်ကန် ၂၄ ခု၊ ကျေးရွာဆည်တာ ၁၈၄ ခု၊ ဖွံ့ဖြိုးရေးဆည်ကန် ၂၃၂ ခု၊ မြစ်ရေတင် ၇၈ ခု၊ စက်ရေတွင်း ၁၅၇၉ ခုအထိ တည်ဆောက်တူးဖော်ပေးထားပါတယ်။ အလားတူစစ်ကိုင်းတိုင်းဒေသကြီးမှာလည်းပဲ ဆည်ရေလှောင်တမံ ၃၅ ခု၊ မြစ်ရေတင် ၆၂ ခု၊ ဆည်ငယ် ကန်ငယ် ၇၈၅ခု၊ စက်ရေတွင်း တွင်းတိမ်တွင်းနက် ၃၂၂၉ ခု အထိ တည်ဆောက်ပေး ထားပြီး ဖြစ်သလို မကွေးတိုင်းဒေသကြီးအတွင်းမှာလည်းပဲ ဆည်ရေလှောင်တာတမံ ၅၇ ခု၊ မြစ်ရေတင် ၃၁ခု၊ ဆည်ငယ် ကန်ငယ် ၁၁၀၂ခု ၊ စက်ရေတွင်း တွင်းတိမ်တွင်းနက် ၂၀၄၇ ခုအထိ တူးဖော်ပေးထားကြောင်း စာရင်းဇယားများအရ သိရပါတယ်။ ယင်းကဲ့သို့အညာကျေးလက် ဒေသ များရှိ စိုက်ပျိုးရေသုံးရေ ရရှိရေးအတွက် ဆည်မြောင်းတာတမံများ ရေနုတ်မြောင်းများ မြစ်ရေတင် များ၊ အဝီစိတွင်းများ၊ ကန်ကြီးကန်ငယ်များ၊ ချောင်းငယ်များ အမြောက်အများ ပြုလုပ်ပေးခဲ့သော် လည်း လူဦးရေများပြားသောကြောင့် ရရှိသောရေနှင့် လူဦးရေမမျှတ၍ ရေမလုံလောက်ခြင်း၊ မိုးမရွာ၍ ရေမဝင်ခြင်း၊ ရေလွှဲများမှာ ရေဝေးနေခြင်း၊ အဝီစိတွင်းများမှာလည်းပဲ ‌မြေကြီးရွေ့ရှားမှု မြေငလျင်လှုပ်ရှားမှုတို့ကြောင့် ပျက်စီးသွား၍ အသုံးပြု၍ မရတော့ခြင်း၊ ဆည်မြောင်းကန်ကြီး ကန်ငယ်များ တိမ်ကောသွားခြင်း၊ အချို့ရေတွင်းများဟာ ပထမပိုင်းမှာ တူးဖော်ကာစ ရေချိုသော် လည်းပဲ တဖြည်းဖြည်းနဲ့ ရေငန်လာပြီး နောက်ပိုင်းမှာ ရေခါးဖြစ်ကာလုံးဝသုံးမရသည့် အခြေအနေအထိသို့ ဖြစ်သွားပါတယ်။ အဆိုပါလက်ရှိအခြေအနေကို ကွင်းဆင်းလေ့လာရင် သိရှိနိုင်ပါတယ်။ သို့ပါ၍ ရေရှားပါးသော ဒေသများရှိကျေးလက် ပြည်သူများ၏ စီးပွားရေး လူမှုရေးဘဝ သင့်တင့်စွာရရှိရေးနှင်‌့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အထောက်အကူ ဖြစ်စေရန် ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေသောက်ရေသုံးရေ ရှားပါးခက်ခဲနေသည့် အခြေအနေ အားလုံးကို သိရှိပြုပြင်ဆောင်ရွက်နိုင်ရန် အထူးအဖွဲ့များ စေလွှတ်စုံစမ်း၍ တွေ့ရှိ ချက်များအပေါ် နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးရေး ဤလွှတ်တော်မှတဆင့် တိုက်တွန်းပေးပါရန် တင်ပြအပ်ပါသည် ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

Standard (Image)