ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၏ အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးစိုးညွန့်(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်တင်သွင်းတဲ့ ပြည်သူများ ယုံကြည်ကိုးစားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေးဖြစ်ထွန်းစေရန် အတွက် တရားသူကြီးများ၊ အမှုသည်နှင့်သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေးအဆိုနှင်‌့ပတ်သက်ပြီး ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့အဆိုမှာ ကျမ်းသစ္စာကျိန်ဆိုရမယ့် ပုဂ္ဂိုလ်အမျိုးအစား ၃ မျိုးခွဲခြားပြီးတော့ တင်ပြသွား ပါတယ်။ အဲဒါကတော့ တရားသူကြီးများ အမှုသည်နှင့်သက်သေများဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှေးဦးစွာ အမှုသည်နှင့်သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေးနှင့် ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြ ပါမယ်ခင်ဗျား။ အမှုသည်နှင့်သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေးနှင့်ပတ်သက်ပြီးတော့ ကျမ်းသစ္စာ ကျိန်ဆိုရေးအက်ဥပဒေဆိုတာ ကျွန်တော်တို့ ပြဋ္ဌာန်းပြီးရှိပါတယ်။ The Oat Act လို့ခေါ်ပါတယ်။ The Oat Act ပုဒ်မ ၅ မှာ သက်သေများ ဂျူရီလူကြီးများ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ပြဋ္ဌာန်းထား ပါတယ်။ ထိုနည်းတူပဲ The Oat Act ကို မီပြီးတော့ပဲ တရားရုံးများလက်စွဲအပိုဒ် ၇၃ ကနေ ၇၅ အထိ မှာလည်း သက်သေများ၊ ဂျူရီလူကြီးများ ကျမ်းသစ္စာကျန်ဆိုရေး၊ ကတိသစ္စာပြုရေးတို့နှင့်စပ်လျဉ်း ပြီးတော့ ပြဋ္ဌာန်းထားချက်များ ရှိပါတယ်။ အပိုဒ် ၇၅ မှာလည်း ခုနက ဦးဝင်းမြင့်တင်ပြသွားတဲ့ အတိုင်းပဲ သက်သေများ ကျမ်းကျိန်ဆိုတဲ့နေရာမှာ ဘာသာဝင်အသီးသီးအတွက် လိုက်နာရမယ့် နမူနာ ပုံစံကျမ်းသစ္စာ ကျမ်းကျိန်ဆိုတဲ့ပုံစံများကိုလည်း ထည့်သွင်းဖော်ပြ ထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် တရားရုံးများကလည်း သက်သေများ ကျမ်းသစ္စာ ကျိန်ဆိုခြင်းနှင့် ပတ်သက်ပြီးတော့ တရားရုံးချုပ်က The Oat Act ရယ် ကျွန်တော်တို့ တရားရုံးများလက်စွဲအပိုဒ် ၇၃ ကနေ ၇၅ အထိမှာပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာတရားရုံးအသီးသီးကို ညွှန်ကြားချက်များကို ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်းလည်း တင်ပြအပ်ပါတယ်။ ထိုနည်းအတူပဲ တရားရုံးအသီးသီးမှာလည်း အမှုသည်နှင့် သက်သေများကို လက်ရှိအားဖြင့်လည်း တရားရုံးမှာ အမှု စစ်ဆေးတဲ့အခါမှာ ကျမ်းထုပ်ကိုင်ဆောင်စေပြီးတော့ ကျမ်းသစ္စာ ကျိန်ဆိုပြီးမှသာလျှင် အမှုများကို စီရင်ဆုံးဖြတ်လျက်ရှိပါကြောင်း The Oat Act နှင့် တရားရုံးများလက်စွဲပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်းကို တင်ပြအပ်ပါတယ်။

          ဒီနေရာမှာ ကျွန်တော်တို့တင်ပြချင်တဲ့အချက်တစ်ချက်ကတော့ ကျွန်တော်တို့ ခုနက ကိုယ်စားလှယ်ကြီး ဦးဝင်းမြင့် တင်ပြသွားသလိုပါပဲ ကျွန်တော်တို့ ကျမ်းသစ္စာဥပဒေမှာ ဟိန္ဒူဘာသာ ဝင်၊ မဟာမေဒင်ဘာသာဝင်ဖြစ်တဲ့ သက်သေတွေ၊ ဂျူရီလူကြီးတွေကိုတော့ ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုရဘဲ ကျမ်းသစ္စာကျိန်ဆိုမယ့်အစား ကတိသစ္စာ ပြုစေရမယ်လို့ လည်းကောင်း နောက်တစ်ခါ မည်သည့်ဘာသာဝင်ဖြစ်စေကာမူ ဂျူရီလူကြီး သက်သေတို့ကို ကျမ်းသစ္စာ ကျိန်ဆိုခြင်းမပြုလို့လို့ ငြင်းဆိုလာရင်တော့ ကတိသစ္စာပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီပြဋ္ဌာန်းချက်ကတာ့ ဥပဒေ အရ ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် ဒီပြဋ္ဌာန်းချက်က အတည်ဖြစ်ပြီးတော့ အဲဒါကို လိုက်နာရမှာ ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ တရားရုံးများအနေနဲ့ကတော့ သက်သေများ ကျမ်းသစ္စာကျိန်ဆိုတာ ကိုပိုမိုပြီးတော့ လိုလားပါတယ်။ သက်သေများက ကျမ်းသစ္စာကျိန်ဆိုတဲ့အတွက် တရားရုံးများမှာ သက်သေထွက်တဲ့ အခါမှာလည်း အမှန်တရားကို ပိုမိုပြီးတော့ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်တွေ့အားဖြင်‌့ တရားစီရင်တဲ့နေရာမှာ သက်သေများက ကျမ်းသစ္စာကျိန်ဆိုကြပါတယ်။ ကတိ သစ္စာပြုဖို့ ကျမ်းသစ္စာ ကျိန်ဆိုရန်ငြင်းဆိုပြီးတော့ ကတိသစ္စာပြုလိုတယ်လို့ တင်ပြတာကတော့ သိပ်မရှိ သလောက်နည်းပါတယ်လို့ တင်ပြလိုပါတယ်။ အဲဒီတော့ ဘယ်လိုပဲမည်သို့ပင်ဖြစ်စေကာမူ ကျွန်တော် တရားရုံးများအနေနဲ့ကတော့ ကျမ်းသစ္စာဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်များနဲ့ တရားရုံးများလက်စွဲမှာ ပါတဲ့ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာပြီးတော့က သက်သေများစစ်ဆေးတဲ့အခါမှာ အမှုသည်များကို စစ်ဆေးတဲ့အခါမှာ ဥပဒေနှင့်အညီ ကျမ်းသစ္စာကိုင်ဆောင်ပြီးတော့ ဆောင်ရွက်လျက်ရှိပါကြောင်းကို ပထမပိုင်းအနေနဲ့ တင်ပြအပ်ပါတယ်။

          ဆက်လက်ပြီးတော့ တင်ပြလိုတဲ့အချက်ကတော့ တရားသူကြီးများ အမှုစစ်ဆေးတဲ့နေရာမှာ တရားခွင်တက်တဲ့အခါမှာ ကျမ်းသစ္စာကျိန်ဆိုဖိုဆိုတဲ့အဆိုပြုချက်ဖြစ်ပါတယ်။ ဒီအဆိုပြုချက်နှင့် ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြရမယ်ဆိုရင်တော့ တည်ဆဲဥပဒေဖြစ်တဲ့ The Oat Act ဆိုတဲ့ ကျမ်းသစ္စာကျိန်ဆိုရေးဥပဒေမှာတော့ တရားသူကြီးများက ကျမ်းသစ္စာကျိန်ဆိုရမယ်လို့ ပြဋ္ဌာန်းထား ချက်မရှိပါဘူး။ သို့သော်လည်းပဲ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့က တရားသူကြီးများက ကျမ်းသစ္စာ ကျိန်ဆိုသင့်တယ်လို့ယူဆတဲ့အတွက် သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်တဲ့ ဥပဒေကြမ်းတစ်ရပ် တင်သွင်းထားတာ ရှိပါတယ်။ အဲဒါက ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ ဖြစ်တဲ့ ၂၃-၁၁-၂၀၁၂ ရက်နေ့က တင်သွင်းခဲ့ပါတယ်။ အဲဒီတော့ အဲဒီဥပဒေကြမ်းမှာတော့ ပြည်ထောင်စုတရားရုံးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော်ချုပ်နှင့် တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရတည်ထောင်တဲ့အခြားရုံးမှ တရားသူကြီး များဟာ တရားခွင်တက်တိုင်း ပြည်သူ့ရှေ့မှောက်မှာ ဇယား(၁) မှာဖော်ပြထားတဲ့အတိုင်း ကတိ သစ္စာပြုရမယ်လို့ ပြဋ္ဌာန်းဖို လိုတယ်အကြောင်းကို တင်ပြထားတာရှိပါတယ်။ အဲဒီတော့ အဲဒီဥပဒေကြမ်းကိုလည်း ဒီနေ့မှာပဲ ဒီဥပဒေကြမ်းနှင့် ပတ်သက်ပြီးတော့ကာ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းဖို့လည်းရှိပါတယ်။ ဒါကြောင့် တရားသူကြီးများ ကျမ်းသစ္စာကျိန်ဆိုရေးနှင့် ပတ်သက်ပြီးတော့ ဒီနေ့ တင်ပြတဲ့ဦးဝင်းမြင့်ရဲ့အဆိုကို ဦးသိန်းညွန့် တင်သွင်းတဲ့ ပြည်ထောင်စုတရား စီရင်ရေးကို ပြင်တဲ့ဥပဒေကြမ်းမှာ တစ်ပါတည်း ဆွေးနွေးဆုံးဖြတ်မှာဆိုလို့ရှိရင် တစ်ခါတည်း အကျုံး ဝင်ပြီးတော့ အဆင်ပြေနိုင်တဲ့အကြောင်းလည်းတင်ပြပါတယ်။

     ဆက်လက်ပြီးတော့ ဒီနေ့ ဦးဝင်းမြင့်တင်ပြသွားတဲ့အတွက် အဲဒါလေးကို အရင် ပထမ ကိုယ်စားလှယ်တော်ကြီးများက စဉ်းစားချင့်ချိန်နိုင်အောင် ပြန်လည်တင်ပြရမယ်ဆိုလို့ရှိရင် တရားသူကြီးများ တရားခွင်တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရမယ်ဆိုပြီးတော့ ဥပဒေကတော့ မြန်မာနိုင်ငံ မှာပြဋ္ဌာန်းထားခြင်း မရှိသေးပါဘူး။ သို့သော်လည်း ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးစဉ်တုန်းက ဒီတရားသူကြီးများဟာ နိုင်ငံတော်သမ္မတကြီးရဲ့ ရှေ့မှောက်မှာ ကျွန်တော်တို့ ကျမ်းကျိန်ဆိုခဲ့တာ ရှိပါတယ်။ အဲဒီတော့ ပေးအပ်တဲ့ တာဝန်ဝတ္တရားများကို မှန်ကန်စွာဆောင်ရွက်ပါမယ်။ အဂတိ လိုက်စားခြင်းမရှိဘဲ မှန်ကန်စွာဆောင်ရွက်ပါမယ် ဆိုပြီးတော့ ကျွန်တော်ျတို့ ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ရှိပါတယ်။ ထိုနည်းအတိုင်းပဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တရားသူကြီးများကလည်း တိုင်းဒေသကြီး တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးစဉ်အခါမှာ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရဲ့ရှေ့မှောက်မှာ ကျိန်ဆိုခဲ့ပြီးွဖစ်ပါတယ်။ အဲဒီလို ကျမ်းသစ္စာကျိန်ဆိုခဲ့တာဟာ တရားသူကြီးတာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ မိမိတို့ရဲ့တာဝန်ဝတ္တရားများကို ဘက်လိုက်မှုမရှိဘဲ မှန်ကန်စွာဆောင်ရွက်ပါမယ်လို့ ပဋိညာဉ်ပြု ရာရောက်ပါတယ်။ ဒီပဋိဉာဉ်ဟာဆိုလို့ရှိရင် ဒီတရားသူကြီးတာဝန်ထမ်းဆောင်တဲ့ သက်တမ်းတစ်ခုလုံး အတွက် အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။ နိုင်ငံတော်က ဒီလိုကြီးလေးတဲ့တာဝန်များကို ပြည်ထောင်စုတရားသူကြီး၊ တိုင်းဒေသကြီး တရားသူကြီး စသည်ဖြင့် ကြီးလေးတဲ့တာဝန်ဝတ္တရားများကို ယုံကြည်စွာနှင့် ခန့်အပ်တာဝန်ပေးခဲ့ပြီး ဖြစ်တဲ့အတွက် တရားသူကြီးများကျိန်ဆိုတဲ့ ကျမ်းကျိန် ဆိုချက်ကိုလည်း ထမ်းဆောင်တဲ့ သက်တမ်း တစ်လျှောက်လုံး အတွက် လေးစားလိုက်နာမယ်လို့ ယုံကြည် ရာရောက်ပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နမူနာတင်ပြရမယ်ဆိုလို့ရှိရင် တခြားနှိုင်းယှဉ်တင်ပြရမယ် ဆိုလို့ရှိရင်လည်း ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေဟာလည်း နိုင်ငံတော်သမ္မတကြီးရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးဖြစ်တဲ့ အတွက် နေ့စဉ်အလုပ် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် နေ့စဉ်နှင့်အမျှ ကျမ်းသစ္စာကျိန်ဆိုရန် မလိုသကဲ့သို့ ဖြစ်ပါတယ်။

  နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၅ အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ လည်းပဲ ပြည်သူ့လွှတ်တော် သဘာပတိရှေ့မှောက်မှာ တစ်ကြိမ်သာကတိသစ္စာပြုကြရပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်နေတဲ့ အချိန်တိုင်းမှာ နေ့တိုင်းမှာ ကတိသစ္စာ မပြုကြပါဘူး။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ တရားလွှတ်တော်ရှေ့နေ များကလည်း တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြု လက်မှတ်ခံယူတဲ့ပွဲမှာ တစ်ကြိမ်ပဲ ကျမ်းသစ္စာ ကျိန်ဆိုရပါတယ်။ တရားခွင် ရှေ့မှောက်မှာ အမှုလိုက်ပါဆောင်ရွက်တိုင်း ကတိသစ္စာပြုရန် မလိုကြောင်း တွေ့ရပါတယ်။ ထိုနည်း လည်းကောင်း ဆရာဝန်များ စသဖြင့် ခန့်အပ်တဲ့အခါမှာလည်း တစ်ကြိမ်သာလျှင် ကတိသစ္စာပြုတာ တွေ့ရပါတယ်။ စစ်တရားရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်ပတ်သက်ပြီးတော့ စစ်တရားရုံးထိုင်တဲ့ အခါမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ကိစ္စကိုတင်ပြလိုပါတယ်။ စစ်တရားရုံးမှာ စစ်တရားရုံးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက တရားရုံးထိုင်တယ်ဆိုတာဟာ စစ်တရားရုံးဖွဲ့စည်း နိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်က ခန့်အပ်တာဝန်ပေးတဲ့ အခါမှာ တရားရုံးဖွဲ့စည်းပြီးတော့ ရုံးထိုင်တာဖြစ်ပါတယ်။ စစ်တရားရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဟာ နယ်ဖက်တရားစီရင်ရေးကဲ့သို့ အမြဲတမ်းတရားသူကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးခြင်းမဟုတ်ပါဘူး။ ဒါကြောင့် စစ်တရားရုံး ရုံးထိုင်ရန်အတွက် စစ်ဖက် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးတဲ့အခါမှသာ စစ်ဖက်တရားသူကြီးအဖြစ်တာဝန်ဝတ္တရား များကို ဆောင်ရွက်ရပါတယ်။ အဲဒီတော့ မိမိတာဝန်ဝတ္တရားကို ဆောင်ရွက်ပြီးတဲ့အခါမှာ မူလ စစ်ဖက်ဆိုင်ရာ တာဝန်များကို ပြန်လည်ထမ်းဆောင်ရပါတယ်။ ဒါကြောင့် စစ်ဖက်တရားသူကြီးများဟာ စစ်တရားရုံးများမှာ ကျမ်းသစ္စာပြုတယ်၊ ကတိသစ္စာပြုတယ်ဆိုတာဟာ ဒီသူ့ရဲ့သက်တမ်း၊ တရားသူကြီးသက်တမ်းအတွင်းမှာ တစ်ကြိမ်သာလျှင် သစ္စာပြုရာရောက်ပါတယ်။ ဒါနဲ့ပတ်သက် ပြီးတော့  ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေပုဒ်မ ၁၃၄ (၁)မှာလည်း အတိအကျပြဋ္ဌာန်းထားတာကတော့ စစ်ဥပဒေအရာရှိ တစ်နည်းအားဖြင့် စစ်တရားရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဟာ ရှေ့နေများနှင့် သက်သေများ အမှုစစ်ဆေးခြင်းမစတင်မီ ကျမ်းသစ္စာကျိန်ဆိုရပြီးတော့ ဆက်လက်ရုံး ထိုင်တဲ့နေ့မှားမှာ နေ့တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန်မလိုကြောင်း အတိအလင်းပြဋ္ဌာန်းထားတာကို တင်ပြအပ်ပါတယ်။

          တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်လည်း သူဟာ ဒီတစ်မှုအတွက်သာလျှင်မဟုတ်ဘဲနဲ့ သူ့ရဲ့ တရားသူကြီးအဖြစ် ခန့်အပ်တဲ့သက်တမ်းအတွက် တစ်ကြိမ်သာလျှင် ကျမ်းသစ္စာကျိန်ဆိုရမယ်လို့ ကျွန်တော်တို့ ပြဋ္ဌာန်းရာရောက်ပါတယ်။ ဒါကြောင့်မို့လို့ ချုံပြီးတော့ တင်ပြရမယ်ဆိုရင် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးနှင့် တရားသူကြီးများဟာ တရားသူကြီးအဖြစ် ခန့်အပ်တာဝန် ပေးစဉ်က နိုင်ငံတော်သမ္မတရှေ့မှောက် မှာလည်းကောင်း၊ တိုင်းဒေသကြီးပြည်နယ် လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်မှာလည်းကောင်း ကျမ်းသစ္စာကျိန်ဆိုပြီး ဖြစ်တဲ့အတွက် တရားခွင်တက်တိုင်း နေ့စဉ်နှင့်အမျှ ကျမ်းသစ္စာကျိန်ဆိုရန် မလိုတော့ပါကြောင်း ရှင်းလင်းတင်ပြလိုပါတယ်။ အလျဉ်းသင့်၍ နမူနာကိုတင်ပြရမယ်ဆိုရင် ၁၉၄၀ ပြည့်နှစ်တုန်းက လာဘ်ပေးလာဘ်ယူ အကတိလိုက်စား စုံစမ်းရေး ကော်မရှင်ဆိုတာ ဖွဲ့စည်းခဲ့တာရှိပါတယ်။ အဲဒီ လာဘ်ပေးလာဘ်ယူ အကတိလိုက်စား စုံစမ်းရေး ကော်မရှင်ရဲ့အစီရင်ခံစာမှာ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ တင်ပြချက်ကလေး အစီရင်ခံစာမှာ မှတ်ချက်ပြုတာလေးကို အလျဉ်းသင့်၍ တင်ပြလိုပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတာ ကတော့ ကျမ်းကျိန်တဲ့ကိစ္စနှင့်ပတ်သက်ပြီးတော့ အချက်တစ်ရပ်ကိုတင်ပြလိုပါတယ်။ အစီရင်ခံစာ အပိုဒ် ၁၃၉ မှာ တရားသူကြီးဟာ ဆိုင်ရာနေ့စဉ်အလုပ်ကို စတင်ဆောင်ရွက်တဲ့အခါတိုင်း ကျမ်းသစ္စာကျိန်ဆို ရပါမူ ၎င်းကျမ်းသစ္စာကျိန်ဆိုခြင်းမှာ အဖိုးမတန်ဖြစ်သွားလိမ့်မည်ဟု ကျွန်ုပ်တို့ထင်မြင်ပါကြောင်း ရထားလက်ခံပြီး ပထမဦးဆုံးအကြိမ် ကျမ်းသစ္စာကျိန်ဆိုရန်အတွက်သာ ဆောင်ရွက်သင့်သည်ဟု ယူဆ ပါကြောင်းဆိုပြီးတော့ ထောက်ခံတင်ပြထားတာကို ကျွန်တော်တို့ တွေ့ရှိရဘူးပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း တရားစီရင်ရေး တရားရုံးများ ဖွဲ့စည်းချိန် ကစပြီးတော့ ယခုချိန်ထိအောင် တရားသူကြီးများ ကျမ်းကျိန်ဆိုတာဟာ မရှိခဲ့တာဖြစ်ပါကြောင်းကို လည်း အလျဉ်းသင့်လို့ တင်ပြလိုပါတယ်။

          ဆက်ပြီးတော့ တင်ပြရမယ်ဆိုရင် ကျွန်တော်ျတို့ ကျမ်းသစ္စာမကျိန်ဆိုရသေးတဲ့ တရားသူကြီး များရှိပါသေးတယ်။ ကျမ်းသစ္စာမကျိန်ဆိုရသေးတဲ့ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ ကတော့ ကျမ်းသစ္စာမကျိန်ဆို ရသေးပါဘူး။ အဲဒီတော့ သက်ဆိုင်ရာ ကျမ်းသစ္စာမကျိန်ဆိုရသေးတဲ့ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီး များကတော့ သက်ဆိုင်ရာတိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ရဲ့ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ကျွန်တော်တို့ စီစဉ်ပေးနိုင်ပါတယ်။ အဲဒီလို ကျမ်းသစ္စာကျိန်ဆိုမယ်ဆိုလို့ရှိရင်တော့ တစ်ကြိမ် ကျမ်းသစ္စာကျိန်ဆိုပြီးပြီဆိုလို့ရှိရင်တော့ လုံလောက်မယ်လို့ယူဆပါကြောင်းကို တင်ပြလိုပါတယ်။ ဒါကြောင့် ချုံပြောရမယ်ဆိုလို့ရှိရင် ဒီနေ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်တင်ပြတဲ့ အဆိုနှင့်စပ်လျဉ်းပြီးတော့ မှတ်တမ်းတင်ထားရန် သင့်ပါကြောင်းကို တင်ပြအပ်ပါတယ်ခင်ဗျား။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ အဆိုရှင် ဦးဝင်းမြင့်ရဲ့ သဘောထားသိလိုပါတယ်။

          ဦးဝင်းမြင့်(ပုသိမ်မဲဆန္ဒနယ်)။ ။ ခုနက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား    သူကြီးမင်း ရှင်းသွားတဲ့အထဲမှာ တရားရုံးအသီးသီးကို ကျမ်းသစ္စာကျိန်ဆိုဖို့ အမှုသည်တွေ၊ သက်သေတွေကို ညွှန်ကြားထားပါတယ်။ နောက်တစ်ခါ လိုက်ပါဆောင်ရွက် လျက်လည်းရှိပါတယ်လို့ ပြောသွား တာကြားရပါတယ်။ အဲဒါလေးကို သေသေချာချာ ထိထိမိမိ ညွှန်ကြားချက်အတိုင်း အောက်ခြေတွေမှာ လိုက်ပါဆောင်ရွက်လျက်ရှိအောင် ဆက်လက်ပြီးတော့ ကြပ်ကြပ်မတ်မတ် ကြိုးစားပြီးဆောင်ရွက် ပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးတွေကို ကော်မတီအနေနဲ့ သွားတဲ့အခါမှာ ကျွန်တော်တို့ရှေ့မှာပါပဲ ဒီလိုမရှိတာကို ကျွန်တော်တို့ကတွေ့လို့ ဒီအဆိုကို ကျွန်တော်တို့က တင်သွင်း ခဲ့ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက သက်သေများ၊ အမှုသည်များက ကျမ်းသစ္စာကျိန်ဆိုရန် လိုလား တယ်။ အမှုသည်တွေလည်း ကျိန်ကြပါတယ်ဆိုတော့ ဆက်ပြီးတော့ ဒီအတိုင်းပဲဖြစ်အောင် ဖြစ်စေချင် ပါတယ်။ နောက်တစ်ခါ တရားသူကြီးများအပိုင်းကတော့ ခရိုင်နှင့် မြို့နယ်မှာ တရားသူကြီးတွေ ကျမ်းသစ္စာမကျိန်ရသေးတဲ့ ပုဂ္ဂိုလ်တွေကို ကျမ်းသစ္စာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးရဲ့ရှေ့မှာ ကျိန်ဆိုပေးမယ်ဆိုရင် အဆင်ပြေမယ့် အနေအထားရှိပါတယ်။  နောက်တစ်ခု ကလည်း ခုနက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နှင့်တကွ တရားသူကြီးများ၊ နောက်တစ်ခုက ပြည်နယ်နှင့်တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်တကွ တရားသူကြီးများကလည်း ခုနကပြောသလို တရားသူကြီးတွေဖြစ်တိုင်း ကျမ်းသစ္စာကျိန်ဆိုရမယ်လို့ ပြဋ္ဌာန်းထားခြင်း မရှိတာ တော့မှန်ပါတယ်။ ဒါပေမယ့် အခြေအနေအချိန်အခါအရ လိုအပ်လာတာမို့လို့ကျွန်တော်လည်း ဒီအဆို တင်တာွဖစ်ပါတယ်။ အဲဒီတော့ ဒီတရားသူကြီးများကလည်း ကတိသစ္စာပြုတာမဟုတ်ဘဲနဲ့ တစ်ကြိမ် တစ်ခါကတော့ ခုနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီးတော့ ဆက်လက်ပြီးတော့ ပြုလုပ်ပေးဖို့လိုလားပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့ ဒီအဆိုကို ဆက်လက်အကောင်အထည် ဖော် ခုနကပြောတဲ့အတိုင်း ဆောင်ရွက်ပေးမယ်ဆိုရင် မှတ်တမ်းတင်ထားတာကိုလည်း ကျွန်တော် သဘောတူပါတယ်လို့ပြောကြားရင်း အားလုံးကိုကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးဝင်းမြင့်တင်သွင်းတဲ့အဆိုနှင့် ပတ်သက်ပြီး တရားလွှတ်တော်ချုပ် တရားသူကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးတဲ့အပေါ်မှာ ဦးဝင်းမြင့်ကလည်း ဒီလိုအဆိုပြုမှုကို မှတ်တမ်းတင်ထားရှိပြီးဆက်လက်ဆောင်ရွက်ပေးရန်ဆိုတဲ့ သဘောထားပါတဲ့ တင်ပြချက်တင်ပြခဲ့ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကို မေးမြန်းတင်ပြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးဝင်းမြင့် တင်သွင်းတဲ့အဆိုနှင့် စပ်လျဉ်းပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်တစ်ပါတည်း ရယူဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဦးဝင်းမြင့်တင်သွင်းသွားတဲ့ အဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားရှိ ဆက်လက် ဆောင်ရွက်ရန် လွှတ်တော်ကသဘောတူပါသလား ခင်ဗျား။

          [သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

          ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်ကသဘောတူတဲ့အတွှက် ဦးဝင်းမြင့်ရဲ့အဆိုကို မှတ်တမ်းတင်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာပါတယ်။ (သြဘာသံများ) 

Standard (Image)