ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီက ဖတ်ကြားရှင်းလင်းခြင်း

ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော် မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီက ဖတ်ကြားရှင်းလင်းခြင်း

          ဦးသိန်းထွန်းဦး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။  ။ လေးစားအပ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတာ့ အမရပူရ မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် ဦးသိန်းထွန်းဦးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်အစီရင်ခံစာအား ကော်မတီ၏ တာဝန်ပေးချက်အရ လေးစားစွာနဲ့ ဖတ်ကြားတင်ပြသွားမှာ ဖြစ်ပါတယ်။

၁။       ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးသိန်းညွန့်က ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၈ ပုဒ်မ ၃၇၈ ပုဒ်မခွဲ(က)တွင် ပြဋ္ဌာန်းထားသည့် စာချွန်တော်အမိန့် တစ်ရပ်ရပ်ဖြင့် နိုင်ငံသားများ၏ အခွင့်အရေးရရှိစေရန်အတွက် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း ကျိုးကြောင်းဖော်ပြချက်ဖြင့် တင်သွင်းသည့် ဥပဒေကြမ်း ဖြစ်ပါသည်။

၂။       ပထမအကြိမ် ပြည့်သူလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၃၇)ရက်မြောက်နေ့ အစီအစဉ် တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းသည့် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ကန့်သတ်ချက် အချို့ကို ပြင်ဆင်ပယ်ဖျက် ရန် အဆိုကို လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါသည်။

၃။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိကအန္တရာယ်မှာ လာဘ်ပေးလာဘ်ယူခြင်းအပါအဝင် အဂတိတရားလေးပါး မကင်းရှင်းခြင်းဖြစ်ရာ ထိန်းကျောင်းနိုင်ရန် အတွက် တရားရုံးများလက်စွဲတွင် ဖော်ပြထားသော ဂျူရီလူကြီးများအတွက် ကျမ်းသစ္စာကျိန်ဆို သကဲ့သို့ တရားသူကြီးများလည်း ကျမ်းသစ္စာကျိန်ဆိုနိုင်ရန်အတွက် မူလပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၆၀ ကို ပြင်ဆင်ပြီးပူးတွဲပါ ဇယား(၁) ကတိသစ္စာပြုချက်ပုံစံအတိုင်း ကတိသစ္စာပြုရန် လိုအပ်ကြောင်းကို အကျိုးအကြောင်း ဖော်ပြချက်၌ ဥပဒေကြမ်းတင်သွင်းသူ ဦးသိန်းညွန့်က ဖော်ပြ ထားပါသည်။

၄။       ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့  ၂၃-၁၁-၂၀၁၂ ရက်နေ့တွင် ဦးသိန်းညွန့် တင်သွင်းသည့်  ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပါသည်။ ယင်းသို့ ဆုံးဖြတ်ချက်အရ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် တင်သွင်းလာသည့်ဥပဒေကြမ်းအား လေ့လာစိစစ်ရန် ၁၆-၁-၂၀၁၃ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်ဥပဒေရေးဆိုင်ရာကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူ များနှင့် ညှိနှိုင်း အစည်းအဝေးအား ကျင်းပခဲ့ပါသည်။

၅။       ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် စာပိုဒ် ၅ ခု ပါရှိပြီး ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဥပဒေကြမ်းများကို လွှတ်တော်မှ စိစစ်ရမည့်အခြေခံရမည့်မူ အချက် ၁၂ ချက်နှင့်အညီ စိစစ်ခဲ့ရာ တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 

          (က)    ဥပဒေကြမ်း၏ စာပိုဒ် ၂၊ မူရင်းပုဒ်မ ၁၇ ပုဒ်မခွဲ(၁) ထိုသို့ပြန်လည် အမှတ်စဉ် ထားသည့် ပုဒ်မခွဲ(၁) နောက်၌ အောက်ပါပုဒ်မခွဲ(၂)အဖြစ် ထည့်သွင်းရမည် -

(၁)(၂) ဤဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေ  ပုဒ်မ (၃၇၈) (က)အရ နိုင်ငံသားများ အားပေးအပ်ထားသော အခွင့်အရေး တစ်ရပ်ရပ်ကို ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အာဏာ မတည်မီက ဖြစ်စေ၊ အာဏာတည်ပြီးမှဖြစ်စေ တရားရုံးတစ်ရပ်ရပ်က ချမှတ်ခဲ့သော စီရင်ချက်ကို ဒီကရီကို သို့တည်းမဟုတ် အပြီးသတ်အမိန့်ကို စာချွန်တော် အမိန့်တစ်ရပ်ရပ်ဖြင့် ပြင်ဆင်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ အခွင့်အာဏာရှိသည်ဟူ၍ အသစ်ထည့်သွင်း ပြဋ္ဌာန်းရန် ဦးသိန်းညွန့် က ဥပဒေကြမ်းတွင် ဖော်ပြထားပါသည်။

(၂)     ယင်းပြဋ္ဌာန်းချက်သည် စာချွန်တော်အမိန့်နှင့် တိုက်ရိုက်သက်ဆိုင်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ(ဂ)နှင့် ပုဒ်မ ၂၉၆ တို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အာဏာအပ်နှင်း ထားပြီး ဖြစ်ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဥပဒေတွင်လည်း စာချွန်တော်နှင့် သက်ဆိုင် သည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ လွှတ်တော်မှ လက်ခံဆွေးနွေးရန် အတည်ပြုထားသော ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းသည့် စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ပြင်ဆင် ပယ်ဖျက်ပေးရန်အဆိုမှာ ဆောင်ရွက်ရန်ကျန်ရှိနေသေးပြီး၊ အတည်ပြု ဆုံးဖြတ်ချက်ကို ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် စာချွန်တော်အမိန့် လျှောက်ထားမှုသည် တရားရုံးကိစ္စ သက်သက်သာ မဟုတ်ဘဲ အခြားသောအဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့်လည်း သက်ဆိုင်နေပါသဖြင့် ပုဒ်မ ၁၇ ပုဒ်မခွဲ(၂)ကို အတည်ပြု ပြဋ္ဌာန်းရန် မသင့်သေးပါ ကြောင်း သုံးသပ်ရရှိပါသည်။

( ခ)    ဥပဒေကြမ်း၏ စာပိုဒ် ၃၊  မူရင်းပုဒ်မ ၁၇ တွင် ထိုသို့ ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ(၂) နောက်၌ အောက်ပါပုဒ်မခွဲ(၃)အဖြစ် ထည့်သွင်းရမည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် ဤပုဒ်မအရ ဆောင်ရွက်သည့် အမှုများ၌ လိုက်နာရန်ကျင့်ထုံးကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းရမည်ဟု အသစ်ထည့်သွင်းပြဋ္ဌာန်းရန် ဦးသိန်းညွန့်က ဥပဒေကြမ်းတွင် ဖော်ပြထားပါသည်။ ယင်းပြဋ္ဌာန်းချက် သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဥပဒေပုဒ်မ ၇၃ တွင် ပါရှိပြီးဖြစ်၍ ထပ်မံဖြည့်စွက်ရန် မလိုအပ်ပါကြောင်း တွေ့ရှိရပါသည်။

(ဂ) ဥပဒေကြမ်း၏စာပိုဒ် ၄၊ မူရင်းပုဒ်မ ၆၁ တွင် ထိုသို့ ပြန်လည်အမှတ်စဉ်ထားသည့် ပုဒ်မခွဲ(၁)နောက် ၌ အောက်ပါအတိုင်း ပုဒ်မခွဲ(၂)အဖြစ် ထည့်သွင်းရမည် -

(၁)     ပြည်ထောင်စုတရားရုံးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့တည်းမဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး များ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ ဥပဒေအရ တည်ထောင်သောအခြားရုံးမှ တရားသူကြီးများသည် တရားခွင်တက်တိုင်း ပြည်သူ့ရှေ့မှောက်၌ ဇယား(၁)တွင် ဖော်ပြထားသည့် အတိုင်း ကတိသစ္စာ ပြုရမည်ဟူ၍ အသစ်ထည့်သွင်း ပြဋ္ဌာန်းရန် ဦးသိန်းညွန့်၏ ဥပဒေကြမ်းတွင် ဖော်ပြထားပါသည်။

(၂)     ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများသည် စတင်တာဝန်ထမ်းဆောင်စဉ် ကတည်းက ကတိသစ္စာပြု၊ ကျမ်းသစ္စာကျိန်ဆိုပြီး သူများဖြစ်ပြီး နေ့စဉ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နေ့စဉ်ကတိသစ္စာပြုရန်မှာ အခက်အခဲရှိနိုင်ပါသည်။ သို့ရာတွင် ကတိသစ္စာ မပြုရသေးသော တရားသူကြီးများအတွက် ကတိသစ္စာပြုနိုင်ရေး ဆောင်ရွက် ပေးရန်လည်း လိုအပ်ပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ပြင်ဆင်ပြဋ္ဌာန်း သင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။

(၃)     ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ကျမ်းသစ္စာ မကျိန်ဆိုရသေးသော တရားသူကြီးများ ကျမ်းသစ္စာပြုရေး စီစဉ်ဆောင်ရွက်ပေးရမည်။ လိုအပ်ပါက တရားခွင်တွင် ပြည်သူ့ရှေ့မှောက်၌ ကျမ်းသစ္စာပြုရေး စီစဉ် ဆောင်ရွက်ပေး ရမည်ဖြစ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော်တို့ ဖြန့်ဝေထားတဲ့ အစီရင်ခံစာမှာ Typing Error ဖြစ်တဲ့ အတွက် ကျွန်တော့်၏ ဖတ်ကြားချက်အတိုင်း အတည်ပြုနိုင်ရန်အတွက် ကျွန်တော်လေးစားစွာ ကြားဖြတ် တင်ပြအပ်ပါတယ်။

(ဃ)    ဥပဒေကြမ်း၏ စာပိုဒ် ၅ ၌ အဆိုပါဥပဒေအပိုဒ် ၆၇ တွင် အောက်ပါအတိုင်း ထည့်သွင်း ရမည်။ အပိုဒ်(၆၇) ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ သည် ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများနှင့်ပတ်သက်၍ ဤဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့်အမှုများ စစ်ဆေးရာတွင် ကြန့်ကြာမှု မရှိစေရေးတို့ အတွက် ပြည်ထောင်စု တစ်ဝှန်းလုံးရှိ အကျဉ်း စခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများအား အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်စစ်ဆေးကြည့်ရှုရမည်။ အပိုဒ်(၆၈) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများနှင့် ခရိုင် တရားသူကြီးများသည် ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့် အမှုများ စစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး တို့အတွက် မိမိတို့စီရင်ပိုင်ခွင့်ရှိရာဒေသ အတွင်းရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများအား အနည်းဆုံး(၆)လတစ်ကြိမ် စစ်ဆေးကြည့်ရှု့ရမည်ဟူ၍ အသစ်ဖြည့်စွက် ပြဋ္ဌာန်းရန် ဦးသိန်းညွန့်က ဥပဒေကြမ်း တွင် ဖော်ပြထားပါသည်။ ဦးသိန်းညွန့်၏ ဖော်ပြချက်သည် ခေတ်ကာလနှင့်ကိုက်ညီနေပြီး ပြည်သူတို့၏ လိုလားချက်များနှင့်လည်း ညီညွတ်မှု ရှိပါသဖြင့်၊ ဖြည့်စွက်ပြဋ္ဌာန်းသင့်ကြောင်း သုံးသပ်ရရှိပါသည်။

၆။       သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသော ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါရှိသည့် စာပိုဒ် ၄ ကို စကားရပ်ပြင်ဆင်၍လည်းကောင်း၊ စာပိုဒ် ၅ ကို ထောက်ခံ၍လည်းကောင်း၊ လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်း သင့်ပါကြောင်း ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ကြပြီး၊ နည်းဥပဒေ ၄၅ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံ တင်ပြ အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

Standard (Image)